ဂျပန်နှင့် တရုတ် မော်တော်ကားကုမ္ပဏီများက အသေးစား လျှပ်စစ်ကားအမျိုးအစားတစ်မျိုး ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက်
တိုကျို မေ ၂၈
ဂျပန်နှင့် တရုတ် မော်တော်ကားကုမ္ပဏီများက လာမည့်နှစ်အတွင်း ဂျပန်ဈေးကွက်တွင် အသေးစားလျှပ်စစ်ကားအမျိုးအစား တစ်မျိုးကို စတင်ထုတ်လုပ်ရောင်းချရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ကြိုးပမ်းလျက်ရှိသည့် ကုမ္ပဏီငါးခုတွင် တရုတ်နိုင်ငံမှ Chery Automobile နှင့် ဂျပန်မော်တော်ကားအစိတ်အပိုင်း လက်လီရောင်းချသည့်ကုမ္ပဏီ Autobacs Seven တို့ ပါဝင်သည်။
ထုတ်လုပ်မည့် အသေးစားလျှပ်စစ်ကား၏ ပထမမော်ဒယ်သည် တရုတ်ကားကုမ္ပဏီ Chery Automobile ၏ နည်းပညာကိုအသုံးပြု၍ ယာဉ်မောင်းအား အကူအညီပေးသည့် လုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်သည်။
အဆိုပါ မော်တော်ယာဉ်များကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဖြစ်ပြီး ဂျပန်ဈေးကွက်တွင် ရောင်းချရန်အတွက် ဂျပန်ကားကုမ္ပဏီ Autobacs Seven က နိုင်ငံတစ်ဝန်းရှိ ၎င်း၏ကွန်ရက်များကို အသုံးပြုမည်ဖြစ်သည်။
အသေးစားလျှပ်စစ်ကားများ ဝယ်ယူသူများအတွက် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုကိုလည်း ပေးမည်ဖြစ်ကြောင်း သိရသည်။
ပထမဆုံးမော်ဒယ်ကို လာမည့်နှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၉ ခုနှစ်တွင် မော်ဒယ်သုံးခုအထိ အဆင့်မြှင့်ထုတ်လုပ်ရန် စီစဉ်ထားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
