အမေရိကန်နိုင်ငံသည် အိန္ဒိယနိုင်ငံသို့ စွမ်းအင်တင်ပို့မှု မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် သံအမတ်ပြောကြား
ဟော်မုဇ်ရေလက်ကြားအတွင်း အနှောင့်အယှက်များကြောင့် ထိခိုက်မှုများနှင့်ကြုံတွေ့နေရသည့် အိန္ဒိယနိုင်ငံသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို ပိုမိုရောင်းချရန် ကြိုးပမ်းလျက်ရှိသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ စွမ်းအင်တင်သွင်းမှုကဏ္ဍတွင် အရင်းအမြစ်များကို ပုံစံမျိုးစုံ ခွဲခြားတင်သွင်းခြင်းအပေါ် လိုလိုလားလား ရှိနေကြောင်း၊ ယင်းမှာ အမေရိကန်စွမ်းအင်များကို ပိုမိုဝယ်ယူခြင်းကိုဆိုလိုကြောင်းအမေရိကန် သံအမတ်ကြီး ဆာဂျီယို ဂေါရ် (Sergio Gor) က Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။ "လူတွေဟာ အမေရိကန်ဆီကနေ ဝယ်ယူဖို့ တော်တော်လေး လိုလိုလားလားရှိကြပြီး ဒါကိုလည်း ကျွန်တော်တို့ အလွန်ပဲ ဝမ်းမြောက်မိပါတယ်" ဟု ဂေါရ်က ပြောကြားခဲ့ကြောင်း Bloomberg တွင် ဖော်ပြထားသည်။
သံအမတ်ကြီး ဂေါရ်၏ မှတ်ချက်စကားများသည် လာမည့် သီတင်းပတ်အတွင်း နယူးဒေလီမြို့သို့ သွားရောက်ရန်ရှိသည့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်ကတည်းက အိန္ဒိယ၏ အကြီးမားဆုံး စွမ်းအင်ပံ့ပိုးသူ ဖြစ်လာခဲ့သည့် ရုရှားနိုင်ငံထံမှ ရေနံတင်သွင်းမှုများကို ရပ်တန့်ရန် အမေရိကန်က အိန္ဒိယအပေါ် ကာလရှည်ကြာ ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။
ယခုနှစ်အစောပိုင်းက ထရမ့်အစိုးရသည် ရုရှားနှင့်ကုန်သွယ်မှု ပြုလုပ်ခြင်းကို အကြောင်းပြ၍ အပြစ်ပေးသည့်အနေဖြင့် အိန္ဒိယကုန်စည်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ထရမ့်နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီတို့ ကြေညာခဲ့သည့် သဘောတူညီချက်တစ်ခု ၏ အစိတ်အပိုင်းအဖြစ် အဆိုပါအခွန်တိုးမြှင့်မှုများကို နောက်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။ ကနဦး ကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယက ရုရှားရေနံဝယ်ယူမှုများကိုရပ်တန့်ရန် အလဲအလှယ်ပြုလုပ်သည့် အနေဖြင့် အမေရိကန်က အိန္ဒိယကုန်စည်များအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၅၀ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သည်။
သို့သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် မိမိတို့၏ စီးပွားရေးကို ကာကွယ်ရန်အတွက် ရနိုင်သမျှသော အရင်းအမြစ်အားလုံးမှ စွမ်းအင်များကို ဆက်လက် ဝယ်ယူသွားမည်ဟု ပြတ်ပြတ်သားသား ပြောဆိုထားပြီး ရုရှားရေနံတင်သွင်းမှုကိုရပ်တန့်မည်ဟု လူသိရှင်ကြား တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
အီရန်နိုင်ငံအပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်မက်ပြုမှုများကြောင့် ဟော်မုဇ်ရေလက်ကြားတွင် အနှောင့်အယှက်များ ဖြစ်ပေါ်နေစဉ်အတွင်း စွမ်းအင်တင်သွင်းမှုကို အာမခံချက်ရှိစေရေး လုပ်ဆောင်ရန် အိန္ဒိယ အစိုးရသည် ဖိအားများနှင့်ရင်ဆိုင်နေရသည်။ ပဋိပက္ခနှင့်ဆက်နွှယ်ပြီး ရေနံစျေးနှုန်းများ ထိုးတက်လာခြင်းမှ မိမိတို့၏ နိုင်ငံခြားအရန်ငွေကို ကာကွယ်ရန်အတွက် နယူးဒေလီအစိုးရသည် စက်သုံးဆီစျေးနှုန်း မြှင့်တင်ခြင်းနှင့် မရှိမဖြစ်မဟုတ်သောအသုံးစရိတ်များကို ကန့်သတ်ခြင်းအပါအဝင် အစီအမံများစွာကို စဉ်းစားလုပ်ဆောင်လျက်ရှိသည်။
စစ်ပွဲကြောင့် အိန္ဒိယအပေါ်သက်ရောက်လာသည့် ဖိအားများနှင့်ပတ်သက်သော မေးခွန်းတစ်ခုကို တုံ့ပြန်ရာတွင် ဂေါရ်က အဆိုပါရေလက်ကြားကို ပိတ်ပစ်ခဲ့သည့်အတွက် အီရန်တွင်သာ တာဝန်ရှိကြောင်း ပြစ်တင်ပြောဆိုခဲ့သည်။ "ဒါဟာ အမေရိကန်ရဲ့ အပြစ်မဟုတ်ပါဘူး" ဟု ၎င်းက Bloomberg သို့ ပြောကြားခဲ့ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယကို ရုရှားရေနံဝယ်ယူခွင့် ပေးထားကြောင်း၊သို့မဟုတ်ပါက အဆိုပါဝယ်ယူမှုများသည် ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့တတိယအကြီးဆုံး ရေနံဝယ်ယူသူဖြစ်သည့် အိန္ဒိယ နိုင်ငံသည် ၎င်း၏ ရေနံလိုအပ်ချက် ၈၅ ရာခိုင်နှုန်းခန့်အတွက် တင်သွင်းမှုအပေါ် မှီခိုနေ ရသဖြင့် စွမ်းအင်စျေးနှုန်း မြင့်တက်လာမှုများနှင့် ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုပြတ်တောက်မှုဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားရနိုင်ခြေ ရှိနေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
