လွန်ခဲ့သော အနှစ် ၂၀ ကျော်က လိင်တူချစ်သူများကို ဝေဖန်ခဲ့မှုဖြင့် ဖင်လန်ဝန်ကြီးဟောင်း ပြစ်ဒဏ်စီရင်ခံရ

News Image

  • လွန်ခဲ့သော အနှစ် ၂၀ ကျော်က လိင်တူချစ်သူများကို ဝေဖန်ခဲ့မှုဖြင့် ဖင်လန်ဝန်ကြီးဟောင်း ပြစ်ဒဏ်စီရင်ခံရ

ဖင်လန်နိုင်ငံ တရားလွှတ်တော်ချုပ်သည် ခရစ်ယာန်ဒီမိုကရက်ပါတီမှ လွှတ်တော်အမတ်နှင့် ဝန်ကြီးဟောင်းဖြစ်သူ Paivi Rasanen ကို လွန်ခဲ့သော ၂၂ နှစ်ခန့်က ထုတ်ဝေခဲ့သည့် စာစောင်တစ်ခုတွင် လိင်တူ ချစ်သူများကို စော်ကားပုတ်ခတ်ခဲ့မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည်။ 

၂၀၀၄ ခုနှစ်က ထုတ်ဝေခဲ့သော ‘အမျိုးသားနှင့် အမျိုးသမီးအဖြစ် ကိုယ်တော်ဖန်ဆင်းခဲ့သည်’ အမည်ရ ခရစ်ယာန်ဘာသာရေးစာစောင်တွင် လိင်တူချစ်သူဖြစ်ခြင်းကို “ဖွံ့ဖြိုးမှုဆိုင်ရာ မူမမှန်မှု” ဟု ရေးသားဖော်ပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ စီရင်ချက်ချခံရခြင်း ဖြစ်သည်။

အဆိုပါအမှုတွင် တရားရုံးက Rasanen ကို ယူရို ၁,၈၀၀ ဒဏ်ရိုက်ခဲ့သည့်အပြင် စာစောင်ထုတ်ဝေရာတွင် ပါဝင်ခဲ့သည့် လူသာရင်ဘုန်းတော်ကြီး (Lutheran Bishop) Juhana Pohjola ကိုလည်း ယူရို ၁,၁၀၀ ဒဏ်ရိုက်ခဲ့သည်။ 

တရားရုံး၏ ဆုံးဖြတ်ချက်တွင် အဆိုပါ ရေးသားချက်များသည် လူနည်းစု အုပ်စုတစ်စုအပေါ် လှုံ့ဆော်ပုတ်ခတ်ခြင်းဖြစ်ပြီး လိင်စိတ်တိမ်းညွတ်မှု အပေါ်အခြေခံ၍ စော်ကားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ပြင် အင်တာနက်ပေါ်ရှိ တရားမဝင်ဟုသတ်မှတ်ခံရသော အဆိုပါစာသားများကို ဖယ်ရှားရန်လည်း အမိန့်ပေးခဲ့သည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် က Gay Pride ပွဲနှင့်ပတ်သက်၍ အသင်းတော်ကို ဝေဖန်ခဲ့သည့် တွစ်တာ အမှုတွင်မူ သူမကို တရားသေလွှတ်ခဲ့သည်။

ယခင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Rasanen ကမူ အဆိုပါစီရင်ချက်အပေါ် အလွန်အမင်း တုန်လှုပ်မိကြောင်းနှင့် ၎င်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေကြောင်း တုံ့ပြန်ခဲ့သည်။ 

သူမက ထိုကိစ္စသည် သူမတစ်ဦးတည်းအတွက်မဟုတ်ဘဲ ဖင်လန် နိုင်ငံသား အားလုံး၏ လွတ်လပ်စွာ ပြောဆိုခွင့်အတွက်ဖြစ်ကြောင်းနှင့် ဥရောပ လူ့အခွင့်အရေးတရားရုံးသို့ ဆက်လက်အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူမ၏ ရှေ့နေအဖွဲ့ဖြစ်သော ADF International ကလည်း အဆိုပါစီရင်ချက်ကို “နိုင်ငံတော်က ပြောင်ပြောင်တင်းတင်း ဆင်ဆာဖြတ်တောက်မှု” ဟု ဝေဖန်ရှုတ်ချခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂