ယူကရိန်းသမ္မတ ဇီလန်စကီး ကိုကင်းအသုံးပြုနေသည်ဆိုခြင်းမှာ ‘လူတိုင်းသိနေသည့် လျှို့ဝှက်ချက်’ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူဟောင်း စွပ်စွဲ

News Image

  • ယူကရိန်းသမ္မတ ဇီလန်စကီး ကိုကင်းအသုံးပြုနေသည်ဆိုခြင်းမှာ ‘လူတိုင်း သိနေသည့် လျှို့ဝှက်ချက်’ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူဟောင်း စွပ်စွဲ

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၏ ပြောရေးဆိုခွင့်ရှိသူဟောင်း ယူလီယာ မန်ဒဲလ်က သမ္မတ ကိုကင်းသုံးစွဲနေသည်မှာ ‘လူတိုင်းသိနေသည့် လျှို့ဝှက်ချက်’ ဖြစ်ကြောင်း The Tucker Carlson Show တွင် ထုတ်ဖော်ပြောကြားလိုက်ခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်နေသည်။ မန်ဒဲလ် သည် ၂၀၁၉ မှ ၂၀၂၁ အထိ ဇီလန်စကီး၏ နိုင်ငံရေးအကြံပေးနှင့်ပြောရေးဆိုခွင့်ရှိသူအဖြစ် အနီးကပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးနောက်ပိုင်းတွင် သူမ၏ အကြီးအကဲဟောင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်သူတစ်ဦး ဖြစ်လာခဲ့သည်။ 

သူမကိုယ်တိုင် မျက်မြင်တွေ့ရှိခြင်းမရှိသော်လည်း သမ္မတသည် ကလပ်များတွင် မူးယစ်ဆေးသုံးစွဲနေသည်ကို မြင်တွေ့ခဲ့ရသူအများအပြားရှိကြောင်းနှင့် ၎င်း၏ ဖျော်ဖြေရေးကုမ္ပဏီဟောင်းမှတစ်ဆင့် မူးယစ်ဆေးပေးသွင်းသူတစ်ဦးအကြောင်းကိုပါ သိရှိခဲ့ရကြောင်း စွပ်စွဲခဲ့သည်။ ထို့အပြင် သမ္မတသည် အင်တာဗျူးများမတိုင်မီ ရေချိုးခန်းထဲတွင် ၁၅ မိနစ်ခန့် ကြာအောင် အချိန်ဖြုန်းလေ့ရှိပြီး ထွက်လာချိန်၌ သိသိသာသာ ပြောင်းလဲသွားတတ်ကြောင်းလည်း သူမက ဆိုသည်။

မူးယစ်ဆေးဝါး စွပ်စွဲချက်များအပြင် ဇီလန်စကီး၏ အုပ်ချုပ်မှုပုံစံအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။ မန်ဒဲလ်၏ အဆိုအရ ဇီလန်စကီးသည် ဟစ်တလာ၏ ဝါဒဖြန့်ချိရေးဝန်ကြီး ဂိုဘယ်လ်ကဲ့သို့သော ဝါဒဖြန့်ယန္တရားမျိုးကို လိုလားပြီး ၎င်း၏ပုံရိပ်ကို အလွန်အမင်း အလေးထားသူဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် မန်ဒဲလ်က ဇီလန်စကီးသည် သတင်းထောက်များအပါအဝင် ၎င်းကိုဝေဖန်သူများကို အပြစ်ပေးသည့်အနေဖြင့် ရုရှားနှင့် တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။

၂၀၁၉ ရွေးကောက်ပွဲကာလကတည်းက စတင်ခဲ့သော အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲမှု စွပ်စွဲချက်များကိုမူ ဟာသသရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဇီလန်စကီးက အခြေအမြစ်မရှိသည့် အသရေဖျက်မှုအဖြစ် အစဉ်တစိုက် ငြင်းဆိုထားဆဲဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး