ကျောက်ဆည်ခရိုင်၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ကျောက်ဆည် မေ ၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်များ၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်းဧက ၄၆၀၀၀ ကျော် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ကျောက်ဆည် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ကျောက်ဆည်မြို့နယ်၌ နွေနှမ်း ၁၅၇၂၂ ဧက၊ စဉ့်ကိုင်မြို့နယ်၌ ၉၃၉၂ ဧကနှင့် မြစ်သားမြို့နယ်၌ ဧက ၂၁၀၅၀ စုစုပေါင်း ၄၆၁၆၄ ဧက စိုက်ပျိုးထားသည်။
အဆိုပါနွေနှမ်းများကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်းစိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင်ထွက်ပေါ်လေ့ရှိကာ အဓိကအားဖြင့်နှမ်းဖြူ၊ နှမ်းညိုနှင့် နှမ်းနက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် စုစုပေါင်းငွေကျပ် ၄၅၀၀၀၀ ခန့်ရှိကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အတွင်းရှိ နှမ်းစိုက်တောင်သူ များသည် နွေနှမ်းပေါ်ချိန်တွင် ထွက်ရှိလာသောနှမ်း များကို ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်သွားရောက်ရောင်းချကြပြီး ထိုပွဲရုံများမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချကြ ကြောင်း၊ ဒေသခံတောင်သူများသည် မိသားစု အတွက် စားသုံးဆီဖူလုံသည့်အပြင် အကျိုးအမြတ်ရရှိသောကြောင့် နှမ်းကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလာ ကြကြောင်း သိရသည်။
MWD
