ဆိုက်ဘာတိုက်ခိုက်၍ ဒေါ်လာ ၂ ဒသမ ၅ သန်းခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရန် သီရိလင်္ကာ စုံစမ်းစစ်ဆေးလျက်ရှိ
သီရိလင်္ကာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအား ဆိုက်ဘာတိုက်ခိုက်၍ ဒေါ်လာ ၂ ဒသမ ၅ သန်း ခိုးယူသွားသည့် ဟက်ကာများကို ဖမ်းဆီးနိုင်ရန် အာဏာပိုင်အဖွဲ့များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဝန်ကြီးဌာနအကြီးအကဲ ဟာရှန် ဆူယာပေရမ်က၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းဌာနက ဧပြီ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်သူများသည် ဝန်ကြီးဌာန၏ ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်ဝင်ရောက်ပြီး ငွေကြေးများကို လမ်းကြောင်းလွှဲကာ ခိုးယူသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ဟက်ကာများသည် နိုင်ငံအတွင်းမှ သို့မဟုတ် နိုင်ငံပြင်ပမှ ဆောင်ရွက်ခဲ့ခြင်း ဟုတ်၊ မဟုတ်ကို တရားဥပဒေစိုးမိုးရေး အေဂျင်စီများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကိုလံဘိုမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဟာရှန် ဆူယာပေရမ်က ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်သူများ သို့မဟုတ် ဟက်ကာများသည် ဝန်ကြီးဌာန၏ ဆက်သွယ်ရေးစနစ်အတွင်းသို့ တရားမဝင် ဝင်ရောက်ကာ အီးမေးလ်များကို ကြားဖြတ်ရယူခဲ့ပြီး ငွေပေးချေရေးညွှန်ကြားချက်များရှိ ဘဏ်အချက်အလက်များကို အစားထိုးပြောင်းလဲခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် ဟက်ကာများသည် အိန္ဒိယနိုင်ငံသို့ ပေးချေရမည့် ငွေပေးချေမှုဆိုင်ရာ အချက်အလက်များကို အသုံးပြု၍ ခိုးယူမှုတစ်ခု ထပ်မံပြုလုပ်ရန် ကြိုးပမ်းစဉ်တွင် အာဏာပိုင်များက ၎င်းတို့၏ လုပ်ဆောင်ချက်ကို ရိပ်မိသွားခဲ့ခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည့်အပြင် အမေရိကန်-အီရန် စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်နေသော စွမ်းအင်အကျပ်အတည်းများကြားတွင် ယခုကဲ့သို့ ငွေကြေးခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။
Ref: Iv
MWD
