ဗန်းမောက် - အင်းတော်လမ်း (သို့မဟုတ်) မျှော်လင့်မရသော ခရီးကြမ်း
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာနိုင် ငံအထက်ပိုင်းကမြို့နှစ်မြို့ဖြစ်သော ဗန်းမောက်မြို့ နှင့်အင်းတော်မြို့ကြား ဆက်သွယ်ထားသောလမ်းမှာ သာမန်မျှသာဖြစ်သည်။ လမ်းသည် အကောင်းဆုံး လည်း မဟုတ်သကဲ့သို့ အဆိုးဆုံးလည်းမဟုတ်ပေ။
တစ်နာရီခွဲခန့်သာမောင်းနှင်ရမည့် မိုင် (၃၀)ခန့်သာရှိသော ယင်းနှစ်မြို့ကြား အကွာအဝေး ခရီးလမ်းသည် ဒေသတွင်းကမြို့နှစ်မြို့ကိုချိတ်ဆက် ထားသောလမ်းဆိုခြင်းထက် ပို၍အဓိပ္ပာယ်ရှိကြောင်း ကိုမူ ယင်းနှစ်မြို့ကြားမှဒေသခံများအားလုံးက တညီ တညွတ်တည်း ခေါင်းညိတ်ကြပေလိမ့်မည်။
ဗန်းမောက်မြို့ငယ်သည် မြန်မာနိုင်ငံအ တွင်းက တိုးတက်လာမည့်အရိပ်အယောင်ပြနေသော မြို့တစ်မြို့ဖြစ်ပြီး ယခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်။ ရှမ်းနီလူမျိုး၊ ကနန်းလူမျိုး၊ ကဒူးလူမျိုး နှင့် ဗမာလူမျိုးများ ရောနှောနေထိုင်ရာ မြို့နယ်တစ်ခု ဖြစ်ပြီး သံရိုင်း၊ ခဲ၊ ဘော် စသည်ဖြင့် သယံဇာတများအ တွက် မျှော်လင့်ချက်ရှိသောနေရာလည်းဖြစ်သည်။ ဗန်းမောက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှလူများ အ များဆုံးသိရှိရာနေရာကား ဇလုံတောင်ဖြစ်၏။
အင်းတော်မြို့သည်ကား တည်နေရာအရ အချက်အချာကျသောမြို့တစ်မြို့ဖြစ်ပြီး ဒုတိယကမ္ဘာ စစ်အတွင်းကလည်း အင်းတော်၏အရေးပါမှုကြောင့် မဟာမိတ်တပ်များက အဆိုပါမြို့ကိုသိမ်းပိုက်ရန်အ တွက် ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရသောနေရာဖြစ် သည်။ ထို့ပြင် ဗန်းမောက်မြို့အတွက်လည်း အင်း တော်မြို့သည် အရေးပါသောမြို့ဖြစ်သည်။
" အင်းတော်က မန္တလေး-မြစ်ကြီးနား လမ်းပေါ်ရှိတယ်။ ကျွန်တော်တို့ဗန်းမောက်ကကျ တော့ အင်းတော်ကနေတစ်ဆင့်ဝင်ရတာ"ဟု ဗန်း မောက်မြို့ခံတစ်ဦးကဆိုသည်။
ဗန်းမောက်မြို့၏စီးပွားရေးအတွက် အင်း တော်သည် အခရာကျခဲ့ပြီး ယင်းနှစ်မြို့ကြားလမ်း သည် ဗန်းမောက်မြို့ခံများအတွက် အသက်သွေး ကြောသဖွယ်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ဗန်း မောက်-ရန်ကုန်၊ ဗန်းမောက်-မန္တလေး စသည်ဖြင့် ခရီးစဉ်များရှိလာခဲ့သော်လည်း ဗန်းမောက်-အင်း တော်လမ်းသည်ကား ဒေသခံများ၏အကျိုးအတွက် ကောင်းစွာအကျိုးပြုနေဆဲပင် ဖြစ်သည်။
မြေပုံတွင်ဖြန့်ကြည့်လိုက်ပါက ဗန်းမောက် နှင့်အနီးဆုံးမြို့မှာလည်း အင်းတော်မြို့သာလျှင်ဖြစ် ပြီး ကျန်နီးသောနေရာများမှာ ကျေးရွာများသာဖြစ် သည်။ ကျန်မြို့များကိုသွားရောက်လိုလျှင်ကား လမ်း ခရီးအဆင်မပြေသည့်အတွက် တောလမ်းကိုသာလျှင် အားပြုပြီးသွားလာရမည်ဖြစ်သည်။
ယင်းသို့ ကိုင်းကျွန်းမီကျွန်းကိုင်မီ နေထိုင် လာခဲ့သော မြို့နှစ်မြို့အကြားတွင် သွေးခွဲရန်ဝင် ရောက်လာသူများသည်ကား သူပုန်တို့ယူလာခဲ့သော စစ်မီးဖြစ်သည်။
(၂၀၂၄)ခုနှစ် ဩဂုတ်လအတွင်း အင်း တော်မြို့ကို KIA နှင့်အပေါင်းအပါ PDF တို့ စတင် တိုက်ခိုက်ခဲ့သောအချိန်မှစတင်ကာ ယင်းနှစ် မြို့ကြား ခရီးသည် လုံခြုံစွာသွားလာနိုင်ခြင်းမရှိတော့ပေ။ သူ ပုန်တို့က အပြီးသတ်ထိန်းချုပ်နိုင်ခြင်းမရှိသေးသော ကြားကာလတွင် နှစ်မြို့ကြားသွားလာရသောအခြေအ နေမှာ စိုးတထိတ်ထိတ်ရှိခဲ့ကြရသည်။
ထို့နောက် ယခုနှစ် ဧပြီလအတွင်း အင်း တော်မြို့ကို သူပုန်တို့ထိန်းချုပ်သွားသောအခါ ယင်း နှစ်မြို့အကြား လမ်းပန်းဆက်သွယ်ရေးမှာ လုံးဝအ ဆင်မပြေတော့ဘဲ သေနတ်ပြောင်းအောက်သို့ရောက် ရှိသွားတော့သည်။
" အင်းတော်ကနေဗန်းမောက်ကြား သွား ရေးလာရေးက အင်းတော်ဘက်ကနေ ဝင်လို့မရတော့ ဘူး။ အင်းတော်မရောက်ခင်က ရွာလမ်းခွဲရှိတယ်။ အဲဒီကနေဝင်ရတာ။ ကွင်းလမ်းပေါ့လေ။ ပုံမှန်အတိုင်း ဆိုရင် အင်းတော်မှာဆင်းတယ်။ ပြီးတော့ ဗန်းမောက် ကိုသွားတယ်ပေါ့။ PDF တွေကသိမ်းသွားတော့ မဲဇာ ဘက်ကနေသွားရတာပေါ့"ဟု အခြား ဗန်းမောက် မြို့ခံတစ်ဦးကဆိုသည်။
အင်းတော်မြို့ကိုထိန်းချုပ်ပြီးနောက် သူပုန်တို့က ဗန်းမောက်မြို့ကို ထပ်မံတိုက်ခိုက်ရန်ပြင် ဆင်လာခဲ့ရာ ဗန်းမောက်-အင်းတော်လမ်းတွင် ကန့် သတ်မှုများပြုလုပ်ခဲ့ကြသည်။ စစ်ရေးအခြေအနေအ ရဟုဆိုကာ ယင်းလမ်းပိုင်းကို လုံးဝပိတ်လိုက်ခြင်း လည်းရှိသည်။ လေဆိပ်လည်းမရှိသော ဗန်းမောက် မြို့ငယ်မှဒေသခံတို့သည်ကား မြို့မှထွက်ရန်အတွက် ပင် ပိတ်ပင်ခံရသောကိန်းဆိုက်ခဲ့သည်။ ထို့ကြောင့် ကျေးရွာချင်းဆက်လမ်းများကိုအသုံးပြုရသည်။ ယင်း ရွာလမ်းများမှတစ်ဆင့် လိုရာခရီးကိုသွားရသော်လည်း ခရီးမတွင်လှပါ။
" အင်းတော်မြို့ကို အရင်က စီးပွားရေးအရ အပြန်အလှန်မှီခိုနေရင်းနဲ့ နောက်ဆုံးမှာ အင်းတော် မြို့ကိုထိန်းချုပ်သွားတော့ ဗန်းမောက်မြို့ကလူတွေအ တွက် စီးပွားရေးလုပ်ဖို့က အင်းတော်ကို ရွေးမရတော့ ဘူး။ အဲဒီတော့ တခြားမြို့တွေကို တစ်ခါ ဆက်သွယ်ရ တယ်။ ဒါပေမဲ့ မြို့ကလည်းသေးပြီး လမ်းပန်းဆက် သွယ်ရေးကလည်းခက်တော့ ပိုပြီးအခက်အခဲတွေ့ သွားတယ်"ဟု အင်းတော်မြို့မှတိမ်းရှောင်ခဲ့သူတစ်ဦးက ထိုစဉ်ကအခြေအနေကိုပြန်ပြောင်းပြောပြ သည်။ အင်းတော်ကိုသိမ်းပြီးနောက် ဘက်ပဲ့သွား ရှာသောဗန်းမောက်မြို့သည် ဆက်သွယ်ရေးလည်း လောက်လောက်လားလားကောင်းသည်ဟု မဆိုနိုင် သောအခြေအနေဖြစ်သည်။ (၂၀၂၂)ခုနှစ်မှ စတင် ကာ နယ်မြေလုံခြုံရေးဖုန်းလိုင်းများလည်း အား နည်းနေပြီး အင်တာနက်လည်း ကောင်းစွာသုံးမရ သောအခြေအနေဖြစ်ရာ မီးလောင်ရာလေပင့်သကဲ့ သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် လမ်းလည်းမကောင်း၊ ဆက်သွယ်ရေးလည်းအဆင်မပြေသောကိန်းဖြစ်နေ ခဲ့သည်။ ထို့နောက် ယခုနှစ် ဧပြီလအတွင်း ဗန်း မောက်မြို့ကို သူပုန်တို့ထိန်းချုပ်သွားသောအခါ မူလ ကပင် အားနည်းသော၊ ချို့တဲ့ရှာသော ဗန်းမောက်မြို့ သည် ကြွေကျလုတဲတဲ သစ်သီးတစ်လုံးကဲ့သို့ပင် မြေ လွှာသို့ကျဆင်းကာ အခက်အခဲများကိုရင်ဆိုင်ရတော့ သည်။ သူပုန်တို့ တိုက်ပွဲဖော်ဆောင်ကာ ဗန်းမောက်မြို့ ကိုထိန်းချုပ်လိုက်ပြီးနောက် မြို့ခံအများအပြား နေရပ်စွန့်ခွာခဲ့ကြရသည်။ ထို့ပြင် ဗန်းမောက်မြို့နယ် အတွင်းက ကျေးရွာများသည်လည်း စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ကြရသည်။ အချို့က ဘေးကင်းရာအ ရပ်တွင်ခိုလှုံသည်။ အချို့ကမူ ကျေးရွာများတွင်ကျန် နေရကာ ဘဝတစ်ခုလုံးကို ကံပေါ်ပုံချထားကြရသည်။ အချို့ကား တောတောင်ထဲတွင်ခိုလှုံနေကြသည်။ ဗန်း မောက်မြို့လည်း စစ်ဘေး လုံးဝသင့်သွားပြီဖြစ်ရာ အင်းတော်နှင့်ဗန်းမောက်ကြား လမ်းပန်းဆက်သွယ် ရေးမှာ ပြတ်တောက်လုနီးပါးဖြစ်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆက်သွယ်စရာဗန်းမောက် မြို့သည် လူမနေသော မြို့တစ်မြို့သဖွယ်ဖြစ်သွားပြီး အင်းတော်မှာမူ လုံးဝ လူနေကျဲပါးသွားသောကြောင့် တည်း။
" ဗန်းမောက်မြို့နယ်ထဲကိုဝင်ဖို့က တောင် ပိုင်းကနေ ဗန်းမောက်မြို့နယ်ထဲကိုဝင်ဖို့လမ်းက လုံး ဝ ဝင်လို့မရတော့ဘူး။ ဟိုဘက်ကလည်း ဝင်ခွင့်မပေး၊ ဒီဘက်ကလည်းသွားခွင့်မပေးဘူး။ တောလမ်းကနေ တော့သွားလို့ရမယ်"ဟု ဗန်းမောက်မြို့ခံတစ်ဦးက ဆိုသည်။
သို့သော် ဗန်းမောက်မြို့ကို ပြန်ရန်ခက်သ ကဲ့သို့ ဗန်းမောက်မြို့ခံများသည်လည်း မြို့ကိုမပြန်လို ကြတော့ပါ။ စစ်ဘေးကြုံနေရပြီဖြစ်ရာ နေအိမ်များကို စွန့်ခွာခဲ့ကြရသောဒေသခံများအဖို့မှာ အသက်ဘေး လွတ်ရန်အတွက် ဘေးကင်းရာနေရာသို့သာသွားလို သောကြောင့်ဖြစ်သည်။
သို့သော် လေဆိပ်လည်းမရှိ၊ လှေဆိပ် လည်းမရှိသော ဗန်းမောက်မြို့ခံများသည် မန္တလေးကဲ့ သို့မြို့များကိုတိမ်းရှောင်ရန်အတွက် ကားလမ်းမှ ခက် ခက်ခဲခဲသွားရသောလမ်းကိုမရွေးလိုလျှင် ဟုမ္မလင်း မှတစ်ဆင့်လေယာဉ်စီးပြီး မန္တလေးဘက်သို့လာနိုင် ၏။ သို့သော် ယင်းမြို့သို့ရောက်ရန်ခရီးသည်လည်း မလွယ်လှပါ။
" ဟုမ္မလင်းနဲ့ မြို့နယ်ချင်းဆက်လမ်းက လည်း ပိတ်ထားတာ။ ကားနဲ့ဆိုင်ကယ်ဝင်လို့ရတာကို ပိတ်ထားတာ။ မြို့နယ်ချင်းဆက်လမ်းတောင် အခု နောက်ပိုင်းမှဖောက်ပြီးတာ။ အရင်က အသွားအလာ သိပ်မရှိဘူး" ဟု ၎င်းကဆိုသည်။ ဟုမ္မလင်းသို့ရောက် ပြန်လျှင် လေယာဉ်စီးရန်အတွက် စောင့်ဆိုင်းရသော ကာလကလည်း ကြာလှသည်။
" ဟုမ္မလင်းကနေ လေယာဉ်ကလည်း စောင့်ရတယ်။ လက်မှတ်ကလည်း ချက်ချင်းဝယ်၊ ချက်ချင်းရတာမဟုတ်ဘူး။ ပြီးတော့ လေယာဉ်က နေ့ တိုင်းလည်းမရှိဘူး"ဟု လေယာဉ်လက်မှတ် ကိုယ် စားလှယ်တစ်ဦးကဆိုသည်။ လက်ရှိအခြေအနေအရ ယခင်က တစုတ စည်းတည်းနေထိုင်ခဲ့ကြသော ဗန်းမောက်မြို့ခံတို့မှာ ပြန့်ကျဲသွားသောအခြေ အနေကို ဆိုက်ရောက်သွားသည်။ မြို့နေလူထုသာမ က ကျေးရွာနေလူထုတို့မှာလည်း အလားတူပင် စစ်၏အခက်အခဲကိုကြုံကြရသည်။
" ပြန့်ကျဲသွားသလိုဖြစ်သွားတယ် " ဟု ဗန်းမောက်မြို့ခံတစ်ဦးကဆိုသည်။ သို့သော် ၎င်း၏ အသံမှာ တိုးတိတ်လွန်းလှသည်။
Np News
