ဈေးနှုန်းကန့်သတ်ချက်ကို ထောက်ခံအားပေးသည့် နိုင်ငံများထံသို့ ရုရှား နိုင်ငံမှ ရေနံရောင်းချမည်မဟုတ်ကြောင်း မော်စကိုက ပြောကြား
အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ရေနံစိမ်းလိုအပ်ချက် မြင့်တက်နေချိန်တွင် ဈေးကွက်ယှဉ်ပြိုင်မှုကို ဆန့်ကျင်သော ဈေးနှုန်း ကန့်သတ်ချက် စနစ်အားထောက်ခံသည့် နိုင်ငံများထံသို့ ရုရှားနိုင်ငံက ရေနံတင်ပို့ ရောင်းချမည်မဟုတ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ရူဒန်ကို (Andrey Rudenko) က ပြောကြားလိုက်သည်။
G7 အဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျနိုင်ငံတို့အပါအဝင် ယူကရိန်းကို ထောက်ခံအားပေးနေသည့် အနောက်နိုင်ငံများသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက်ပိုင်း ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့တင်သွင်းမှုများကို အဆင့်လိုက်ရပ်ဆိုင်းသွားမည်ဟု ပြောကြားခဲ့ကြသည်။ ထိုနိုင်ငံများသည် ရုရှားထံမှ ဝယ်ယူမှုများကိုလျှော့ချခဲ့ပြီး လက်ရှိတွင် တစ်စည်လျှင် ၄၄ ဒေါ်လာခန့် သတ်မှတ်ထားသည့် ဈေးနှုန်း ကန့်သတ်ချက်စနစ်ဖြင့် ရုရှားရေနံစိမ်းကို ကမ္ဘာ့ပေါက်ဈေးထက် လျှော့ဈေးဖြင့်ရောင်းချရန် ဖိအားပေးခဲ့ကြသည်။
သို့သော်လည်း မကြာသေးမီသီတင်းပတ်များအတွင်း ထိုအခြေအနေမှာ ပြောင်းပြန်ဖြစ်လာခဲ့သည်။ ရုရှား၏ Urals ရေနံစိမ်းကို အိန္ဒိယနှင့် အခြား ဝယ်ယူသူများထံသို့ ပိုမိုမြင့်မားသောဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယအနောက်ဘက်ကမ်းခြေရှိ Urals ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၁၂၁.၅ ဒေါ်လာ အထက်သို့ ရောက်ရှိခဲ့ပြီး မတ်လအစောပိုင်းက တစ်စည်လျှင် ၁၂ ဒေါ်လာခန့် လျှော့ဈေးဖြစ်ခဲ့ရာမှ ယခုအခါ Dated Brent ပေါက်ဈေးထက် ၃.၉ ဒေါ်လာခန့် ပိုမိုမြင့်မားသောဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
စွမ်းအင်ဈေးကွက်များသည် ရောင်းလိုအားနည်းပါးလာခြင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် မတည်မငြိမ်ဖြစ်နေကြောင်း ရူဒန်ကိုက အင်္ဂါနေ့ (မတ် ၃၁) တွင် Izvestia သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဂျပန်ကဲ့သို့သော မိတ်ဆွေမဆန်သည့်နိုင်ငံများနှင့် ရုရှားရေနံ ပြန်လည် ဝယ်ယူရေးအတွက် ဆွေးနွေးမှုများရှိမရှိ မေးမြန်းရာတွင် တိုကျိုသည် ဈေးနှုန်းကန့်သတ်ချက်စနစ်အောက်တွင် ရှိနေကြောင်း၊ ယင်းစနစ်မှာ ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက်ဖြစ်စေသည့် ဈေးကွက် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သောလုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။ ထို့အပြင် ရုရှားအနေဖြင့် ရန်လိုသောနိုင်ငံများထံသို့ ရေနံရောင်းချမည် မဟုတ်ကြောင်း ရူဒန်ကိုက ထပ်လောင်းပြောဆိုခဲ့သည်။
ဈေးနှုန်းများ အဆမတန်မြင့်တက်နေစဉ်အတွင်း အမေရိကန်သည် မတ်လ ၁၂ ရက်နေ့မတိုင်မီ တင်ဆောင်သည့် ရုရှားရေနံများအပေါ် ပိတ်ဆို့ အရေးယူမှုများကို ယာယီဖြေလျှော့ပေးခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့အထိ ရောင်းချခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။ အဆိုပါလုပ်ရပ်ကြောင့် ရုရှားနိုင်ငံ အတွက် ဘတ်ဂျက်ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံခန့် ရရှိနိုင်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့် (Scott Bessent) က ပြောကြားခဲ့သည်။
ဝါရှင်တန်က ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီးနောက် အာရှ နိုင်ငံအချို့သည် ရုရှားရေနံစိမ်းကိုရရှိရန် ချက်ချင်းလှုပ်ရှားလာခဲ့ကြသည်။ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံများစွာက ရုရှားရေနံဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီး အဓိက တင်သွင်းသူများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကလည်း ပိတ်ဆို့မှု ကင်းလွတ်ခွင့် အောက်တွင် ရရှိနိုင်သမျှရေနံများကို ဆက်လက်ဝယ်ယူလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
