Alcatraz အကျဉ်းထောင်ဟောင်းကို ပြန်လည်ဖွင့်လှစ်ရန် သမ္မတထရမ့် စီစဉ်နေမှုအပေါ် ဝေဖန်မှုများထွက်ပေါ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ကမ္ဘာကျော် Alcatraz အကျဉ်းထောင်ဟောင်းကို ခေတ်မီလုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်တစ်ခုအဖြစ် ပြန်လည်တည်ဆောက်ရန်အတွက် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်မှ ဒေါ်လာ ၁၅၂ သန်း တောင်းခံလိုက်ရာ ဒီမိုကရက်တစ်ပါတီဝင်များ၏ ပြင်းထန်သောကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။
သမ္မတထရမ့်သည် ပြီးခဲ့သည့် မေလက Truth Social တွင် စတင် တင်ပြခဲ့သည့် ၎င်း၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် တရားရေးဌာန၊ FBI နှင့် ပြည်တွင်းလုံခြုံရေးဌာနတို့ကို ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သည်။ အစိုးရအဖွဲ့ဝင် အချို့ကလည်း ထိုကျွန်းသို့ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကာ အဆိုပါ အဆောက်အအုံကို တရားမဝင် ဝင်ရောက်လာသူများကို ထိန်းသိမ်းရန် အသုံးပြုနိုင်ကြောင်း ပြောကြားထားသည်။ သမ္မတထရမ့်က နိုင်ငံအတွင်း အန္တရာယ်ရှိသော ရာဇဝတ်သားများကို လူ့အဖွဲ့အစည်းနှင့်ဝေးရာတွင် သီးခြား ခွဲထုတ်ထားရန်မှာ လိုအပ်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ဆိုခဲ့သည်။
သို့သော်လည်း အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ အပါအဝင် ဒီမိုကရက်တစ်ခေါင်းဆောင်များက ယင်းအစီအစဉ်ကို ရူးသွပ်မှုဟု ခေါ်ဆိုကာ အစွမ်းကုန်တားဆီးသွားမည်ဟု ကတိပြုထားကြသည်။ဆန်ဖရန်စစ္စကို အထက်လွှတ်တော်အမတ် စကော့ဝိုင်နာကလည်း ထရမ့်အနေဖြင့် အောင်မြင်နေသော ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုကိုဖျက်ဆီးပြီး အကုန်အကျများသည့် အကျဉ်းထောင်အဖြစ် ပြန်ပြောင်းရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်။
ဆန်ဖရန်စစ္စကို ပင်လယ်အော်ရှိ Alcatraz ကျွန်းသည် ၁၉၃၄ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ Al Capone နှင့် George Machine Gun Kelly ကဲ့သို့သော နာမည်ကျော် ရာဇဝတ်ကောင်များကို ထိန်းသိမ်းခဲ့သည့် လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်ဖြစ်ခဲ့သော်လည်း လည်ပတ်မှုစရိတ် မြင့်မားမှုကြောင့် ပိတ်သိမ်းခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါနေရာကို အမျိုးသားပန်းခြံဝန်ဆောင်မှုဌာနက စီမံခန့်ခွဲနေပြီး ခရီးသွားများ စိတ်ဝင်စားရာနေရာတစ်ခုအဖြစ် တည်ရှိနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
