ရေနံအခြေခံအဆောက်အအုံများ တိုက်ခိုက်မှုကြောင့် ရေနံဈေးနှုန်းမြင့်တက်နိုင်ဟု ရုရှားသတိပေး
ယူကရိန်းနိုင်ငံက ရုရှား၏ ရေနံအခြေခံအဆောက်အအုံများကို တိုက်ခိုက်နေခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ပိုမိုမြင့်တက်လာနိုင်သည့် အန္တရာယ်ရှိနေကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က မေလ ၃ ရက်တွင် ပြောကြားသည်။
အနောက်နိုင်ငံများက ရုရှား၏ ရေနံအခြေခံအဆောက်အအုံများကို ပစ်မှတ်မထားရန် တောင်းဆိုထားသော်လည်း ယူကရိန်းဘက်မှ ထိုတောင်းဆိုချက်များကို လျစ်လျူရှုနေကြောင်း ၎င်းက ထောက်ပြသည်။
ကမ္ဘာ့ဈေးကွက်သို့ ရုရှားရေနံတင်ပို့မှု လျော့နည်းလာခြင်းကြောင့် လက်ရှိတွင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ ကျော်အထိ မြင့်တက်နေသည့် ဈေးနှုန်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
ဟော်မုဇ်ရေလက်ကြားအပါအဝင် ဒေသအချို့တွင် တင်းမာမှုများရှိနေသဖြင့် ကမ္ဘာ့ရေနံဈေးကွက်၌ ရောင်းလိုအားပြတ်တောက်မှုများ ဖြစ်ပေါ်နေချိန်တွင် ရုရှားမှ ရေနံပမာဏ ထပ်မံလျော့နည်းပါက ဈေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း သုံးသပ်ထားသည်။
တစ်ဖက်တွင် ရေနံဈေးနှုန်းမြင့်တက်မှုကြောင့် ရုရှားကုမ္ပဏီများနှင့် နိုင်ငံတော်အတွက် ဝင်ငွေပိုမိုရရှိနိုင်သော်လည်း ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် လိုအပ်ကြောင်းလည်း ပက်စကော့က ပြောကြားထားသည်။
MWD
