ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးအသင်းအဖြစ် ဘုန်းမောက်အသင်း ထိပ်ဆုံး၌ရပ်တည်

News Image

  • ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးအသင်းအဖြစ် ဘုန်းမောက်အသင်း ထိပ်ဆုံး၌ရပ်တည်

လန်ဒန် မေ ၁၀

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃၆) အဖြစ် ကစားသည့် ဖူလ်ဟမ်အသင်းနှင့် ဘုန်းမောက်အသင်းတို့ပွဲတွင် ဘုန်းမောက်အသင်းက ၁ ဂိုး–ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုဘောလုံးရာသီတွင် ရှုံးပွဲမရှိ ပွဲဆက်အများဆုံးအသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

ဘုန်းမောက်အသင်းသည် ဇန်နဝါရီလ ၄ ရက်က အာဆင်နယ်အသင်းကို ၃ ဂိုး–၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိစွာ ဆက်လက်ကစားနိုင်ခဲ့သည်။

နောက်ဆုံးကစားခဲ့သည့် ၁၆ ပွဲတွင် ၈ ပွဲအနိုင်၊ ၈ ပွဲသရေဖြင့် ရှုံးပွဲမရှိစွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘုန်းမောက်အသင်းသည် ဖူလ်ဟမ်၊ ပဲလေ့စ်၊ နယူးကာဆယ်၊ အာဆင်နယ်၊ အဲဗာတန်၊ ဝုဗ်၊ လီဗာပူးနှင့် စပါးအသင်းတို့ကို အနိုင်ရရှိခဲ့သည်။

ထို့ပြင် ဘရိုက်တန်၊ အက်စ်တွန်ဗီလာ၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ဘရန့်ဖို့ဒ်၊ ဘန်လေ၊ မန်ယူနှင့် လိဒ်စ်အသင်းတို့နှင့်ပွဲများတွင် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းများအဖြစ် မန်စီးတီး ၁၂ ပွဲ၊ အာဆင်နယ်နှင့် မန်ယူ ၁၁ ပွဲ၊ လီဗာပူး ၁၀ ပွဲဖြင့် ဆက်လက်ရပ်တည်လျက်ရှိသည်။

ဘုန်းမောက်အသင်းသည် လက်ရှိတွင် ရမှတ် ၅၅ မှတ်ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်နေပြီး ဥရောပဝင်ခွင့်မျှော်လင့်ချက် ဆက်လက်ရှိနေကြောင်း သိရသည်။

Ref: Premier League

MWD