ပင်တဂွန်စစ်ဌာနချုပ်က ထိပ်တန်း AI ကုမ္ပဏီများနှင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်
အမေရိကန် စစ်ဌာနချုပ် (Pentagon) သည် စစ်ရေးစစ်ဆင်ရေးများတွင် အဆင့်မြင့်ဉာဏ်ရည်တု (AI) နည်းပညာကို ထည့်သွင်းအသုံးပြုရန် အတွက် SpaceX, OpenAI, Google နှင့် NVIDIA အပါအဝင် ထိပ်တန်းနည်းပညာကုမ္ပဏီကြီး ၈ ခုနှင့် သဘောတူညီချက်များ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် စစ်ဌာနချုပ်၏ လျှို့ဝှက်ကွန်ရက်များအတွင်း AI စနစ်များကို အသုံးပြု၍ ဒေတာပေါင်းစပ်ခြင်း၊ စစ်မြေပြင် အခြေအနေကို ပိုမိုနားလည်စေခြင်းနှင့် ရှုပ်ထွေးသော ပတ်ဝန်းကျင်များတွင် စစ်သည်များ၏ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ လက်ရှိတွင် ပင်တဂွန်၏ GenAI.mil ပလက်ဖောင်းကို ဝန်ထမ်း ၁.၃ သန်းကျော်က အသုံးပြုနေပြီး ယခင်က လပေါင်းများစွာ ကြာမြင့်ခဲ့သည့် အလုပ်များကို ရက်ပိုင်းအတွင်းပြီးစီးအောင် လုပ်ဆောင်နိုင်ခြင်းဖြင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို သိသိသာသာ မြန်ဆန်စေခဲ့သည်။
သို့သော် အဆိုပါစီမံကိန်းအပေါ် ကျွမ်းကျင်သူများက AI နည်းပညာသည် စစ်ပွဲဆိုင်ရာဥပဒေများကို လိုက်နာနိုင်ခြင်း ရှိ၊ မရှိနှင့် အရပ်သားများ၏ ပုဂ္ဂလိကလုံခြုံရေး ကျူးကျော်ခံရမည့် အခြေအနေများအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။
ထို့ပြင် နာမည်ကြီး AI startup တစ်ခုဖြစ်သည့် Anthropic ကုမ္ပဏီသည် ၎င်းတို့၏ နည်းပညာကို လူသားကြီးကြပ်မှုမပါဘဲ အလိုအလျောက် လက်နက် များတွင် အသုံးပြုမည်ကို စိုးရိမ်သဖြင့် ဘေးကင်းလုံခြုံရေးဆိုင်ရာစည်းမျဉ်းများကို လျှော့ချပေးရန် ငြင်းဆိုခဲ့သည်။ ထိုသို့ငြင်းဆိုမှုကြောင့် ပင်တဂွန်က Anthropic ကို "ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အန္တရာယ်" အဖြစ်သတ်မှတ်ကာ ရှေ့ဆက်လက်တွဲရန် ငြင်းပယ်ခဲ့ပြီး အမေရိကန် စစ်ရေးတာဝန်ရှိသူများကလည်း ကုမ္ပဏီ၏ ရပ်တည်ချက်အပေါ် ဝေဖန်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
