ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးခဲ့သော ကြက်သွန်နီ ဧက ၉၆၀ နှင့် ကြက်သွန်ဖြူ ဧက ၂၀ အထိ နုတ်သိမ်းပြီးစီး
ပွင့်ဖြူ မတ် ၂၃
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်း သီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကြက်သွန်နီ ဧက ၉၆၀ နှင့် ကြက်သွန်ဖြူ ဧက ၂၀ အထိ နုတ်သိမ်း ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက ကြက်သွန်နီ ၁၁၃၅ ဧကနှင့် ကြက်သွန်ဖြူ ၃၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် ဖေဖော်ဝါရီလမှ စတင်နုတ်သိမ်းခဲ့ရာ လက်ရှိတွင် ကြက်သွန်နီ ဧက ၉၆၀ နှင့် ကြက်သွန်ဖြူ ဧက ၂၀ အထိ နုတ်သိမ်းပြီးစီးပြီ ဖြစ်ပြီး အထွက်နှုန်းအနေဖြင့် ကြက်သွန်နီ တစ်ဧက လျှင် ၅၅၀၈ ပိဿာခန့်နှင့် ကြက်သွန်ဖြူ တစ်ဧကလျှင် ၃၀၀၆ ပိဿာခန့် ထွက်ရှိကြောင်း သိရသည်။
"ကြက်သွန်စိုက်တောင်သူတွေကို အထွက်နှုန်း တိုးတက်စေဖို့နဲ့ စားသုံးသူပြည်သူတွေ အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရွေးချယ်စိုက်ပျိုးနိုင်အောင် ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းတွေ(GAP)စနစ်နဲ့အညီ စိုက်ပျိုးနိုင်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရည်အသွေးကောင်း ကြက်သွန်များ စိုက်ပျိုးထွက်ရှိ ရေးအတွက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ တောင်သူ အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်စေရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ပေးခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေ ရန် ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။
ကြက်သွန်ကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့် ပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက် သင့်ကြောင်း သိရသည်။
MWD
