သီရိမင်္ဂလာဈေး၌ ဒူးရင်းသီးများ အရောင်းသွက်
ရန်ကုန် ဇွန် ၈
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေး၌ ဒူးရင်းသီးများ လက်လီ၊ လက်ကားရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးမှုများသည့်အတွက် ဒူးရင်းသီးများ အရောင်းသွက် နေကြောင်း သိရသည်။
“စားသုံးသူများတဲ့အတွက် ဒီနှစ်လည်း ရောင်းအားကောင်းတယ်။ မြန်မာမျိုး၊ ထိုင်းမျိုးရှိပေမယ့် စားသုံးသူက သူ့အကြိုက်နဲ့ သူမို့ အကုန်ရောင်းရပါတယ်။ နယ်တွေက အမှာတွေကို အများဆုံးတင်ပို့ရောင်းချနေရပါတယ်” ဟု သီရိမင်္ဂလာဈေး ဒူးရင်းသီးဒိုင်မှ ဦးမောင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ဒူးရင်းသီးကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ အဓိက စိုက်ပျိုးထွက်ရှိပြီး စားသုံးသူ ဈေးကွက်တွင် မြန်မာ့ဒူးရင်း အပြင် ထိုင်းဒူးရင်းသီးများကိုလည်း ဝယ်ယူစားသုံးကြသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လှည်းကူး၊ မှော်ဘီ၊ ကော့မှူး၊ တွံတေးတို့တွင်လည်းဒူးရင်းသီး စိုက်ပျိုးမှုရှိပြီး ဝယ်လိုအားများသော စီးပွားဖြစ် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ယခုမိုးရာသီတွင် တိုက်ကြီးမြို့နယ် ဥက္ကံတွင် တိုးချဲ့စိုက်ပျိုးမှုရှိကြောင်း ရန်ကုန်မြို့ ဒူးရင်းအစုအဖွဲ့မှ သိရသည်။
ဒူးရင်းသီးသည် အပူဓာတ်များသည့် အသီးအနှံဖြစ်သည့်အတွက် ဒူးရင်းသီးနှင့် မင်းကွတ်သီးကို တွဲဖက်စားသုံးခြင်းဖြင့် အပူကြောင့် ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးကို ကာကွယ်နိုင်ကြောင်း သိရသည်။
MWD
