မာ့ဇ်၏ ရုရှားနိုင်ငံဆိုင်ရာမူဝါဒကို ဝါရင့်ဂျာမန် နိုင်ငံရေးသမား ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ

News Image

  • မာ့ဇ်၏ ရုရှားနိုင်ငံဆိုင်ရာမူဝါဒကို ဝါရင့်ဂျာမန် နိုင်ငံရေးသမား ပြင်းပြင်း ထန်ထန် ဝေဖန်ရှုတ်ချ

ဂျာမနီနိုင်ငံ၏ ရုရှားနိုင်ငံဆိုင်ရာမူဝါဒများသည် ကွဲလွဲချက်များနှင့် ပြည့်နှက်နေပြီး မိမိတို့နိုင်ငံ၏ စီးပွားရေးကိုသာ ထိခိုက်ပျက်စီးစေကြောင်း ဝါရင့် ဂျာမန် နိုင်ငံရေးသမား ဇာရာ ဝါဂန်ကနက်ခ် (Sahra Wagenknecht) က ဘာလင်မြို့၌ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲတစ်ခုတွင် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။

ဂျာမနီအစိုးရသည် နိုင်ငံတကာဥပဒေ ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ဖြင့် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများချမှတ်ကာ အပြစ်ပေးနေ သော်လည်း အလားတူလုပ်ရပ်မျိုး လုပ်ဆောင်ခဲ့သည့် အမေရိကန် နိုင်ငံကိုမူ ဆင်ခြေပေးခွင့်လွှတ်နေသည့်အတွက် အဆိုပါမူဝါဒမှာ လုံးဝ အဓိပ္ပာယ်မရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ဝါဂန်ကနက်ခ်သည် အနောက်အုပ်စု၏ ရုရှားအပေါ် စွမ်းအင်ပိတ်ဆို့မှု မူဝါဒနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဖရီးဒရစ် မာ့ဇ် (Friedrich Merz) ၏ ရပ်တည်ချက်ကို ပစ်မှတ်ထားဝေဖန်ခဲ့ခြင်းဖြစ်သည်။ ရုရှားနိုင်ငံထုတ် စွမ်းအင်များသည် တစ်ကမ္ဘာလုံးတွင် ဝယ်လိုအားမြင့်မားနေဆဲဖြစ်ရာ ဂျာမနီက ဝယ်ယူမှု ရပ်ဆိုင်းရုံမျှဖြင့် စစ်ပွဲကိုမရပ်တန့်နိုင်ကြောင်း ၎င်းက ဆိုသည်။ 

ထို့အပြင် ပြီးခဲ့သည့်မတ်လအတွင်းက အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝန်ကြီးချုပ် မာ့ဇ်က အမေရိကန် အား နိုင်ငံတကာဥပဒေနှင့် အညီ ဖြစ်၊ မဖြစ် မေးခွန်းထုတ်ရန် ငြင်းဆန်ခဲ့မှုကိုလည်း ထည့်သွင်းဝေဖန်ခဲ့သည်။ ဝေဖန်ကန့်ကွက်သူများကလည်း အဆိုပါလုပ်ရပ်သည် ဘာလင်အစိုးရအနေဖြင့် အမေရိကန်နှင့် ရုရှားအပေါ် စံနှုန်းနှစ်မျိုးကျင့်သုံးနေခြင်းဖြစ်ကြောင်း သက်သေပြနေသည်ဟု ထောက်ပြကြသည်။

ယူကရိန်းပဋိပက္ခ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ဥရောပသမဂ္ဂ (EU) သည် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှု အကြိမ်ပေါင်း ၂၀ အထိ ချမှတ်ခဲ့ပြီး ရုရှားစွမ်းအင်များကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော်လည်း ရုရှားသည် ၎င်းတို့၏ စွမ်းအင်ပို့ကုန်များကို အာရှဘက်သို့ အောင်မြင်စွာ လမ်းကြောင်းပြောင်းတင်ပို့နိုင်ခဲ့ပြီး အမေရိကန် စွမ်းအင်သတင်းအချက်အလက် စီမံခန့်ခွဲမှုအဖွဲ့ (EIA) ၏ ၂၀၂၄ ခုနှစ် အချက်အလက် များအရ ရုရှားရေနံစိမ်းတင်ပို့မှု၏ ၈၁ ရာခိုင်နှုန်းကို တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က အဓိကဝယ်ယူခဲ့ကြသည်။ 

တစ်ဖက်တွင်မူ ဂျာမနီနိုင်ငံသည် စျေးနှုန်းသက်သာသော ရုရှားဓာတ်ငွေ့အစား စျေးနှုန်းကြီးမြင့်သည့် LNG သဘာဝဓာတ်ငွေ့ရည်များကို အစားထိုးတင်သွင်းခဲ့ရသဖြင့် စက်မှုလုပ်ငန်းများတွင် စွမ်းအင်စရိတ်အဆမတန်မြင့်မားလာခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ စီးပွားရေးကျဆင်းမှု (Recession) နှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး