အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့ နှစ်နိုင်ငံရေနံပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအကြောင်း ဆွေးနွေး

News Image

  • အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့ နှစ်နိုင်ငံရေနံပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအကြောင်း ဆွေးနွေး

အိန္ဒိယနှင့်သီရိလင်္ကာနိုင်ငံတို့သည် တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကိုဆက်သွယ်မည့် ရေနံပိုက်လိုင်းတစ်ခု တည်ဆောက်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယ ဒုတိယသမ္မတ စီ ပီ ရာဓာခရစ်ရှ်နန် (C. P. Radhakrishnan) နှင့် သီရိလင်္ကာ သမ္မတ အနုရာ ကူမာရ ဒီဆာနာရက်ကေ (Anura Kumara Dissanayake) တို့၏ တနင်္ဂနွေနေ့ (ဧပြီ ၁၉) က တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေး၊ အိမ်ရာစီမံကိန်းများနှင့် နှစ်နိုင်ငံ ငါးဖမ်းလုပ်ငန်း ဆိုင်ရာကိစ္စရပ်များလည်း ပါဝင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီ (Vikram Misri) က ပြောကြားခဲ့သည်။

“အိန္ဒိယဘက်က လက်ရှိဆောင်ရွက်နေတဲ့ အစပျိုးမှုတချို့နဲ့ နှစ်နိုင်ငံကြား ဆွေးနွေးပြီးသား အဆိုပြုချက်တွေ ရှိပါတယ်၊ အဲဒီထဲမှာ ထြင်ကိုမာလီ (Trincomalee) မှာရှိတဲ့ စွမ်းအင်ဗဟိုဌာနနဲ့ပတ်သက်တဲ့ စီမံကိန်းနဲ့ အိန္ဒိယနဲ့သီရိလင်္ကာကို ရေနံပိုက်လိုင်းကတစ်ဆင့် ချိတ်ဆက်မယ့် အဆိုပြုချက်တွေဟာ ထင်ရှားပါတယ်” ဟု မစ်ဆရီက တနင်္ဂနွေနေ့ (ဧပြီ ၁၉) တွင် ပြောကြားခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) လည်း ပါဝင်ပတ်သက်နေသည့် အဆိုပါရေနံပိုက်လိုင်း စီမံကိန်းဆိုင်ရာဆွေးနွေးမှုများကို ၂၀၂၃ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မစ်ဆရီက ဆက်လက် ပြောကြားခဲ့သည်။ သီရိလင်္ကာ၊ အိန္ဒိယနှင့် UAE တို့သည် တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံကို ဆက်သွယ်မည့် ရေနံပိုက်လိုင်းတည်ဆောက်ရန်နှင့် ထြင်ကိုမာလီ ရေနံသိုလှောင်ရုံ ဧရိယာကို တည်ထောင်ရန် ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ ပဋိညာဉ်အရ အိန္ဒိယနှင့် UAE တို့က စွမ်းအင် ဗဟိုဌာနတစ်ခု ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။

ကမ္ဘာကြီးအနေဖြင့် စွမ်းအင်အကျပ်အတည်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ ဆွေးနွေးမှုများပြုလုပ်ခြင်းသည် အရေးကြီးကြောင်း မစ်ဆရီက ထောက်ပြခဲ့သည်။

ရာဓာခရစ်ရှ်နန်၏ နှစ်ရက်ကြာ ခရီးစဉ်သည် အိန္ဒိယ ဒုတိယသမ္မတ တစ်ဦးအနေဖြင့် သီရိလင်္ကာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။ သမ္မတ ဒီဆာနာရက်ကေက ၂၀၂၂ ခုနှစ် သီရိလင်္ကာ နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကာလနှင့် မကြာသေးမီက တိုက်ခတ်ခဲ့သော Ditwah ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် အိန္ဒိယနိုင်ငံက ပထမဆုံး တုံ့ပြန်ကူညီပေးခဲ့သည့် ကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။

ရာဓာခရစ်ရှ်နန်သည် သီရိလင်္ကာတွင် အကောင်အထည်ဖော်နေသည့် အိန္ဒိယ စီမံကိန်းများအကြောင်းဆွေးနွေးခဲ့ပြီး အထူးသဖြင့် နယူးဒေလီက ကမ်းလှမ်းထားသည့် ဒေါ်လာ ၄၅၀ သန်းတန်ဖိုးရှိ ဆိုင်ကလုန်း Ditwah ကူညီထောက်ပံ့ရေးအစီအစဉ်ကို အလေးထား ဆွေးနွေးခဲ့သည်။

အိန္ဒိယ-သီရိလင်္ကာ ဆွေးနွေးပွဲအတွင်း Digital ID စီမံကိန်းနှင့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက် (ETCA) တို့ကို လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မစ်ဆရီက ဆိုသည်။ ရာဓာခရစ်ရှ်နန် ၏ ခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာများစွာကိုလည်း လဲလှယ်သွားရန် စီစဉ်ထားကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး