ထိုင်းနိုင်ငံတွင် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းပြီး ခရီးသွားဝင်ကြေး တိုးမြှင့်ကောက်ခံရန် စီစဉ်နေ

News Image

  • ထိုင်းနိုင်ငံတွင် ရက် ၆၀ ဗီဇာကင်းလွတ်ခွင့် ရုပ်သိမ်းပြီး ခရီးသွားဝင်ကြေး တိုးမြှင့်ကောက်ခံရန် စီစဉ်နေ

ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံခြားသားများ၏ တရားမဝင်လှုပ်ရှားမှုများကို ကာကွယ်ရန်အတွက် ယခင်က ပေးအပ်ခဲ့သော နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ခရီးသွားများအတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့်ပြုချက်ကို ဖျက်သိမ်းကာ ၂၀၂၄ ခုနှစ်က ကျင့်သုံးခဲ့သည့် ရက် ၃၀ နှင့် ၁၅ ရက် ဗီဇာ ကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာ (Visa-on-Arrival) စနစ်များသို့ ပြန်လည် ပြောင်းလဲသတ်မှတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားသားခရီးသွားအများစု၏ ပျမ်းမျှနေထိုင်ချိန်မှာ ၉ ရက်သာရှိသဖြင့် ထိုဗီဇာသက်တမ်းတိုတောင်းသွားမှုကြောင့် ခရီးသွားဝင်ရောက်မှုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာန ဝန်ကြီး Surasak က ပြောကြားခဲ့သည်။ ထို့အပြင် အဓိကဈေးကွက်ဖြစ်သော အိန္ဒိယနိုင်ငံကဲ့သို့သော နိုင်ငံများအတွက် ၁၅ ရက် ဗီဇာကင်းလွတ်ခွင့်ပေးရန် ဗီဇာကော်မတီသို့ တောင်းဆိုသွားရန်လည်း ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ၂၀၂၀ ပြည့်နှစ်ကတည်းက အဆိုပြုခဲ့သော်လည်း အကောင်အထည်မဖော်ရသေးသည့် ‘ခရီးသွားဝင်ကြေး’ (Tourist Tax) ကို လက်ရှိငွေကြေးဖောင်းပွမှုနှင့် အာမခံကြေးမြင့်တက်လာမှုများကြောင့် ယခင်ကလျာထားသည့် ဘတ် ၃၀၀ ထက် ပိုမိုတိုးမြှင့်ကောက်ခံရန် ထိုင်းအစိုးရက စဉ်းစားနေသည်။

နိုင်ငံခြားသားများ ပေးဆောင်ရန်ပျက်ကွက်သည့် ဆေးကုသစရိတ်ကြောင့် ထိုင်းဆေးရုံများတွင် တစ်နှစ်လျှင် ဘတ် ၂ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးနေရသဖြင့် ကောက်ခံရရှိမည့် ခရီးသွားဝင်ကြေးအများစုကို ပုဂ္ဂလိက ဆေးရုံများတွင်ပါ အကျုံးဝင်မည့် မတော်တဆမှုအာမခံအတွက် ခွဲဝေသုံးစွဲမည်ဖြစ်ပြီး ကျန်ရှိသည့်ပမာဏကို ခရီးသွားနေရာများ ထိန်းသိမ်းရန်နှင့် အခြေခံအဆောက်အအုံများမြှင့်တင်ရန် အသုံးပြုမည်ဖြစ်သည်။ ယခုအခါ ခရီးသွားများအပေါ် မထိခိုက်စေမည့် အခွန်ကောက်ခံနည်းလမ်းများဖြစ်သော လေယာဉ်လက်မှတ်များမှတစ်ဆင့် ကောက်ခံခြင်း (သို့မဟုတ်) Thailand Digital Arrival Card (TDAC) စနစ်တို့အနက်မှ သင့်တော်ရာကို အချောသတ်ဆွေးနွေးနေကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ကမ္ဘာ့အခြေအနေအရ အမေရိကန်နှင့် အီရန် အကြား ရှည်ကြာနေသော ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုပမာဏမှာ လျာထားချက်ဖြစ်သည့် ၃၃ သန်းသို့ ပြည့်မီရန်ရုန်းကန်ရနိုင်သဖြင့် ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအာဏာပိုင် (TAT) ကို ၂၀၂၆ ခုနှစ်အတွက် ရည်မှန်းချက်များနှင့် မဟာဗျူဟာများကို ပြန်လည်ပြင်ဆင် သတ်မှတ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး