ဩစတြေးလျနိုင်ငံသည် အီရန်စစ်ပွဲကြောင့် မြေသြဇာဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ရာသီဥတုခြောက်သွေ့ခြင်းတို့ကြောင့် ဂျုံထွက်ရှိမှု လျော့နည်းနိုင်ကြောင်း ခန့်မှန်းထား
ဩစတြေးလျနိုင်ငံ၏ လာမည့်ဂျုံရိတ်သိမ်းမှုသည် မြေသြဇာစရိတ်မြင့်မားခြင်းနှင့် ရာသီဥတုခြောက်သွေ့ခြင်းတို့ကြောင့် သုံးနှစ်အတွင်း အနည်းဆုံး ဖြစ်လာလိမ့်မည်ဟု ဩစတြေးလျအစိုးရက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် ဂျုံအများဆုံးတင်ပို့သည့် နိုင်ငံများထဲမှတစ်ခုဖြစ်သော ဩစတြေးလျနိုင်ငံသည် ယခုနှစ်နှောင်းပိုင်းတွင် ဂျုံမက်ထရစ်တန် ၂၆.၇ သန်း ရရှိရန် မျှော်မှန်းထားပြီး ယင်းမှာ ပြီးခဲ့သည့် ရာသီကထက် တန်ချိန် ၉ သန်းခန့် လျော့နည်းသွားခြင်းဖြစ်ကြောင်း ဩစတြေးလျ စိုက်ပျိုးရေး၊ အရင်းအမြစ်စီးပွားရေးနှင့် သိပ္ပံဗျူရို (ABARES) က ၎င်းတို့၏ သုံးလပတ် သီးနှံအစီရင်ခံစာတွင် ဖော်ပြထားသည်။
အီရန်စစ်ပွဲကြောင့် မြေသြဇာဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းနှင့်အတူ ဩစတြေးလျအရှေ့ပိုင်းတွင် မိုးရေချိန်နည်းပါးခြင်းတို့က သီးနှံ ထွက်နှုန်းလျော့ကျမှုကို ဖြစ်ပေါ်စေကြောင်း ABARES က ဆိုသည်။ "လက်ရှိ ခန့်မှန်းထားတဲ့ သီးနှံထွက်နှုန်းပြည့်မီဖို့အတွက် လုံလောက်ပြီး အချိန်ကိုက်ဖြစ်မယ့် မြေသြဇာထောက်ပံ့မှုရရှိဖို့နဲ့ လုံလောက်တဲ့မိုးရေချိန်ရရှိဖို့က အလွန်အရေးကြီးပါလိမ့်မယ်" ဟု ABARES က ပြောကြားခဲ့သည်။
အမေရိကန်-အစ္စရေးနှင့် အီရန်စစ်ပွဲမဖြစ်ပွားမီက ဩစတြေးလျ နိုင်ငံသည် ၎င်း၏ ဒီဇယ်လောင်စာနှင့် မြေသြဇာလိုအပ်ချက်အများစုကို လက်ရှိတွင် ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ကိုးကား- Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
