ဒူဘိုင်းသည် အပေါ်ယံတွင် ပုံမှန်ပြန်ဖြစ်နေသော်လည်း ခရီးသွားများ၏ ယုံကြည်မှုပြန်ရရန် ရုန်းကန်နေရ

News Image

  • ဒူဘိုင်းသည် အပေါ်ယံတွင် ပုံမှန်ပြန်ဖြစ်နေသော်လည်း ခရီးသွားများ၏ ယုံကြည်မှုပြန်ရရန် ရုန်းကန်နေရ

ပင်လယ်ကွေ့ဒေသ၏ အဓိကစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအချက်အချာဖြစ်သော ဒူဘိုင်းမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ စားသောက်ဆိုင် များ၌ လူစည်ကားလာမှုများနှင့် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲနေမှုများကြောင့် အပေါ်ယံတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ နေပြီဟု ထင်မှတ်ရသော်လည်း အခြေခံအဆောက်အအုံများနောက်ကွယ်၌ ခရီးသွားလုပ်ငန်းသည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် အီရန်နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ဒူဘိုင်းမြို့ရှိ ထင်ရှားသောနေရာအချို့ ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရပြီး လေကြောင်းပိုင်နက် အနှောင့်အယှက်များ ရှိခဲ့သည်။ လက်ရှိတွင် အဆိုပါ တိုက်ခိုက်မှုများ ကျဲသွားပြီဖြစ်သော်လည်း ခရီးသွားများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရမှုယုံကြည်ချက် (Confidence) မှာမူ ယနေ့တိုင် အပြည့်အဝပြန်လည်ရရှိခြင်း မရှိသေးပေ။ အမေရိကန်၊ ကနေဒါနှင့် ဩစတြေးလျ အစိုးရများ၏ ယူအေအီး (UAE) သို့ ခရီးမသွားရန် သတိပေးချက်များရှိနေဆဲဖြစ်ခြင်းကလည်း ခရီးသွားများအကြား ဝေခွဲမရဖြစ်မှုကို ပိုမိုဆိုးရွားစေသည်။

ထို့အပြင် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာပြီး လူနေမှုစရိတ်ကြီးမြင့်လာခြင်း ကြောင့် ဒေသခံများမှာလည်း အသုံးစရိတ်ကို ပိုမိုခြိုးခြံလာကြသည်။

Moody's ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း၏ ခန့်မှန်းချက်အရ ယခုနှစ် ဒုတိယသုံးလပတ်တွင် ဒူဘိုင်းရှိ ဟိုတယ်အခန်းငှားရမ်းမှုနှုန်းသည် ပဋိပက္ခမတိုင်မီက ၈၀ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၁၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း သိရှိရသည်။ သို့သော်လည်း အနောက်နိုင်ငံသား ခရီးသွား များ လျော့နည်းသွားသည့်နေရာတွင် မိမိတို့နိုင်ငံထက် ဒူဘိုင်းကို ပိုမိုဘေးကင်းသည်ဟု ယူဆကြသည့် ရုရှားနှင့် လက်ဘနွန်နိုင်ငံတို့မှ ခရီးသည်များက အစားထိုး ဝင်ရောက်လျက်ရှိသည်။

လက်ရှိတွင် Ritz-Carlton၊ Mandarin Oriental နှင့် Fairmont ကဲ့သို့သော နာမည်ကြီး အဆင့်မြင့်ဟိုတယ်ကြီးများသည် ခရီးသည်များကို ဆွဲဆောင်နိုင်ရန်အတွက် ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း မကြုံဖူးလောက်အောင်အထိ အခန်းခ ၁၀၀ ရာခိုင်နှုန်း ပြန်အမ်းသည့် Voucher ပေးခြင်း နှင့် နှစ်ညအိပ်လျှင် ၂၀ ရာခိုင်နှုန်းလျှော့ပေးခြင်း စသည့် အထူးပရိုမိုးရှင်းများဖြင့် အပြင်းအထန် ပြိုင်ဆိုင်နေရသည်။ တစ်ဖက်တွင်လည်း စီးပွားရေးလုပ်ငန်းအချို့သည် အသုံးစရိတ်လျှော့ချရန်အတွက် ဝန်ထမ်းများကို လစာလျှော့ချခြင်း သို့မဟုတ် ခွင့်ရက်ရှည်ပေးခြင်းများ ပြုလုပ်နေကြရသည်။

ဒူဘိုင်းအစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည်ဦးမော့လာစေရန် အဆင့်မြင့်ဟိုတယ်များ၏ ညစဉ်အခန်းခွန်ကို ဆိုင်းငံ့ပေးခြင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင် ဘေလ်များပေါ်မှ ၇ ရာခိုင်နှုန်း စည်ပင်သာယာကြေးကို ပယ်ဖျက်ပေးခြင်း၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်း များ၏ လုပ်ငန်းလည်ပတ်ခ စရိတ်ပေးသွင်းရမည့်ရက်ကို ၃ လအထိ ရွှေ့ဆိုင်းပေးခြင်းစသည့် ကူညီပံ့ပိုးမှုများကို ချမှတ်ပေးထားသည်။

ဒူဘိုင်းမြို့သည် ယခင်က ကမ္ဘာ့စီးပွားရေးပျက်ကပ်နှင့် ကိုဗစ်ကပ်ရောဂါတို့ကို ဘဏ္ဍာရေးအင်အားနှင့် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု များဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်ကြုံတွေ့နေရသည့် စိန်ခေါ်မှုသည် ဒူဘိုင်း၏ အဓိကပုံရိပ်ဖြစ်သော လုံခြုံစိတ်ချရမှုကို တိုက်ရိုက်ထိခိုက်စေခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများက ဒူဘိုင်း၏ လေကြောင်းကွန်ရက်နှင့် ရေရှည်အလားအလာမှာ ခိုင်မာနေဆဲဖြစ်သော်လည်း ခရီးသွားများ၏ စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်အတွက် အချိန်အတန်ကြာ ဆက်လက်ရုန်းကန်ရဦးမည်ဟု သုံးသပ်ထားကြသည်။ 

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး