တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

News Image

  • တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်   မေ   ၂၀

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက  ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၊  ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ရှိ အားကစားဥယျာဉ် ကွင်းနှင့် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတို့တွင်   ဇုန်လေးဇုန်ခွဲ၍ ကျင်းပလျက်ရှိသည်။

ယနေ့ ဘောလုံးပြိုင်ပွဲ ပွဲစဉ်များအဖြစ်  ဘားအံမြို့  ဇွဲကပင်အားကစားကွင်း၌   ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင် ကစားရာ  ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ပဲခူးမြို့ အားကစား ဥယျာဉ်ကွင်း၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ချင်းပြည်နယ်အသင်းတို့  ယှဉ်ပြိုင်ကစားရာ  ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက  ချင်းပြည်နယ်အသင်းကို တစ်ဂိုး- ဂိုးမရှိ ဖြင့်လည်းကောင်း၊  တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကယားပြည်နယ်အသင်းနှင့်  မွန် ပြည်နယ်အသင်းတို့   ယှဉ်ပြိုင်ကစားရာ မွန်ပြည်နယ်အသင်းက ကယားပြည်နယ်အသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ယှဉ်ပြိုင်  

မေ ၂၁ ရက်တွင် ပြိုင်ပွဲတစ်ရက် နားမည်ဖြစ်ပြီး မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဘားအံမြို့ ဇွဲကပင်အားကစားကွင်း၌  စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်း၊  ပဲခူးမြို့အားကစား ဥယျာဉ်ကွင်း၌ ချင်းပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်း၌ မွန်ပြည်နယ်အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင် ပြည်နယ်အသင်းတို့  ဆက်လက်ယှဉ်ပြိုင်  ကစားသွားမည်ဖြစ်သည်။

အဆိုပါ ဇုန်လေးဇုန်တွင် အုပ်စုပတ်လည်ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို မေ ၁၉ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များ၊ ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ (YTC စက်ဘီးလေ့ကျင့်ရေး၊ ပဒေသာ၊ သန်လျင်နှင့် ပဒုမ္မာ)အားကစားကွင်းတို့ တွင် မေ ၂၉ ရက်မှ ဇွန် ၂ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

MDN