အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သမ္မတထရမ့်နှင့် ဧည့်သည်တော်များ ဘေးကင်းရာသို့ တိမ်းရှောင်ခဲ့ရ

News Image

  • အိမ်ဖြူတော်သတင်းထောက်များအသင်း ညစာစားပွဲ၌ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး သမ္မတထရမ့်နှင့် ဧည့်သည်တော်များ ဘေးကင်းရာသို့ တိမ်းရှောင် ခဲ့ရ

အိမ်ဖြူတော်သတင်းထောက်များအသင်း၏ နှစ်ပတ်လည်ညစာစားပွဲ ကျင်းပနေစဉ်အတွင်း လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦး က လုံခြုံရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့သဖြင့် သမ္မတ ဒေါ်နယ်ထရမ့်၊ အစိုးရအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များအားလုံး ခန်းမအတွင်းမှ အရေးပေါ် တိမ်းရှောင်ခဲ့ကြရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

သံသယရှိသူမှာ ကယ်လီဖိုးနီးယားပြည်နယ်သား အသက် ၃၁ နှစ်အရွယ် ကိုးလ် တောမတ်စ် အယ်လန် (Cole Tomas Allen) ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုခဲ့သည်။ ၎င်းသည် ပြောင်းချောသေနတ်၊ ပစ္စတိုနှင့် ဓားအမြောက်အမြားကိုင်ဆောင်ကာ အခမ်းအနားကျင်းပရာ ဝါရှင်တန် ဟီလ်တန်ဟိုတယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သော်လည်း လုံခြုံရေးအရာရှိ တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါအရာရှိမှာ ကျည်ကာအင်္ကျီဝတ်ဆင်ထားသဖြင့် ကံကောင်းထောက်မစွာဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ဆေးရုံမှဆင်းခွင့်ရရှိသွားပြီဖြစ်သည်။

အယ်လန်သည် ကယ်လီဖိုးနီးယားစက်မှုတက္ကသိုလ် (Caltech) မှ အင်ဂျင်နီယာ ဘွဲ့ရရှိထားသူဖြစ်ပြီး ဆရာတစ်ဦးအဖြစ်လည်းကောင်း ဂိမ်းရေးဆွဲသူ အဖြစ်လည်းကောင်း လုပ်ကိုင်ဖူးသူဖြစ်သည်။ ၎င်းအား အကြမ်းဖက်မှုတွင် လက်နက်အသုံးပြုမှုနှင့် ဖက်ဒရယ်အရာရှိအား တိုက်ခိုက်မှုစသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားပြီး တနင်္လာနေ့ (ဧပြီ ၂၇) တွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

တရားခံမှာ တစ်ဦးတည်းလုပ်ဆောင်ခြင်းဖြစ်သည်ဟုယူဆရပြီး ၎င်းတည်းခိုခဲ့သည့် ဟိုတယ်ခန်းအတွင်းရှိပစ္စည်းများကို ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးခဲ့ပြီး တောရန့်စ်မြို့ရှိ ၎င်းနှင့်ပတ်သက်သော နေအိမ်ကိုလည်း FBI က ဝိုင်းရံရှာဖွေလျက်ရှိသည်။

သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏လုံခြုံရေးအဖွဲ့အနေဖြင့် ယခုပွဲမတိုင်မီ မည်သည့် ခြိမ်းခြောက်မှုသတင်းကိုမျှ ကြိုတင်မရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များနှင့် အမေရိကန် လွှတ်တော်အမတ်များက ပြင်းထန်စွာရှုတ်ချခဲ့ကြပြီး သမ္မတနှင့် ဧည့်သည်တော်များ ဘေးကင်းသည့်အတွက်ဝမ်းမြောက်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို ချီးကျူးစကားများ ပြောကြား ခဲ့ကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး