မိုးကျရေချို
Posted_Date
Image
Body
“မိုးရွာရင်မိုးရေချိုးမယ်” သီချင်းကို လူတိုင်းကြားဖူးကြသည်။ မိုးရေနှင့်မည်သူမျှမကင်းနိုင်ကြပုံကို ဖော်ပြသောသီချင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ အိမ်တိုင်းအိမ်တိုင်းသည် မိုးရေကို တစ်နည်းမဟုတ်တစ်နည်း သုံးဖူးကြသည်။ ဗဟိုရေပေးဝေရေးစနစ်နှင့် အလှမ်းကွာသည့် အိမ်များ၊ ဗဟိုရေပေးဝေရေးစနစ်မှ ရေကိုရယူသော်လည်း မလောက်ငသည့်အိမ်များတွင် မိုးရေကိုခံယူသုံးစွဲကြသည်။ အိမ်တွင်ရှိသည့် ပုံး၊ ခွက်၊ ကန်စသည်တို့ဖြင့် အဆင်ပြေသလို ခံသုံးကာ ရသမျှဖြင့်ရောင့်ရဲနေကြသော်လည်း ရယူသိုလှောင်ရာ၌ နည်းစနစ်မှန်ကန်လျှင် မိုးရေသည် ရေမလုံလောက်သော နေရာများတွင် သန့်ရှင်းသော ရေကောင်းရေသန့်ကို အတိုင်းအတာတစ်ခုအထိ လုံလောက်စွာပေးနိုင်ကြောင်း အောက်ပါတွက်ချက်မှုများ အရသိနိုင်သည်။
ရနိုင်သောမိုးရေပမာဏ
မိမိတို့အိမ်ခေါင်မိုးမှ တစ်နှစ်အတွင်း ကျလာသည့် မိုးရေပမာဏကိုသိလိုလျှင် အမိုးအကျယ်အဝန်းကို ဒေသတွင်းရွာကျသည့်မိုးရေချိန်နှင့် မြှောက်ရသည်။

ဥပမာ- တစ်နှစ်မိုးရေချိန်လက်မ ၁၀ဝ ရွာသောရန်ကုန်တွင် အလျားပေ ၄၀၊ အကျယ် ၂၅ ပေရှိသော အိမ်ခေါင်မိုးမှ တစ်နှစ်အတွင်းကျလာသော မိုးရေပမာဏကို တွက်လျှင် -

မိုးရေများ အမိုးပေါ်ကျရောက်ရာတွင် ဘေးသို့စဉ်ထွက်ခြင်း၊ အမိုးပေါ်၌ တင်ကျန်နေခြင်း၊ အငွေ့ပြန်ခြင်းစသည်တို့ကြောင့် တွက်ချက်ရရှိသည်ထက်လက်တွေ့တွင်ရေအရနည်းသည်။ မည်မျှလျော့နည်းဆုံးရှုံး၍ မည်မျှစီးကျလာသည်ကိုသိရန် အမိုးပစ္စည်းပေါ်မူတည်၍သတ်မှတ်ထားသော “ရေစီးကိန်း”နှင့်မြှောက်ရသည်။ သွပ်၊ အုတ်ကြွပ်ကဲ့သို့ ပြောင်ချောမျက်နှာပြင်ရှိသည့် ပစ္စည်း၏ “ရေစီးကိန်း”သည် သုည ဒသမ ၈ ဖြစ်သည်။ အမိုးပေါ်မိုးရေဂါလန် ၁၀ဝ၀ ရွာကျလျှင် ဂါလန် ၈၃၀ သာ အောက်သို့ စီးကျလာသည့် သဘောဖြစ်သည်။

သက်ငယ်စသည့် မညီညာကြမ်းတမ်းသောမျက်နှာပြင်ပစ္စည်း၏ “ရေစီးကိန်း”သည် သုည ဒသမ ၄ ခန့်ရှိသည်။ ရေစီးကိန်းမြင့်မားလေ စီးကျလာသော ရေပမာဏများလေဖြစ်သည်။ တွက်ချက်မှုပါ အိမ်အမိုးသည် သွပ်မိုးဖြစ်ပါက ၅၁၈၇၅ ဂါလန် x သုည ဒသမ ၈ = ၄၁၅၀ဝ ဂါလန်ရပြီး သက်ငယ်မိုးဖြစ်ပါက ၅၁၈၇၅ ဂါလန် x သုည ဒသမ ၄ = ၂၀၇၅၀ ဂါလန်ရမည်။
တစ်နှစ်ရေဂါလန် ၂၀ဝဝဝ ကျော်သည် တစ်ရက်ဂါလန် ၅၀ ကျော်ဖြစ်၍ မိသားစုတစ်စု၏ သောက်ရေအတွက် ဖူလုံသည်သာမက သန့်ရှင်းဆေးကြောရန် အတွက်ပါ တစ်စိတ်တစ်ပိုင်း ပြေလည်နိုင်သည်။
အောက်ပါဇယားတွင် သွပ်မိုးအိမ်တစ်လုံး၏အမိုးမှ တစ်နှစ်အတွင်း ခံယူရရှိနိုင်သည့်ရေပမာဏကို တွက်ချက်ပြထားသည်။ ဇယားအရ တစ်နှစ် မိုးရေချိန်လက်မ ၂၀ ရွာသောဒေသရှိ စတုရန်းပေ ၄၀ဝ သို့မဟုတ် ပေ ၂၀ ပတ်လည်အမိုးတစ်ခုမှပင် တစ်နှစ် မိုးရေဂါလန် ၃၀ဝ၀ ကျော်မျှရရှိနိုင်ရာ မိုးရေခံယူအသုံးချခြင်းကို နေရာတိုင်းတွင် လုပ်ဆောင်သင့်နေသည်။

အမှိုက်နှင့်အမှုန်
အိမ်ခေါင်မိုးပစ္စည်းအဖြစ် သွပ်မိုး၊ အုတ်ကြွပ်မိုး၊ သက်ငယ်မိုးအပြင် ကျောက်ပြားမိုး၊ ပလတ်စတစ်အမိုး စသည်ဖြင့်အမျိုးမျိုးသုံးကြသည်။ မိုးရေသည် ပင်ကိုကပင် အက်စစ်ဓာတ်ကဲသောသဘောရှိရာ အမိုးပြားမှ သုတ်ဆေးအမှုန်များ၊ သံချေးနှင့်အခြားအမှုန်များသည် မိုးရေတွင် အလွယ်တကူ ပျော်ဝင်လာပြီး ကျန်းမာရေးကို အန္တရာယ်ပြုနိုင်သည်။ အထူးသဖြင့် အပွန်းအပဲ့ပါသော ကျောက်အမိုးပြားတို့မှ ဆင်းလာသော မိုးရေတွင် ကျောက်ဂွမ်းအမှုန်များ ရောယှက်လာတတ်သည်။
မည်သည့်ပစ္စည်းကို သုံးထားသော အမိုးဖြစ်စေ၊ မိုးတစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် အမှိုက်များ၊ ဖုန်မှုန့်များ၊ ငှက်မစင် စသည့် အညစ်အကြေးများ တင်ကျန်နေသည်။ မိုးပြတ်ပြီးနောက် ပြန်ရွာသောအခါ ယင်းအညစ်အကြေးများ ရောယှက်ပါဝင်လာသဖြင့် ဦးစွာခံယူရရှိသော မိုးရေများကို အမှုန်နှင့်အမှိုက်တို့ကို ဖယ်ရှားပေးသည့်ရေလွှဲပိုက်တိုထဲသို့ စီးဝင်စေကာ စစ်ထုတ်ပြီး အမှုန်နှင့်အမှိုက်များ ကုန်မှ သိုလှောင်ကန်ထဲထည့်ရသည်။ မိုးတိတ်သောအခါ ပိုက်တိုတွင်ပါသည့် ပလတ်ကို ဖွင့်လိုက်ခြင်းဖြင့် အမှိုက်ပါသောရေများကို ထုတ်ပစ်ရသည်။
ရေဆင်းပိုက်
ရေတံလျှောက်မှ စီးကျလာသည့်ရေများကိုခံယူသော ပိုက်အရွယ်အစား မှန်ကန်ဖို့ကလည်း အရေးကြီးသည်။ ပိုက်အရွယ်လိုသည်ထက် ပို၍ကြီးလျှင် ကုန်ကျစရိတ်များသည်။ သေးလွန်းလျှင် မိုးရေများ လျှံထွက်ဆုံးရှုံးမည်။ အနေတော်ပိုက်ကို အောက်ပါဇယားဖြင့် ရွေးချယ်အသုံးပြုသင့်သည်။

အမိုးပေါ်မှပါလာသော အမှိုက်များပိတ်ဆို့မှုမရှိစေရန် မိုးရေချိန်နည်းသော်လည်း အနည်းဆုံး နှစ်လက်မပိုက်များကိုသာ သုံးသင့်သည်။
သိုလှောင်ကန်
အမိုးပေါ်မှကျလာသော ရေများကို တစ်နှစ်ပတ်လုံးခံယူလျှင် မိုးနည်းဒေသများတွင်ပင် ရေဂါလန်ထောင်သောင်းချီ၍ရနိုင်သော်လည်း ယင်းပမာဏကိုသိုလှောင်သည့် ရေကန်ဆောက်လုပ်ရန် ငွေကြေးနှင့် နေရာအခက်အခဲရှိမည်ဖြစ်၍ လိုအပ်သည့်ရေပမာဏ၊ တတ်နိုင်သည့် ငွေကြေး၊ ပေးနိုင်သည့်နေရာ အကျယ်အဝန်းတို့ကို ထည့်သွင်းစဉ်းစားပြီး ရေကန်အကြီးအသေး တွက်ချက်ဖို့လိုသည်။
လူငါးဦးနေသည့်အိမ်တွင် သောက်ရေနှင့်ချက်ပြုတ်ရေအတွက် မိုးရေလှောင်ကန်ကိုသာ မှီခိုသုံးစွဲမည်ဟု ယူဆလျှင် တစ်ဦးနှစ်ဂါလန်နှုန်းဖြင့် တစ်ရက် ၁၀ ဂါလန်လိုအပ်သည်။ မိုးအခါတွင် ကန်သည် ရေဝင်လိုက်၊ သုံးလိုက်၊ ပြန်ပြည့်လိုက်ဖြစ်နေမည်။ နှစ်တစ်နှစ်၏ နိုဝင်ဘာလမှ မေလအထိ မိုးရေလုံးဝမရဟု ယူဆပါက ခုနစ်လ သို့မဟုတ် ရက်ပေါင်း ၂၀ဝ ခန့်အတွက် ရေသိုလှောင်ရမည်။
၅ ဦး x ၂ ဂါလန် x ၂၀ဝ ရက် = ၂၀ဝ၀ဂါလန်
ထို့အတူ လူ ၅၀၀ နေသည့်ရပ်ကွက်တစ်ခုအတွက် လုံလောက်သော သောက်ရေကို စုဆောင်းသိုလှောင်ရန် ဂါလန်နှစ်သိန်းဆံ့ရေကန်ကို ဆောက်ရမည်။ ဝင်ငွေများသူတို့မှအပ အများအားဖြင့် ထိုမျှကြီးမားသောရေကန်ကိုဆောက်ရန် တစ်ဦးချင်းဖြစ်စေ၊ ရပ်ကွက်၊ ကျေးရွာအလိုက်ဖြစ်စေ လက်တွေ့တွင် အခက်အခဲရှိသည့်အတွက် တတ်နိုင်သော ငွေကြေး၊ ပေးနိုင်သည့်နေရာတို့ကို ချိန်ဆတွက်ချက်၍ ဖြစ်နိုင်သလောက် အရွယ်ကြီးသောကန်ကိုဆောက်ရသည်။
ရေကန်ကို ပလတ်စတစ်၊ သံပြား၊ သံကူကွန်ကရစ် စသည့်ပစ္စည်းအမျိုးမျိုးဖြင့် တည်ဆောက်နိုင်သော်လည်း အိမ်သုံးအတွက်ဆိုလျှင် ကုန်ကျစရိတ်မများလွန်းသည့်အပြင် တည်ဆောက် ထိန်းသိမ်းရန် လွယ်ကူသော အုတ်ကန်ကို ဦးစားပေး စဉ်းစားဆောက်လုပ်ကြသည်။
မိုးရေလှောင်ကန်ကို မြေပေါ်တွင်ရော မြေအောက်တွင်ပါ ဆောက်လုပ်နိုင်သည်။ မြေအောက်ကန်၏ အားသာချက်များမှာ ကန်တွင်းရှိရေဖိအားကို ကန်ပတ်လည်မြေကြီးက ကန်ထားပေးနိုင်သဖြင့် ကန်နံရံကို မြေပေါ်ကန်ထက်ပို၍ ပါးလွှာစွာဆောက်လုပ်နိုင်သည်။ မြေအောက်ကန်သည် မြေပေါ်ကန်ကဲ့သို့ အပူအအေးကြောင့် ကားထွက်ခြင်း၊ ကျုံ့ခြင်းတို့မပေါ်ပေါက်သဖြင့် ပို၍တာရှည်ခံသည်။
မြေအောက်ကန်ထဲရှိရေသည် မြေပေါ်ကန်ရေထက်ပို၍အေးမြသည်။ မြေအောက်တွင်ရှိ၍ ခေါင်မိုးပေါ်ကျသည့် ရေအပြင် မြေပြင်ပေါ်ကျသည့် မိုးရေကိုပါစုဆောင်း သိုလှောင်နိုင်သည်။ မြေပြင်သည် သွပ်မိုးစသည်တို့ကဲ့သို့ မချောမွေ့သောကြောင့် “ရေစီးကိန်း”သည် သွပ်မိုးရေစီးကိန်းထက် များစွာလျော့နည်းသဖြင့် မြေအောက်ကန်ထဲဝင်နိုင်သည့် ရေပမာဏသည် ဧရိယာတူသွပ်မိုးပေါ်ကျသည့်ရေထက် တစ်ဝက်မကနည်းသည်ဟု ယူဆတွက်ချက်သင့်သည်။
မြေအောက်ကန်၏ အားနည်းချက်များမှာ မြေပြင်တစ်လျှောက်စီးလာသောရေသည် အမိုးပေါ်မှကျလာသောရေထက် ယေဘုယျအားဖြင့် အရည်အသွေးနိမ့်သည်။ ကန်ယိုစိမ့်မှုဖြစ်လျှင် သိရန်မလွယ်သည့်အပြင် ပြင်ဆင်ဖာထေးရန်ခက်သည်။ ဘေးပတ်လည် မြေကြီးထဲမှ ညစ်ညမ်းရေများဝင်နိုင်သည်။ ကန်ကိုဆေးကြောလို၍ ကန်ထဲမှရေထုတ်ယူလျှင် မြေပေါ်ကန်ထက်ပိုခက်သည်။
ကျန်းမာရေးရှုထောင့်
ရေကန်ထိန်းသိမ်းခြင်းဟုဆိုရာတွင် ခိုင်ခံ့မှုတစ်ခုတည်း မဟုတ်ဘဲ ကျန်းမာရေးနှင့် ညီညွတ်စွာ ရေသိုလှောင်ရန်လည်း အရေးကြီးသည်။ ခေါင်မိုးပေါ်မှကျလာသည့်မိုးရေတွင် ရောပါလာသောအမှိုက်နှင့် အမှုန်များကိုဖယ်ရန် ရေဆင်းပိုက်တွင် အနည်ထုတ်ပိုက်တို့ကိုသုံးသည့်အပြင် ရေလှောင်ကန်အဝင်၌ အနည်ထိုင်ကန်၊ ရေစစ်ကန်ကိုလည်း ထားနိုင်လျှင်ကောင်းသည်။ ဖော်ပြပါအနည်ထိုင်ရေစစ်ကန်တွင် အခန်းနှစ်ခန်းပါသည်။
မိုးရေသည် ပထမကန်ထဲသို့ ဦးစွာဝင်ပြီး ပါလာသောအနည်အချို့ထိုင်ကျန်ရစ်၍ ဒုတိယကန်ထဲဆက်ဝင်သည်။ ယင်းကန်ရှိ သဲလွှာသည် အရွယ်သေး အနည်များအပြင် ဗက်တီးရီးယားအချို့ကိုပါ ဖယ်ရှားပေးနိုင်စွမ်းရှိသည်။ ရေစစ်ကန်ကို ပုံပါအတိုင်းသာမဟုတ် အခြားသောနည်းများဖြင့်လည်း တည်ဆောက်နိုင်သည်။
ရေစစ်ကန်ထားရှိခြင်းအပြင် မိုးရေလှောင်ကန်များတွင် စတင်ရေမထည့်မီ အတွင်းနံရံများကို ကလိုရင်းရည်ဖြင့်ဆေးကြောကာ ရောဂါပိုးမွှားများအား ဖယ်ရှားသင့်သည်။ ကလိုရင်းဆေးရည်ဖော်စပ်ရန် ဘလိချင်းပေါင်ဒါ ခေါ် ကယ်လ်စီယမ်ဟိုက်ပိုကလိုရိုက်ကို အသုံးပြုရသည်။ ဘလိချင်း ပေါင်ဒါသည် ကလိုရင်း ၂၄ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းပါသော မဖောက်ထုံးဖြင့် ရောစပ်ထားသည့်ဆေးမှုန့်ဖြစ်သည်။
ကလိုရင်းဆေးဖော်စပ်ရာတွင် ဘလိချင်းပေါင်ဒါကို မုန့်နှစ်ရည်ကဲ့သို့ပျစ်အောင် ရေအနည်းငယ် လောင်းထည့်ရသည်။ မုန့်နှစ်ရည်ကဲ့သို့ ဖြစ်သွားလျှင် ရေထပ်ထည့်၍ ဆက်မွှေပြီးနောက် ရေကန်အတွင်းနံရံများကို သုတ်လိမ်းရသည်။ သုတ်လိမ်းပြီး အနည်းဆုံး နာရီဝက်မျှထားပြီးမှ ရေထည့်သင့်သည်။
စသုံးပြီး အနည်းဆုံးတစ်နှစ်တစ်ကြိမ် ကလိုရင်းရည်ဖြင့် ဆေးကြောရမည် သို့မဟုတ် တစ်နည်းနည်းနှင့် ရောဂါပိုးပါသောရေများ ဝင်ရောက်ပါက သို့မဟုတ် ဝင်ရောက်သည်ဟု သံသယရှိပါက ကလိုရင်းခတ်ခြင်းဖြင့် ရောဂါပိုးများကို ဖယ်ရှားနိုင်သည်။
ရေရှိနေသော မိုးရေလှောင်ကန်များအား ဆေးခတ်ရာတွင် ကန်တွင်းရှိရေပမာဏ ဂါလန် ၁၀ဝ၀ လျှင် ဘလိချင်းပေါင်ဒါဆေးမှုန့် အောင်စဝက်မှ ၁ အောင်စအတွင်းထည့်နိုင်သည်။ အလွယ်ပြောရလျှင် စားပွဲဇွန်းတစ်ဇွန်းမှ နှစ်ဇွန်း သုံးသင့်သည်။ ဖျော်ထားသောဘလိချင်းပေါင်ဒါဆေးရည်ကို ရေပုံးထဲလောင်းချပြီး မွှေတံဖြင့်သမအောင်မွှေကာ ရေပုံးကိုကြိုးချည်၍ ရေကန်တွင်းချရသည်။ ရေပုံးအား ရေမျက်နှာပြင်အောက် နှစ်ပေခန့်မြုပ်သည်အထိ နှစ်ထားပြီး တစ်နေရာလျှင် လေးငါးခါခန့် ဆွဲတင်လိုက်နှစ်ချလိုက် ရေကန်နေရာအနှံ့ပြုလုပ်ရသည်။ ပြီးလျှင် ရေပုံးကိုပြန်ဆွဲတင်ပြီး ရေပုံးအတွင်းရှိ ကလိုရင်းဆေးရည်များကို ရေကန်ထဲသို့ ဖြည်းညင်းစွာလောင်းချ၍ အနည်းဆုံးမိနစ် ၃၀ မျှ ထားရသည်။ကလိုရင်းဆေးခတ်ရာတွင် ရောဂါပိုးများအား ထိရောက်စွာဖျက်ဆီးပစ်နိုင်မှု ရှိ၊ မရှိကို ဆေးခတ်ပြီးသောရေတွင် ကလိုရင်းအကြွင်း ရှိ၊ မရှိ စမ်းသပ်ခြင်းဖြင့် သိနိုင်သည်။ ကလိုရင်းဆေးခတ်ပြီးတိုင်းခတ်ပြီး နာရီဝက်ကြာသောအခါ ဆေးမကိုင်တွယ်ရသေးသောလက်ဖြင့် ခပ်ယူနမ်းကြည့်ရသည်။ ကလိုရင်းအကြွင်းရှိ၍ ကလိုရင်းနံ့ရလျှင် ပိုးများကိုဖယ်ရှားပြီးဟု ယူဆရနိုင်သည်။ ကလိုရင်းနံ့ပြယ်နေလျှင် ရောဂါပိုးဖယ်ရှားမှုစိတ်မချရသေးဟုယူဆ၍ နောက်တစ်ကြိမ် ဆေးထပ်ခတ်ရသည်။
သောက်ရေကန်ကို ကလိုရင်းဖြင့် ဆေးခတ်ခြင်းအပြင် အဖုံးဖုံးထားရန်လည်း လိုအပ်သည်။ အဖုံးမဲ့သောက်ရေကန်များသို့ အညစ်အကြေးများ အလွယ်တကူ ဝင်ရောက်နိုင်သည့်အပြင် ခြင်များ ပေါက်ပွားရာနေရာလည်း ဖြစ်သွားတတ်ကြောင်း သတိပြုသင့်သည်။ထိုင်းနိုင်ငံရှိ မိုးရေလှောင်ကန်များ သောက်ရေကန်များကို လေးထောင့်ပုံ၊ အဝိုင်းပုံစသည်ဖြင့် အမျိုးမျိုးဆောက်လုပ်ကြသည့်အနက် ထိုင်းနိုင်ငံရှိ မိုးရေလှောင်ကန်များသည် ပုံသဏ္ဌာန်ထူးခြားသည်သာမက အောင်မြင်မှုလည်း ထူးခြားစွာရရှိသည်။
ထိုင်းအစိုးရသည် မိုးရေအသုံးချရာတွင် အစဉ်အလာရှိပြီးသော ထိုင်းလူမျိုးတို့ကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာသုံးကြရန် အစီအမံတစ်ခုကို ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့သည်။
ယင်းအစီအမံအရ ထိုင်းအစိုးရက “ရာဝင်အိုး”ကြီးများပုံစံရှိသော မိုးရေလှောင်ကန် တည်ဆောက်နည်းသင်တန်းများကို ကြီးမှူးဖွင့်လှစ်ပို့ချရာ တစ်ရွာလျှင် သင်တန်းသားနှစ်ဦးစီ စေလွှတ်သင်ယူကာ ရွာပြန်အရောက်တွင် ကျန်ရွာသားများကို ဆင့်ပွားသင်တန်းများ ပို့ချခြင်းဖြင့် ကိုယ်တိုင်တည်ဆောက် ထိန်းသိမ်းတတ်စေသည်။ အရွယ်အစားငယ်သော ရေအိုးများသည် မြေအိုးများဖြစ်ကာ အိုးကြီးများ သို့မဟုတ် ကန်များကို “ဖယ်ရိုစီးမင်း”ဖြင့် လုပ်သည်။ “သံကူအခွံပါးကွန်ကရစ်”ဟု ခေါ်နိုင်သည့် ယင်းနည်းပညာသည် ဘိလပ်မြေနှင့်သဲကို အချိုးကျရောစပ်ပြီး အားဖြည့်သံဆန်ခါခွက်နှင့် သံချောင်းများကိုငုံ၍ အိုး၊ ကန်စသည်တို့လုပ်သော နည်းပညာဖြစ်သည်။ မိုးရေလှောင်ကန် ထားရှိလိုသည့် အိမ်ထောင်စုများအတွက် ကုန်ကျစရိတ်၏ သုံးပုံနှစ်ပုံခန့်ကို အစိုးရကထုတ်ပေးသည်။
အစိုးရက ထောက်ပံ့အားပေးသည့်အပြင် အဖွဲ့အစည်းများ၊ တက္ကသိုလ်များက ရွာတိုင်း၊ မြို့တိုင်းတွင် မိုးရေလှောင်ကန်များသုံးကြရန် လှုံ့ဆော်ကြသည်။ တတ်နိုင်သူတို့က အလှူငွေများ ထည့်ဝင်ကြသည်။ တစ်ဦးချင်း၊ မိသားစုအလိုက်၊ ရပ်ရွာအလိုက် စိတ်အားတက်ကြွစွာပါဝင်ကြသဖြင့် ကိုယ်တိုင်လုပ်မိုးရေလှောင်ကန်များအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ ရေကန်များကို ထုတ်လုပ်ရောင်းချသည်။ အသုံးများကာ အရောင်းတွင်သဖြင့် အရေအတွက် အမြောက်အမြားထုတ်နိုင်၍ ဈေးနှုန်းသင့်တင့်စွာ ရောင်းချနိုင်ခြင်းက ရေကန်ကိုပို၍သုံးကြရန် တွန်းအားတစ်ခုဖြစ်သွားသည်။ အစိုးရက ထပ်ဆင့်အားပေးသည့်အနေဖြင့် အိမ်ထောင်စုအားလုံး မိုးရေလှောင်ကန် တည်ဆောက်အသုံးပြုသောပြည်နယ်များကို “ရွှေရေကန်ဆု”ချီးမြှင့်သည်။
ထိုင်းနိုင်ငံ မိုးရေလှောင်ကန်အသုံးချရေး အစီအစဉ်သည် ကမ္ဘာပေါ်တွင် မိုးရေလှောင်ကန်အများဆုံး သုံးသော နိုင်ငံအဖြစ် အသိအမှတ်ပြုခံရသည်အထိ အောင်မြင်မှုရခဲ့သည်။ ၁၉၈၂ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်အတွင်း မိုးရေလှောင်ကန်လုံးရေ ရှစ်သန်းတည်ဆောက်ခဲ့ရာ ၁၉၈၆ ခုနှစ်တစ်နှစ်တည်းတွင်ပင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ်များတွင် ရေကန်လုံးရေနှစ်သန်းနီးပါး ထုတ်လုပ်ရောင်းချခဲ့ရသည်။ နောက်ပိုင်းတွင် ဂါလန် ၂၀ဝ မှ ၄၀ဝ အထိဆံ့သော ကန်ပေါင်း ၁၀ သန်းခန့်ရှိလာသည်။ အသုံးအများဆုံးမှာ ဘတ်ငွေ ၇၅၀ ကုန်ကျသည့် ဂါလန် ၄၀ဝ ဆံ့ကန်များဖြစ်သည်။
ရေသန့်ဘူး အသုံးများလာသော ယနေ့ခေတ်ရောက်သည့်တိုင်အောင် ၂၀၁၂ ခုနှစ် လေ့လာချက်အရ ထိုင်းကျေးလက်လူထု၏ ၄၂ ရာခိုင်နှုန်းသည် သောက်ရေအတွက် မိုးရေလှောင်ကန်များကို အသုံးပြုနေကြဆဲဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံရှိ မိုးရေလှောင်ကန်များထိုင်းနိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှေးအခါကတည်းကပင် စဉ့်အိုးကြီးများ၊ မြေအိုးများ၊ ပုံးများ၊ စည်ပိုင်းများစသည်တို့နှင့် မိုးရေသိုလှောင်အသုံးပြုမှုများရှိသည်။ သို့သော် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်အသုံးချရန် လိုအပ်နေသေးသည်။ စဉ့်အိုးအသုံးပြုခြင်းသည် ရှေးခေတ်က မည်သည့်ပြဿနာမှ မကြားရခဲ့သော်လည်း စက်မှုထွန်းကားလာသော ယခုခေတ်တွင် စက်ရုံများမှထွက်သော ဓာတ်ငွေ့များကြောင့် အချို့ဒေသများတွင် အက်စစ်ကဲသောမိုးရေများ ရွာသွန်းနေရာ အိုးအသားတွင်ရှိနေနိုင်သော ခဲ၊ အာဆင်းနစ်စသည်တို့ သောက်ရေတွင် ပျော်ဝင်ကာ လူ့ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် အန္တရာယ်ရှိ၊ မရှိသုတေသနပြုရန်လိုအပ်သည်။
စဉ့်အိုး၊ မြေအိုး စသည်တို့နေရာတွင် အစားထိုးသုံးနိုင်သည့် ထိုင်းနိုင်ငံ “ဖယ်ရိုစီးမင်း” မိုးရေလှောင်ကန်များကဲ့သို့ ကန်ငယ်များကို မြန်မာနိုင်ငံ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စတင်ထုတ်လုပ်၍ ရုံးအဆောက်အအုံများအတွက် ရေလှောင်ကန်အဖြစ်အသုံးပြုနေသည်ဟု သိရသည်။ ဂါလန် ၂၃၀ ဆံ့ ဖယ်ရိုစီးမင်းကန်သည် ငွေ ၇၀ဝဝဝ ခန့်ကျသင့်သဖြင့် အခြားပစ္စည်းသုံး အရွယ်တူကန်များထက် ဈေးသက်သာသည်။
ဖယ်ရိုစီးမင်းကန်များသည် ကုန်ကျစရိတ်သက်သာသည့်အပြင် ရေရှည်လည်းခံကာ တည်ဆောက်ရလည်း လွယ်ကူသည့်အတွက် အခြားအခြားသောနိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏အချို့ဒေသများတွင် ဌာနအဖွဲ့အစည်းများ၏အစီအစဉ်ဖြင့် အများအပြားဆောက်လုပ်နေသည်။ အိမ်သုံး၊ ရုံးသုံးအတွက်သာမက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၏ သောက်ရေအတွက် ဂါလန်ထောင်သောင်းဆံ့သော အဝိုင်းပုံကန်များကိုပါ အောင်မြင်စွာ တည်ဆောက်အသုံးပြုနေကြသည်။
ဂါလန် ၃၀ဝ၀ ဆံ့ ဖယ်ရိုစီးမင်းကန်ကို တည်ဆောက်လျှင် စုစုပေါင်းကျပ် ၁၇ သိန်းမျှကုန်ကျသည်ဟု သိရသည်။ ကွန်ကရစ်ကန်၊ ဖိုက်ဘာကန်တို့ထက် ဈေးသက်သာသည်။ သုံးစွဲသူများကလည်း သောက်ရေကို အဆင်ပြေစွာ ရရှိသဖြင့် ကျေနပ်ကြပြီး ကန်ထိန်းသိမ်းရေးကို စိတ်ပါလက်ပါ လုပ်ဆောင်ကြသည်ဟု သိရသည်။ ။
MWD
