ဆိုနီနှင့် ဟွန်ဒါတို့ ဖက်စပ်လုပ်ကိုင်သည့် လျှပ်စစ်ကားဖွံ့ဖြိုးရေးလုပ်ငန်း ရပ်ဆိုင်း
တိုကျို မတ် ၂၆
ဆိုနီအုပ်စုနှင့် ဟွန်ဒါ ကားကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သည့် လျှပ်စစ်ကားစတင်ရောင်းချခြင်း နှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ရပ်ဆိုင်းသွားတော့မည်ဖြစ်သည်။
ဆိုနီ ဟွန်ဒါကားထုတ်လုပ်မှုတွင် ၎င်းတို့၏ ပထမဆုံးလျှပ်စစ်ကား မော်ဒယ်ဖြစ်သည့် Afeela1 ကို ထုတ်လုပ်နေပြီး အဆိုပါမော်ဒယ်တွင် အေအိုင် အေးဂျင့်နှင့် အဆင့်မြင့်ယာဉ် မောင်းနှင်မှုဆိုင်ရာ ထောက်ပံ့မှုစနစ်တို့ ပါဝင်သည်။ ယင်းလျှပ်စစ် ကားမော်ဒယ်သစ်ကို အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုး ပြည်နယ်တွင် ထုတ်လုပ်ပြီး ၂၀၂၆ ခုနှစ်တွင် ကယ်လီဖိုးနီးယားသို့ တင်ပို့ရန် စီစဉ်ခဲ့သည်။
ထို့နောက် လာမည့်နှစ်ဝက်တွင် ဂျပန်နိုင်ငံသို့တင်ပို့ရန် စီစဉ်ခဲ့သည်။ မတ် ၂၅ တွင် ဆိုနီအုပ်စုနှင့် ဟွန်ဒါကုမ္ပဏီတို့သည် ၎င်းတို့၏ ဖက်စပ်လုပ်ငန်းကို ပြန်လည်သုံးသပ်မည်ဟု ကြေညာခဲ့သည်။ ဟွန်ဒါသည် ယခုလအစောပိုင်းတွင် ၎င်းတို့၏ လျှပ်စစ်ကားမူဝါဒကို ပြန်လည်သုံးသပ်နေသည့် အတွက် လက်ရှိဘဏ္ဍာနှစ်နှင့် နောက်ဘဏ္ဍာနှစ်များတွင် ဆုံးရှုံးမှုများကို တွက်ချက်ပြီးနောက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံအထိ ဆုံးရှုံးနိုင်သည်ဟု ပြောသည်။
မတ် ၂၅ ရက် ကြေညာချက်တွင် ဟွန်ဒါ၏ ပြန်လည်အကဲဖြတ်မှုကြောင့် ဖက်စပ်လုပ်ငန်း၌ မူလက ဟွန်ဒါကုမ္ပဏီက ပံ့ပိုးပေးမည့် နည်းပညာနှင့် ပိုင်ဆိုင်မှုအချို့ကို အသုံးပြုနိုင်တော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်အစိုးရ၏ မူဝါဒအပြောင်းအလဲများကြောင့် လျှပ်စစ်ကား စျေးကွက် အရှိန်လျော့ကျလျက်ရှိရာ ကားကုမ္ပဏီများသည် ၎င်းတို့၏ လျှပ်စစ်ကားထုတ်လုပ်ခြင်း မဟာဗျူဟာများကို ပြန်လည်သုံးသပ်ရန် ဖိအားများ ဖြစ်ပေါ်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ
MDN
