အမေရိကန်၏ ကယ်ဆယ်ရေးစစ်ဆင်ရေးအပြီး ပျက်စီးသွားသော လေယာဉ်အပိုင်းအစများကို အီရန်နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်

News Image

  • အမေရိကန်၏ ကယ်ဆယ်ရေးစစ်ဆင်ရေးအပြီး ပျက်စီးသွားသော လေယာဉ်အပိုင်းအစများကို အီရန်နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပျက်ကျသွားသော တိုက်လေယာဉ်မှ လေသူရဲတစ်ဦးအား အမေရိကန်တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် အီရန်နိုင်ငံတောင်ပိုင်း အစ္စဖာဟန် (Esfahan) ပြည်နယ်အတွင်း မီးလောင်ပျက်စီးနေသော လေယာဉ်အများအပြား၏ အပိုင်းအစများကို အီရန်နိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ခဲ့ပြီး CNN ကလည်း ၎င်းနေရာကို အတည်ပြုနိုင်ခဲ့သည်။

ရုပ်သံမှတ်တမ်းများတွင် လေယာဉ်ပျက်အကြွင်းအကျန်များမှာ ကွင်းပြင်ကျယ်အတွင်း မီးခိုးများ ဆက်လက်ထွက်နေသည်ကို တွေ့ရသည်။ ပျက်စီးနေသော အစိတ်အပိုင်းများထဲတွင် Turboprop အင်ဂျင်များဟု ယူဆရသော အပိုင်းအစများကိုလည်း မြင်တွေ့ရသော်လည်း ၎င်းတို့မှာ မည်သည့်လေယာဉ်အမျိုးအစားဖြစ်ကြောင်း သို့မဟုတ် မည်သူပိုင်ဆိုင် ကြောင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အီရန်နိုင်ငံပိုင်မီဒီယာများကမူ ၎င်းလေယာဉ်များကို အီရန်တပ်ဖွဲ့များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ သမ္မတ ထရမ့်ကမူ ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားရာ၌ လေယာဉ်ပျက်စီး ဆုံးရှုံးမှု အကြောင်းကို ထည့်သွင်းပြောဆိုခြင်းမရှိဘဲ အဆိုပါစစ်ဆင်ရေးအတွင်း အမေရိကန်စစ်သည်တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းမရှိကြောင်းသာ ဖော်ပြခဲ့သည်။ 

အမေရိကန်တပ်ဖွဲ့များသည် အဆိုပါစစ်ဆင်ရေးကို ဆောင်ရွက်ရန် စွန့်ပစ်ထားသော လေယာဉ်ကွင်းတစ်ခုကို အသုံးပြုခဲ့ကြောင်း အီရန် စစ်ဘက်က ပြောကြားခဲ့သည်။ CNN ၏ ဂြိုဟ်တုဓာတ်ပုံများကို ခွဲခြမ်း စိတ်ဖြာချက်အရ ဓာတ်ပုံများရိုက်ကူးခဲ့သည့် နေရာအနီးတွင် လေယာဉ်ပြေးလမ်းငယ်တစ်ခု ရှိနေသည်ကို အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ ဓာတ်ပုံများကို အီရန်နိုင်ငံ၊ အစ္စဖာဟန်မြို့မှ ၃၁ မိုင် (ကီလိုမီတာ ၅၀) ခန့်အကွာတွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂