တပ်မတော်အတွက် ထာဝစဉ်မြဲမြံ ဆောင်ရွက်နေမည့် စတုတ္ထမဏ္ဍိုင်
နိုင်ငံတိုင်းသည် မိမိနိုင်ငံကိုကာကွယ်စောင့်ရှောက်ရန် အတွက် တပ်မတော်ကိုဖွဲ့စည်းထားကြသည်။ မြန်မာနိုင်ငံသည်လည်း တပ်မတော်တစ်ရပ်ကို ဖွဲ့စည်းထားရှိသည်။ မြန်မာ့တပ်မတော်၏ ထူးခြားလေးနက်မှုမှာ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူပေါ်ထွန်းလာခြင်းဖြစ်သည်။ တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါ်ထွန်းလာသကဲ့သို့ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်းတွင်လည်း ရရှိထားပြီးဖြစ်သည့် လွတ်လပ်ရေးပြန်လည် မဆုံးရှုံးစေရေးအတွက် အဓိကဦးစားပေး ကာကွယ်စောင့်ရှောက်လျက်ရှိသည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို အစဉ်တစိုက် ထမ်းဆောင်လျက်ရှိသည်။
အဆိုပါတာဝန်ကြီးသုံးရပ်ကို ထမ်းဆောင်လျက်ရှိရာတွ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့များ၏ အခန်းကဏ္ဍမှာလည်း အလွန်ပင်အရေးပါလှသည်။ တပ်မတော်သားတိုင်းနိုင်ငံတော် ကာကွယ်ရေး တာဝန်များကို စွမ်းအားပြည့် ထမ်းဆောင်နိုင်ရန်အတွက် တိုက်ပွဲဝင်လိုစိတ်၊ ယုံကြည်ချက်၊ ခံယူချက်မြင့်မားခိုင်မာလာစေရန်၊ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိနေစေရန်နှင့်ရန်သူ၏ခံယူချက်စိတ်များ၊ ယုံကြည်ချက်စိတ်များ ပျက်သုဉ်းစေရန်အတွက် စတုတ္ထင်္ဂ(စတုတ္ထစစ်လက်ရုံး) ဖြစ်သည့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့များအား ဖွဲ့စည်းကြရသည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် စတုတ္ထစစ်လက်ရုံးဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက တပ်မတော်နှင့်အတူ စတင်သန္ဓေတည်ခဲ့သည့်ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် ယခုအခါ (၇၉)နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ပြည်သူ့ဆက်ဆံရေးဆိုသည်မှာ စစ်ဘက်-နယ်ဘက်ဆက်ဆံရေးအထိ သက်ရောက်မှုရှိသည့်လုပ်ငန်းတစ်ရပ်ဖြစ်သည်။ စိတ်ဓာတ်စစ်ဆင်ရေးဟူသည် တပ်မတော်(ကြည်း၊ ရေ၊ လေ) အင်အားစုကြီးတစ်ခုလုံးကို စိတ်ဓာတ်ဖြင့် တည်ဆောက်ခြင်း၊ ပြည်သူကြားက မွေးဖွားလာသော တပ်မတော်နှင့်ပြည်သူကို တစ်သားတည်းဖြစ်စေခြင်းဆိုသည်အထိ စွမ်းပကားရှိသည်။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များသည် တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်း၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းနှင့် စည်းရုံးရေး လုပ်ငန်းများကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေး အတွက် မိမိတို့သိသင့်သိထိုက်သည့် အသိပညာများနှင့် တတ်ကျွမ်းရမည့် အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရသည်။
နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒများကို လေးနက်စွာခံယူနားလည်ပြီး တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကိုပါ နိုင်ငံချစ်စိတ် ပိုမိုမြင့်မားလာစေရန်၊ အမျိုးသားရေး ယုံကြည်ချက်၊ ခံယူချက်များပိုမို တိုးတက်လာစေရန်တို့ကို တစိုက်မတ်မတ် ကြိုးပမ်းနေကြရသည်။
ထို့ပြင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်နေကြသော အရာရှိ/စစ်သည် အဆင့်အတန်းအားလုံးသည် မိမိတို့၏ ကိုယ်စီတာဝန်များကို ယုံကြည်ချက်၊ ခံယူချက်ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နေကြသူများဖြစ်ကြသည်။ စိတ်ဓာတ်စစ်ဆင်ရေး သဘောတရားကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်ကြပြီး ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်တတ်သူများဖြစ်သည်။ ဗဟုသုတပြည့်စုံကြွယ်ဝစေရေး ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာကြရသည်။ သို့မှသာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။
“လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့်အတိုင်း မိမိတို့နှင့် သက်ဆိုင်ရာ ပညာရပ်များကို အစဉ်တိုးတက် မြင့်မားစေရန် လေ့လာလေ့ကျင့်ပြီး လက်တွေ့အသုံးပြုနေကြရသည်။ ထိုသို့လုပ်ဆောင်နိုင်ခြင်းကြောင့်လည်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများ အောင်မြင်နေခြင်းဖြစ်သည်။
အထက်ကပေးအပ်ထားသည့် တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၏ပင်ကိုပါရမီနှင့် အသီးသီးသင်ကြား တတ်မြောက်ထားသည့် စာပေ၊ ဂီတ၊ အနုပညာ၊ မီဒီယာဆိုင်ရာ အတတ်ပညာရပ်များဖြင့် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုများ၏ ပညာရည်မြင့်မားရေး၊ တပ်တွင်းစည်းလုံးညီညွတ်ရေး၊ ရှေ့တန်းရောက် တပ်မတော်သားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေးတို့ အတွက်လည်း သမိုင်းအဆက်ဆက်မှ ယနေ့ထက်တိုင် ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသည်။
တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးကိုမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့အနေဖြင့်တပ်မတော်မှ အားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကို တိုးတက်အောင် စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ထိုသို့ကြိုးပမ်း ဆောင်ရွက်နေကြမှသာ တပ်မတော်သည်လည်း အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် မျိုးချစ်တပ်မတော်အဖြစ် ထာဝစဉ် ရပ်တည်နေနိုင်မည်ဖြစ်သည်။
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့်လည်း ပေးအပ်လာသည့် တာဝန်များကို စေတနာမေတ္တာအပြည့်ဖြင့် ထမ်းဆောင်နေမည်သာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ ဧပြီ ၉ ရက်)
