ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်လှစ်

News Image

  •  ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်လှစ်

မြစ်ကြီးနား ဧပြီ ၁၃

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ လမ်းလျှောက်သင်္ကြန် ပွဲတော်ကို ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အားဖွင့်လှစ်ကြောင်းကြေညာပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက် ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ယိမ်းအဖွဲ့များကို လိုက်လံကြည့်ရှု အားပေးကြပြီး တက်ရောက်လာကြသော ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များကို အတာရေဖြင့် ပက်ဖျန်းပေးကြသည်။

 

ဆက်လက်၍ ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ မလိခ Music Band နှင့် အတူ ဒေသခံအဆိုတော်များ၏ ခေတ်ပေါ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုများကို သင်္ကြန်ချစ်သူများ၊ ဒေသခံပြည်သူများနှင့်အတူ အားပေးကြည့်ရှုပြီး ကပြသီဆိုဖျော်ဖြေပေးကြ သူများကို ချီးမြှင့်ငွေများပေးအပ်သည်။ ထို့ပြင် စတုဒိသာမဏ္ဍပ်များတွင် လာရောက်လည်ပတ် သူများကို မြန်မာ့ရိုးရာလက်ဖက်၊ သင်္ကြန်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)

MDN