မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

News Image

  • မော်လမြိုင်ကျွန်းမြို့နယ်မှ ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေ

မော်လမြိုင်ကျွန်း  ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသထွက်ကွမ်းရွက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှဌေးက ပြောပြ၍ သိရသည်။

မော်လမြိင်ကျွန်းမြို့နယ်တွင် ဒေသထွက်ကွမ်းရွက်များ ယခုနှစ်မေလတတိယပတ်မှ ယနေ့ထိ ဝယ်ယူအား ကောင်းမွန်လာသဖြင့် အရောင်းအဝယ် ကောင်းမွန်နေကြောင်း၊ အဆိုပါ ဒေသထွက်ကွမ်းရွက်များ တစ်ရက်လျှင် ပိဿာချိန် ၅၀၀၀ မှ ၆၅၀၀ ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်းသိရသည်။

“လက်ရှိ ကွမ်းရွက်တွေက ဒေသတွင်းမှာကို အရောင်းအဝယ်ကောင်းနေတာပါ။ ကွမ်းရွက်တစ်ပိဿာကို ငွေကျပ် ၁၉၀၀၀ ထိပေါက်ဈေးရှိပါတယ်။ ဒေသထွက်ကွမ်းရွက်တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေက ဝယ်ယူအားကောင်းနေလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ဒီဘက်က ကွမ်းရွက်ရောင်းဝယ်သူတွေက ဒေသထွက်ကွမ်းရွက်တွေကို မှာယူတဲ့ဒေသထိ လိုက်လံပို့ပေးတာပါ။ ဒေသထွက် ကွမ်းရွက်တွေကို အရောင်းအဝယ်လုပ်ရတော့ အခက်အခဲမရှိ အဆင်ပြေနေပါတယ်” ဟု မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှဌေးက ပြောပြသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကွမ်းရွက်များကို အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကွမ်းရွက်များ အရောင်းအဝယ်ကောင်းလာသောကြောင့် ကွမ်းစိုက်သူများ၊ ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလာကြောင်း သိရသည်။

ကျော်ကျော်လင်း

ရတနာပုံ