အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ငြင်းဆို

News Image

  • အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ငြင်းဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့် ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဧပြီ ၂၂ ရက်နေ့ ညနေတွင် ကုန်ဆုံးမည့် သတ်မှတ်ရက်ထက်ကျော်လွန်၍ သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း ဧပြီ ၂၁ ရက်နေ့တွင် CNBC သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထရမ့်က "ကျွန်တော်တို့မှာ အချိန်အများကြီး မရှိတော့ဘူး" ဟု ဆိုကာ နှစ်ဖက်စလုံးသည် အပစ်ရပ်ကာလကို လက်နက်ခဲယမ်းများ ပြန်လည် ဖြည့်တင်းရန်အတွက်သာ အသုံးပြုနေကြကြောင်း ထောက်ပြခဲ့သည်။ ၎င်းက အီရန်အနေဖြင့် အခြားရွေးချယ်စရာမရှိဘဲ မဖြစ်မနေဆွေးနွေး ညှိနှိုင်းရမည်ဖြစ်ကြောင်း ယုံကြည်နေသည်။

ထို့အပြင် အီရန်ရှိ တံတားများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲတိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ၎င်းက ဆက်လက်ပြောဆိုရာတွင် အဆိုပါလုပ်ရပ်သည် အီရန်ကို စစ်ရေးအရ ကြီးမားစွာထိခိုက်စေမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ 

အီရန်စစ်တပ်သည် တံတားများကို လက်နက်နှင့် ဒုံးကျည်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေသည်ဟု ၎င်းက ဆိုသည်။ သို့သော်လည်း ထရမ့်က အီရန်ပြည်သူများကို အံ့ဩစရာကောင်းသူများဟု ချီးကျူးခဲ့ပြီး လက်ရှိခေါင်းဆောင်ပိုင်းကိုမူ သွေးဆာနေသူများဟု ဝေဖန်ခဲ့သည်။ အကယ်၍ အီရန်သည် အမေရိကန်နှင့် သဘောတူညီချက်အသစ်တစ်ရပ်ရယူနိုင်ပါက အင်အားတောင့်တင်းသောနိုင်ငံတစ်ခုအဖြစ် ပြန်လည် ရပ်တည်နိုင်မည်ဖြစ်ကြောင်းလည်း တိုက်တွန်းပြောဆိုခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး