စပိန်နိုင်ငံကို နေတိုး (NATO) အဖွဲ့ဝင်အဖြစ်မှရပ်စဲရန် အမေရိကန် စဉ်းစားနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ

News Image

  • စပိန်နိုင်ငံကို နေတိုး (NATO) အဖွဲ့ဝင်အဖြစ်မှရပ်စဲရန် အမေရိကန် စဉ်းစား နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ

အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲတွင်ပူးပေါင်းမှုမရှိသည့် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများကို အရေးယူရန် အမေရိကန်အစိုးရကထိရောက်သော လုပ်ဆောင်ချက်များကို စဉ်းစားလျက်ရှိကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ အတွင်းရေးအီးမေးလ်တစ်ခုကို ကိုးကား၍ ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့သည်။ 

အဆိုပါ စာရွက်စာတမ်းများအရ အမေရိကန်၏ စစ်ဆင်ရေးများအတွက် လေပိုင်နက်နှင့် အခြေစိုက်စခန်းများ အသုံးပြုခွင့်ကို ငြင်းဆန်ခဲ့သည့် စပိန်နိုင်ငံအား နေတိုးအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရန် သို့မဟုတ် အရေးပါသောရာထူးနေရာများမှ ဖယ်ရှားရန် ရွေးချယ်စရာများကို အဆင့်မြင့် အရာရှိများအကြား ဆွေးနွေးနေကြခြင်းဖြစ်သည်။ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ကမူ အဆိုပါစစ်ပွဲကို ‘မတရားသောစစ်ပွဲ’ ဟု ပြစ်တင် ရှုတ်ချ ထားပြီး အဖွဲ့မှ ရပ်စဲခံရမည့် ခြိမ်းခြောက်မှုအပေါ် စိုးရိမ်ခြင်းမရှိကြောင်း တုံ့ပြန်ထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သည် အစပိုင်း၌ စစ်ပွဲတွင်ပါဝင်ရန် ငြင်းဆန်ခဲ့သည့် ဗြိတိန်နိုင်ငံကို ဖိအားပေးသည့်အနေဖြင့် ဖော့ကလန် ကျွန်းစုအငြင်းပွားမှုတွင် ဗြိတိန်အပေါ် ထားရှိသည့် သံတမန်ရေးရာ ထောက်ခံမှုကို ပြန်လည်သုံးသပ်ရန် စဉ်းစားနေကြောင်း သိရှိရသည်။

သမ္မတ ဒေါ်နယ်ထရမ့်က နေတိုးအဖွဲ့ကို ‘စက္ကူကျား’ ဟု ကဲ့ရဲ့ကာ အမေရိကန်အနေဖြင့် အဖွဲ့မှ နုတ်ထွက်နိုင်ကြောင်း သတိပေးထားသော်လည်း နေတိုးတာဝန်ရှိသူများကမူ အဖွဲ့ဝင်နိုင်ငံတစ်ခုကို အတင်းအဓမ္မ ထုတ်ပယ်ရန် သို့မဟုတ် ရပ်စဲရန် ဥပဒေကြောင်းအရ ပြဋ္ဌာန်းချက်များ မရှိသေးကြောင်း ထောက်ပြထားကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး