ယူကရိန်း၏ ရေနံပိုက်လိုင်း ပိတ်ဆို့မှုအပေါ် စလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့၏ စိုးရိမ်မှုနှင့် တင်းမာမှုများ မြင့်တက်လာ

News Image

  • ယူကရိန်း၏ ရေနံပိုက်လိုင်း ပိတ်ဆို့မှုအပေါ် စလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့၏ စိုးရိမ်မှုနှင့် တင်းမာမှုများ မြင့်တက်လာ

စလိုဗက်ကီးယားနိုင်ငံအတွက် ရုရှားရေနံတင်သွင်းရာတွင် အသက်သွေးကြောသဖွယ် အရေးပါသည့် ဒရူဇ်ဘာ (Druzhba) ရေနံပိုက်လိုင်းကို ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးအနေဖြင့် မည်သည့်အခါမျှ ပြန်လည်ဖွင့်လှစ်ပေးတော့မည်မဟုတ်ကြောင်း စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ်ဖီကိုက တရားဝင် ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းတွင် ယူကရိန်းဘက်က ရုရှား၏ ဒရုန်း တိုက်ခိုက်မှုကြောင့် ပိုက်လိုင်းပျက်စီးသွားခဲ့ရသည်ဟုဆိုကာ ရေနံစီးဆင်းမှု ကို ရပ်တန့်ခဲ့သော်လည်း ဘရာတီစလာဗာနှင့် ဘူဒါပက်စ်တို့ကမူ ယင်းပြောဆိုချက်ကိုငြင်းဆန်ကာ ယူကရိန်း၏ နိုင်ငံရေးအရ အကျပ်ကိုင် ခြိမ်းခြောက်မှုတစ်ခုသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ဝန်ကြီးချုပ်ဖီကိုက အဆိုပါဖြစ်ရပ်သည် ယူကရိန်းအပေါ် စစ်ရေးအရ ငွေကြေးထောက်ပံ့ခြင်းကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေးကိုသာ လိုလားသည့် စလိုဗက်ကီးယားနှင့် ဟန်ဂေရီတို့၏ ရပ်တည်ချက်ကြောင့် ဇီလန်စကီး က ၎င်းတို့အား အပြစ်ပေးခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ထို့အပြင် ပိုက်လိုင်းအခြေအနေကိုစစ်ဆေးရန်အတွက် အချက်အလက်ရှာဖွေရေး အဖွဲ့ စေလွှတ်ခွင့်မရရှိခြင်းအပေါ် ဥရောပသမဂ္ဂ (EU) ၏ မူဝါဒကိုလည်း ၎င်းက ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ EU အနေဖြင့်ယူကရိန်းအပေါ် ကြီးမားသည့်ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးနိုင်သည့် အခွင့်အရေးရှိသော်လည်း တမင်သက်သက် ရှောင်လွှဲနေပြီး ယူကရိန်း၏ အကျိုးစီးပွားကိုသာ ဦးစားပေးနေကြောင်း ဝန်ကြီးချုပ် ဖီကိုက ထောက်ပြ ပြောဆိုခဲ့သည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ကလည်း ယူကရိန်းအစိုးရသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန်အတွက်သာ ယခုကဲ့သို့ စစ်ဆေးခွင့်များကို တားဆီးနေခြင်းဖြစ်သည်ဟု သုံးသပ်ထားသည်။ 

ယူကရိန်း၏ EU နှင့် NATO အဖွဲ့ဝင်ဖြစ်လာရေးကို ကန့်ကွက်ထားခြင်းနှင့် ရုရှား-ယူကရိန်း ပဋိပက္ခတွင် စစ်ရေးအရ ငွေကြေးထောက်ပံ့ရန် ငြင်းဆန်ထားခြင်းတို့ကြောင့် ဟန်ဂေရီနှင့် စလိုဗက်ကီးယား နိုင်ငံတို့သည် ယူကရိန်းနှင့် သံတမန်ရေးရာတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ လက်ရှိတွင် အဆိုပါပိုက်လိုင်းပြဿနာသည် အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြား စွမ်းအင်လုံခြုံရေးနှင့် နိုင်ငံရေးရပ်တည်ချက်တို့အပေါ် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂