အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာအဖွဲ့အစည်းများကို ‘နိုင်ငံတော် သစ္စာဖောက်မှု’ ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မီဒီယာအဖွဲ့အစည်းများကို ‘နိုင်ငံတော် သစ္စာဖောက်မှု’ ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့၏ အပြတ်အသတ်အောင်နိုင်မှုကို သံသယဖြစ်စေရန်ရည်ရွယ်ပြီး အီရန်နိုင်ငံ နှင့်ပူးပေါင်းကြံစည်နေသည်ဟုစွပ်စွဲကာ မီဒီယာအဖွဲ့အစည်းများကို နိုင်ငံတော်သစ္စာဖောက်မှု (Treason) စွဲချက်များဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်လိုက်သည်။

တနင်္ဂနွေနေ့ (မတ် ၁၅) က ၎င်း၏ Truth Social ပလက်ဖောင်း၌ ရေးသားရာတွင် ထရမ့်က "သတင်းတု" (Fake news) ထုတ်လွှင့်နေသည့် မီဒီယာများသည် အီရန်နိုင်ငံက Artificial Intelligence (AI) နည်းပညာကိုအသုံးပြု၍ ဖန်တီးထားသော မှားယွင်းသည့် သတင်းအချက်အလက်များကို ဖြန့်ဝေနေကြောင်း စွပ်စွဲခဲ့သည်။

"အမှန်တရားမှာ အီရန်သည် အကြီးအကျယ်ပျက်စီးဆုံးရှုံးနေခြင်းဖြစ်ပြီး ၎င်းတို့ 'အနိုင်ရသည်' ဟု ပြောဆိုနေသော တိုက်ပွဲများသည် AI နည်းပညာ ဖြင့် ဖန်တီးထားခြင်းသာ ဖြစ်သည်။ ထိုအကြောင်းအရာများကို အကျင့်ပျက် မီဒီယာများက ဖြန့်ဝေပေးနေခြင်း ဖြစ်သည်" ဟု ထရမ့်က ရေးသား ခဲ့သည်။

ထရမ့်၏ အဆိုအရ အီရန်သည် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများဖြစ်သည့် လေယာဉ်ဆီဖြည့်သည့် လေယာဉ်များနှင့် ရေတပ် သင်္ဘောများ တိုက်ခိုက်ခံခဲ့ရသည်ဟု ပြသသည့် အတုအယောင် ဗီဒီယိုဖိုင်များကို ဖန်တီးဖြန့်ဝေနေကြောင်း သိရှိရသည်။

ထို့အပြင် ၎င်းက အမှန်တကယ်မဟုတ်သည့် Kamikaze ရေယာဉ်များ နှင့် USS Abraham Lincoln လေယာဉ်တင်သင်္ဘော မီးလောင်နေသည့် ပုံများသည် အီရန်၏စစ်ရေးအောင်မြင်မှုကို ပုံဖော်ရန် AI ဖြင့် ဖန်တီးထားသည့် ဝါဒဖြန့်မှုများသာ ဖြစ်ကြောင်း ပယ်ချခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် တိုက်ခိုက်မှုများစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန် လေယာဉ်တစ်စင်းသာ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ဆောင်မှုမပေးနိုင်ဘဲ ရပ်နားထားရကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။

ထရမ့်က အဆိုပါသတင်းများကို ဖော်ပြသည့် မီဒီယာများကို "အကျင့်ပျက် မျိုးချစ်စိတ်မရှိသော သတင်းအဖွဲ့အစည်းများ" ဟု ခေါ်ဆိုခဲ့ပြီး တမင် သက်သက် ဖန်တီးထားသော သတင်းတုများကို ဖြန့်ဝေသည့်အတွက် "နိုင်ငံတော်သစ္စာဖောက်မှု (Treason) ဖြင့် အရေးယူခံရသင့်သည်" ဟု ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အီရန် နိုင်ငံအပေါ် ပူးတွဲတိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် အီရန်ဘက်မှလည်း တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သတင်းများအရ အမေရိကန် လေယာဉ် ၁၀ စင်းကျော် ထိခိုက်ပျက်စီး သို့မဟုတ် ဖျက်ဆီးခံခဲ့ရကြောင်း၊ ယင်းတို့အထဲတွင် ဆော်ဒီအာရေဗျ၌ ထိခိုက်ခဲ့သည့် လေယာဉ်ဆီဖြည့်သည့် လေယာဉ်များ၊ မိတ်ဖက်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်မိခြင်း (Friendly fire) ကြောင့် ဆုံးရှုံးခဲ့ရသည့် တိုက်လေယာဉ်များ၊ ဒရုန်းယာဉ်အများအပြား၊ အီရတ်တွင် ပျက်ကျခဲ့သည့် လေယာဉ်ဆီဖြည့်သည့် လေယာဉ်တစ်စင်းတို့အပြင် ဒေသတွင်းရှိ စစ်အခြေစိုက်စခန်းများပါ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂