ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ရိက္ခာလုံခြုံမှု ခြိမ်းခြောက်ခံနေရ
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့အဓိက ရေကြောင်းလမ်းဖြစ်သော ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခံထားရမှုသည် ကမ္ဘာ့ရိက္ခာထုတ်လုပ်မှုအပေါ် ပြင်းထန်သော သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်း ဓာတ်မြေသြဇာထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Yara မှ CEO ဖြစ်သူ Svein Tore Holsether က သတိပေး ပြောကြားလိုက်သည်။
အဆိုပါ ရေလက်ကြားသည် ဓာတ်မြေသြဇာထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် အမိုးနီးယားနှင့် ယူရီးယားကဲ့သို့သော စိုက်ပျိုးရေးကုန်ကြမ်းများ ကုန်သွယ်ရာ အဓိကလမ်းကြောင်းဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းခန့် စီးဆင်းရာနေရာဖြစ်သည်။ ယခုအခါ လမ်းကြောင်းပိတ်ဆို့မှု ၂ လခန့် ကြာမြင့်လာပြီဖြစ်ရာ အကျပ်အတည်းဖြစ်ပွားနေသည့် သီတင်းပတ်တိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်းမှ ယူရီးယားတန်ချိန် ၅ သိန်းခန့် ဆုံးရှုံးနေရပြီး ယင်းပမာဏသည် အစားအစာ နပ်ပေါင်း ၁၀ ဘီလီယံ နီးပါး ထုတ်လုပ်နိုင်သည့် အာဟာရဓာတ်နှင့် ညီမျှနေကြောင်း သိရှိရသည်။
ဓာတ်မြေသြဇာထောက်ပံ့မှု ပြတ်တောက်ခြင်းသည် သီးနှံအထွက်နှုန်းကို တိုက်ရိုက်ကျဆင်းစေကာ ကမ္ဘာတစ်ဝန်းတွင် စားနပ်ရိက္ခာရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ Holsether ၏ အဆိုအရ လက်ရှိပြဿနာမှာ ကုန်စည်ရှားပါးမှုထက် ဝယ်ယူနိုင်စွမ်းမရှိသည့် " Affordability" ပြဿနာဖြစ်ပြီး ဈေးနှုန်းမြင့်တက်လာပါက ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ ရှိ ပြည်သူများမှာ အဆိုးရွားဆုံး ရိုက်ခတ်မှုကိုခံရမည်ဖြစ်သည်။
ထို့အပြင် ဟော်မုဇ်ရေလက်ကြားကို ယခုချက်ချင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့လျှင်ပင် ထုတ်လုပ်မှုကွင်းဆက်အတွင်း ဆုံးရှုံးသွားသောအချိန်နှင့် ကုန်ကြမ်းများကြောင့် မြင့်တက်နေသော ကုန်ဈေးနှုန်းဒဏ်ကို ကာလရှည်ဆက်လက် ခံစားရနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားကြသည်။
ကိုးကား- CNN
Photo: Food Navigator
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
