EU က ရုရှားရေနံစျေးနှုန်းအပေါ် သတ်မှတ်ချက် (Price Cap) ကို ပြောင်းလဲရန် စဉ်းစားသုံးသပ်နေကြောင်း Bloomberg ဖော်ပြ

News Image

  • EU က ရုရှားရေနံစျေးနှုန်းအပေါ် သတ်မှတ်ချက် (Price Cap) ကို ပြောင်းလဲရန် စဉ်းစားသုံးသပ်နေကြောင်း Bloomberg ဖော်ပြ

Bloomberg သတင်းဌာန၏ ဖော်ပြချက်အရ ဥရောပသမဂ္ဂ (EU) သည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသောစစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ အဆမတန်မြင့်တက်ကာ စီးပွားရေးရိုက်ခတ်မှုများ ကြုံတွေ့နေရသဖြင့် ရုရှားရေနံအပေါ် ချမှတ်ထားသော စျေးနှုန်း ကန့်သတ်ချက် (Price Cap) ကို ယာယီဆိုင်းငံ့ရန် စဉ်းစားသုံးသပ်နေသည်။ 

ယင်းအဆိုပြုချက်သည် လာမည့်ဇွန်လဆန်းတွင်ဆွေးနွေးမည့် ယူကရိန်း ပဋိပက္ခဆိုင်ရာ ၂၁ ကြိမ်မြောက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအစီအစဉ် ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လက်ရှိ ကန့်သတ်ချက်ယန္တရားအရ ရုရှား Urals ရေနံစိမ်း၏ ၆ လပတ် ပျမ်းမျှပေါက်စျေးထက် ၁၅ ရာခိုင်နှုန်းလျှော့၍ အလိုအလျောက်စျေးနှုန်းသတ်မှတ်ရာ လက်ရှိတွင် တစ်စည်လျှင် $44.10 ဖြစ်နေသော်လည်း ကမ္ဘာ့ပေါက်စျေးမှာ $86 ဝန်းကျင်အထိ မြင့်တက်နေသည်။ 

ထို့ကြောင့် လာမည့်ဇူလိုင်လ ပြန်လည်သုံးသပ်ချိန်တွင် အလိုအလျောက်တွက်ချက်မှုအရ စျေးနှုန်းကန့်သတ်ချက်သည် $65 ကျော်အထိ မြင့်တက်လာနိုင်သဖြင့် EU အနေဖြင့် ၎င်းစနစ်ကို နှစ်ကုန်အထိ ရပ်ဆိုင်းထားရန် သို့မဟုတ် မူလကန့်သတ်ချက်ဖြစ်သော $60 တွင်သာ ပုံသေထားရှိရန် စသည့်ရွေးချယ်စရာများကို ရှာဖွေနေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ရုရှားနိုင်ငံက အဆိုပါစျေးနှုန်းကန့်သတ်ချက်ကို တရားမဝင်ကြောင်း ကြေညာကာ ၎င်းကိုလိုက်နာသည့်နိုင်ငံများသို့ ရေနံတင်ပို့မှု ချက်ချင်းပိတ်ပင်ခဲ့ပြီး ဥရောပသို့ ပို့ဆောင်ခဲ့သော စွမ်းအင်များကို တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ဘက်သို့ လွှဲပြောင်းတင်ပို့ခဲ့သည်။ လက်ရှိ အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုများကြောင့် ဥရောပတွင် သဘာဝဓာတ်ငွေ့ကြိုပွိုင့်စျေးနှုန်းများ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၆ ခုနှစ်အတွင်း စွမ်းအင်စျေးနှုန်း ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသဖြင့် ဥရောပ စီးပွားရေးသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ 

ထို့အတူ အမေရိကန်နိုင်ငံသည်လည်း ပြည်တွင်းဓာတ်ဆီ စျေးနှုန်းမြင့်တက်မှုကို သက်သာစေရန် ရုရှားရေနံပိတ်ဆို့မှုအပေါ် ကင်းလွတ်ခွင့်ပေးသည့် အစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်၏ ယခင် ကတိကဝတ်များနှင့်ဆန့်ကျင်ကာ ယခုလဆန်းပိုင်းတွင် သက်တမ်းတိုးခဲ့ရကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး