သက်ကြီးသတိမေ့ရောဂါအကြောင်း သိကောင်းစရာ
Posted_Date
Image
Body
သက်ကြီးသတိမေ့ရောဂါ ခံစားရသူများသည် မေ့လျော့ခြင်းဆိုင်ရာ ဝေဒနာများကို အဓိကခံစားကြရပြီး စိတ်ပိုင်းဆိုင်ရာခံစားရမှုများ ပြောင်းလဲလာကာ အချိန်ကြာလာသည်နှင့်အမျှ လုပ်ဆောင်နိုင်မှုစွမ်းရည်များ ကျဆင်းလာကြသည်။ လူမှုဆက်ဆံရေး အားနည်းလာသောကြောင့် အိမ်တွင်း၌ အနေများလာကြသည်။
အသက်အရွယ် ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်စွမ်းအားနှင့် လုပ်ဆောင်နိုင် စွမ်းရည်နည်းလာပြီး စိတ်အလိုမကျမှုများ ရှိလာနိုင်သော်လည်း မေ့လျော့ရောဂါ ခံစားရသော လူကြီးများတွင် ပို၍ သိသာကာ တဖြည်းဖြည်းပိုဆိုးလာပြီး နေ့စဉ် ပုံမှန်ကိစ္စများပင် မဆောင်ရွက်နိုင်ဖြစ်လာနိုင်သည်။
ပုံမှန်အသက်ကြီးခြင်းနှင့် မေ့လျော့ရောဂါခံစားရမှု ကွာခြားချက် ပုံမှန်အသက်ကြီးလာသဖြင့် မေ့လျော့ခြင်း၊ နာမည်မေ့ခြင်း၊ စကားပြောနေစဉ် စကားလုံးရှာရခက်ခြင်း၊ တွေ့ဆုံရန်ချိန်းဆိုထားသည်များ၊ အရေးကြီးနေ့စွဲများ မေ့တတ်သော်လည်း တစ်ခါတစ်ရံသာဖြစ်၍ ပြန်လည်မှတ်မိတတ်ပါသည်။ ပင်ပန်းနွမ်းနယ်နေချိန်တွင်သာ စိတ်အလိုမကျဖြစ်တတ်သော်လည်း ပုံမှန်အားဖြင့် သာမန်စိတ်အခြေအနေ ရှိတတ်သည်။ ပစ္စည်းအထားမှားသည်ကိုလည်း အစပြန်ရှာနိုင်တတ်သည်။ လူမှုဆက်ဆံရေး အသိုက်အဝန်းတွင် ပုံမှန်သွားလာနေထိုင်ကြသည်။
သက်ကြီးသတိမေ့ရောဂါဖြစ်စေနိုင်သည့်အကြောင်းများ
အယ်လ်ဇိုင်းမားအစရှိသော သက်ကြီးသတိမေ့ရောဂါများသည် ဦးနှောက်တွင် ပုံမှန်မဟုတ်သော Protein ဓာတ်များ စုပုံလာမှုကြောင့် အာရုံကြောဆဲလ်များ ပျက်စီးသေဆုံးကာ အာရုံကြောကွန်ရက်များ ဆက်သွယ်ဆောင်ရွက်နိုင်မှု အားနည်းလာပြီး ပြန်လည်ကောင်းမွန်ရန် ခက်ခဲပါသည်။ သို့ရာတွင် ပြန်လည် ကောင်းမွန်နိုင်သော မေ့လျော့ဝေဒနာ ခံစားရခြင်းများရှိသဖြင့် စနစ်တကျ ရောဂါရှာဖွေကုသသင့်သည်။
အသက်ရလာသည်နှင့်အမျှ သက်ကြီးသတိမေ့ရောဂါကို ခံစားရနိုင်သော်လည်း တချို့သော သတိမေ့လျော့ရောဂါများသည် ငယ်ရွယ်သူများတွင်ပါ ခံစားရတတ်သည်။ မိသားစုဝင်များအတွင်း ရောဂါခံစားရသောမျိုးရိုးရှိပါက မိမိတွင်လည်း ရောဂါဖြစ်နိုင်ခြေများသည်။ အကြားအာရုံ၊ အမြင်အာရုံမကောင်းခြင်း၊ စိတ်ကျရောဂါခံစားနေရခြင်းသည်လည်း သက်ကြီးသတိမေ့ရောဂါကို ပို၍ခံစားရနိုင်ပြီး Down Syndrome ရောဂါခံစားရသောသူများသည် သက်လတ်ပိုင်းများမှာပင် သတိမေ့ရောဂါများ ဖြစ်တတ်သည်။ ယခုအခါတွင် မော်တော်ယာဉ်များမှ ထွက်သောအခိုးအငွေ့များနှင့် သစ်တောလောင်ကျွမ်းမှုများကြောင့် လေထုညစ်ညမ်းခြင်းသည် အာရုံကြောစနစ်များ ယိုယွင်းလာပြီး သတိမေ့ရောဂါခံစားရစေနိုင်ကြောင်းလည်း တွေ့ရှိရသည်။
အဝလွန်ခြင်းနှင့် သွေးတိုး၊ ဆီးချိုရောဂါရှိသူများ၊ သွေးတွင်းအဆီများသူများ၊ ဆေးလိပ်၊ အရက်သောက်သူများတွင် သွေးကြောနံရံများ ထူလာခြင်းကြောင့် သွေးကြောများပိတ်ဆို့ကာ နှလုံးရောဂါ၊ လေဖြတ်ရောဂါဖြစ်နိုင်သည့်အပြင် သက်ကြီးသတိမေ့ရောဂါများကို ခံစားရစေနိုင်သည်။ ကိုယ်ခံစွမ်းအားစနစ် ဖောက်ပြန်ခြင်း၊ ခန္ဓာကိုယ်တွင်းပိုးဝင်ရောင်ရမ်းခြင်း (ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်း)၊ကြာရှည်စွာ အရက်အလွန်အကျွံ သောက်ခြင်းနှင့် လည်ပင်းတို၍ အိပ်နေစဉ် အသက်ရှူရပ်တတ်သောရောဂါ (Sleep Apnea)ကြောင့် ဦးနှောက်တွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များ များလာခြင်းတို့ကြောင့် သတိမေ့လျော့ရောဂါဝေဒနာများ ခံစားရနိုင်သည်။
အသက်ရလာသည်နှင့်အမျှ အထွေထွေ ရောဂါများ ဝင်ရောက်လာခြင်းကြောင့် ဆေးမျိုးစုံ သောက်ရတတ်သည်။ အိပ်ဆေးများ၊ ဓာတ်မတည့်ယားယံမှုကုသသောဆေးများ၊ ဆီးထိန်းဆေးနှင့် တချို့သောဆေးများ၏ ဆိုးကျိုးအဖြစ် မေ့လျော့မှုကိုဖြစ်စေနိုင်သည်။ ဗီတာမင် B1၊ B6၊ B12၊ D ၊ Folic Acid နှင့် တခြားသော သက်စောင့်ဓာတ်များချို့တဲ့ခြင်း၊ သိုင်းရွိုက်ဂလင်းမှာ ဟော်မုန်းထွက်ရှိမှုနည်းလာခြင်း၊ သွေးတွင်းသကြားဓာတ်၊ ကယ်လ်စီယမ်ဓာတ်များ မညီမမျှဖြစ်ခြင်း၊ ရေသောက်နည်းခြင်းတို့သည် သတိမေ့လျော့ဝေဒနာကို ခံစားရစေနိုင်သည်။ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ထိခိုက်မိခြင်းနှင့် ဦးနှောက်အကျိတ်ရှိခြင်းတို့သည်လည်း သက်ကြီးသတိမေ့ရောဂါနှင့်လက္ခဏာတူ ခံစားရသည်။ ထိုကဲ့သို့သော အခြေအနေတွင် မူလဖြစ်စေသောအကြောင်းရင်းကို ကုသခြင်းဖြင့် မေ့လျော့ရောဂါ ဝေဒနာများမှ သက်သာနိုင်ပါသည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
အထက်ဖော်ပြပါအချက်များ၌ တချို့သောရောဂါများမှာ ရှောင်လွှဲ၍ မရသော်လည်း တချို့သော အကြောင်းရင်းများကို ကြိုတင်ပြုပြင်ခြင်းဖြင့် သက်ကြီးသတိမေ့ရောဂါမဖြစ်အောင် ထိုက်သင့်သလောက် ကာကွယ်နိုင်မည်ဖြစ်သည်။ ကျန်းမာသော နေထိုင်စားသောက်မှုပုံစံကို လိုက်နာကျင့်သုံးခြင်းဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့်လေဖြတ်ခြင်းကိုကာကွယ်နိုင်သည်သာမက သက်ကြီးသတိမေ့ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ အသီးအရွက်၊ အစေ့အဆန်နှင့် ငါးများများစားခြင်း၊ အဆီ၊ အငန်၊ အချိုများသောအစာများ လျှော့စားခြင်းသည် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုသည်သာမက သက်ကြီးသတိမေ့ရောဂါ ဖြစ်နိုင်မှုကို လျှော့ချပေးနိုင်ကြောင်း တွေ့ရသည်။
ထို့ပြင် ကိုယ်ရောစိတ်ပါ တက်ကြွစွာ နေထိုင်ရန် လိုအပ်သည်။ ပုံမှန်ကိုယ်လက် လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ တိုက်ချိကစားခြင်း၊ တစ်ရက် နာရီဝက် တစ်ပတ်ငါးရက် လမ်းလျှောက်ခြင်းတို့သည် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုသည်။ စာဖတ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဝါသနာပါရာပညာရပ်တစ်ခု လေ့ကျင့်သင်ကြားနေခြင်း၊ တူရိယာပစ္စည်းများ တီးမှုတ်တတ်ရန် သင်ယူခြင်း၊ ဉာဏ်စမ်းပဟေဠိများ၊ ဂိမ်းကစားခြင်းများသည် ရောဂါဖြစ်ခြင်းကို ကာကွယ်နိုင်သည်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့် စိတ်ဓာတ်ခိုင်မာမှုဖြစ်စေသော Mind-fulness ကျင့်စဉ်များ ဆောင်ရွက်ခြင်းသည် ဦးနှောက်စွမ်းရည်ကို ဆက်လက် ထက်မြက်စေနိုင်သည်။ မိတ်ဆွေအပေါင်းအသင်းများနှင့် စုပေါင်းကခုန် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊မိတ်ဆွေအချင်းချင်း ဆက်သွယ်ပြောဆို သွားလာခြင်း၊ အဖွဲ့အစည်းအလိုက် လူမှုရေး၊ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် သက်ကြီးသတိမေ့ရောဂါ ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်ကြောင်း တွေ့ရသည်။
သာယာနာပျော်ဖွယ်တေးသီချင်းများ၊ တီးလုံးသံများနားထောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် လက်ပွန်းတတီးနေခြင်းသည် ဦးနှောက်စွမ်းအင်ယိုယွင်းမှုကို နှေးစေနိုင်သည်။အရက်၊ ဆေးလိပ်ဖြတ်သင့်သကဲ့သို့ သက်စောင့်ဓာတ်ဗီတာမင်များနှင့် ငါးကြီးဆီစားခြင်း၊ ရေလုံလောက်စွာသောက်ခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေမည့် နည်းလမ်းများ လိုက်နာကျင့်သုံးကာ အိပ်ချိန်အပြည့်အိပ်စက်ခြင်းတို့သည် သတိမေ့ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
မျက်စိနှင့် နားကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး အတွင်းတိမ်ကဲ့သို့သော ကုသ၍ရသောရောဂါများ ကုသခြင်း၊ နားကြားကိရိယာ တပ်ခြင်းဖြင့် သက်ကြီးသတိမေ့ရောဂါ ခံစားရခြင်းမှ သက်သာနိုင်သည်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်၍ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ ကြိုတင်စစ်ဆေးကုသမှု ခံယူထားသင့်သကဲ့သို့ ကာကွယ်ဆေးများလည်း ထိုးနှံထားသင့်သည်။ လူငယ်များအနေဖြင့်လည်း စိတ်ကြွဆေးများ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပြီး ကော်ဖီအလွန်အကျွံသောက်ခြင်းကိုလည်း လျှော့ချသင့်သည်။
ဖေးမကူညီဆောင်ရွက်နိုင်မည့်နည်းလမ်းများ
သက်ကြီးသတိမေ့ရောဂါသည် ပုံမှန်အားဖြင့် ဦးနှောက်တွင်းရှိ အာရုံကြောစနစ်များ တဖြည်းဖြည်းယိုယွင်းပျက်စီးလာ၍ ဖြစ်ရသောကြောင့် ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသော်လည်း လက်ရှိတွင် ဦးနှောက်တွင်းရှိ အာရုံကြောကွန်ရက် ဆက်သွယ်မှုကို ကောင်းစေသည့်ဆေးဝါးများပေး၍ ရောဂါနှေးအောင် ကုသသည့်အပြင် ပုံမှန်မဟုတ်သော ပရိုတင်းများ၊ အမျှင်များ စုပုံလာမှုမဖြစ်ရန် ဦးတည်ပြုပြင်သည့် ဆေးဝါးများနှင့်လည်း ကုသလျက်ရှိသည်။ စိတ်ပိုင်းဆိုင်ရာဝေဒနာများ သက်သာအောင်စိတ်ငြိမ်ဆေး၊ စိတ်ဓာတ်တတ်ကြွဆေး၊ စိတ်ရောဂါကုသဆေးများပေး၍ ကုသကြသည်။
ထို့ပြင် ဗီတာမင် သက်စောင့်ဓာတ်များ၊ ငါးကြီးဆီနှင့် အာရုံကြောအားဆေးများ၊ အာဟာရဖြည့်စွက်မှုများ ပြုလုပ်ပေးကြပြီး တွဲဖက်ရှိနေတတ်သော သွေးတိုး၊ နှလုံး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်းတို့ကိုလည်း စနစ်တကျကုသထားရပါသည်။
ခန္ဓာကိုယ်နှင့်ဦးနှောက်ဆိုင်ရာ ရောဂါများကြောင့်ဖြစ်ရသော မေ့လျော့ဝေဒနာများအတွက် သက်ဆိုင်ရာ အကြောင်းရင်းကို ကုသခြင်းဖြင့် ဝေဒနာများ ပြန်လည်ကောင်းမွန်နိုင်မည်ဖြစ်သည်။
ဆေးဝါးများပေး၍ ကုသမှုအပြင် တေးဂီတများနားထောင်စေခြင်း၊ အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့စေခြင်း၊ မွှေးသည့်ရနံ့များ၊ လှပသောပန်းလေးများ ဖန်တီးထားရှိခြင်း၊ ညင်သာစွာနှိပ်နယ်ပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းသည် စိတ်အေးချမ်းမှုကိုရစေပြီး စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ သက်သာစေသည်။ လူနာနှင့်ဆက်ဆံရာတွင် အပြောအဆို ညင်သာရန်၊ ငြင်းခုန်မှု မပြုရန်လိုအပ်ပြီး စိတ်ပျက်၊ စိတ်အလိုမကျဖြစ်စေသည့်အကြောင်းအရာ၊ အခြေအနေများမှ ဖယ်ရှားထားရန်လည်း လိုအပ်သည်။ ဆီးချုပ်၊ ဝမ်းချုပ်ခြင်း၊ နာကျင်မှုခံစားနေရခြင်းသည် စိတ်အလိုမကျ ဒေါသဖြစ်စေနိုင်သဖြင့် သေချာကြည့်ရှုပြီး သက်သာအောင်လုပ်ပေးရန် လိုသည်။ အုပ်စုလိုက် အားကစားဆောင်ရွက်ပေးခြင်းနှင့် ဦးနှောက်စွမ်းရည်မြင့် ကစားခြင်းများကို လိုက်ပါလုပ်ဆောင်စေခြင်း၊ တရားထိုင်၊ တရားနာခြင်းနှင့် Mindfulness စိတ်တည်ငြိမ်စေမည့် လေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဝေဒနာခံစားရမှုများမှ သက်သာစေနိုင်သည်။
သွားလာလှုပ်ရှားရာတွင် အန္တရာယ်မဖြစ်စေရန် သင့်လျော်သောအကာအရံများ ပြုလုပ်ပေးရမည်ဖြစ်သကဲ့သို့ ရုတ်တရက် ထွက်သွားပြီး လမ်းပျောက်နိုင်သဖြင့် လိပ်စာကတ်၊ ဖုန်းနံပါတ်များ အိတ်ကပ်အတွင်း ထည့်ပေးထားသင့်သည်။ သက်ဆိုင်ရာမိသားစုဝင်များမှလည်း ဝိုင်းဝန်းပြုစုစောင့်ရှောက်ပေးရန် လိုအပ်သောကြောင့် မိသားစုဝင်များ၊ သူနာပြုများကိုလည်း ပြုစုစောင့်ရှောက် ရေးဆိုင်ရာနည်းလမ်းများ သင်ကြားပေးထားရန် လိုအပ်ပါသည်။ သက်ကြီးသတိမေ့လူနာများသည် မကြာခဏ စိတ်ဖောက်ပြန်ခြင်း၊ ရန်လိုခြင်းကြောင့် မိသားစုဝင်များအနေဖြင့် စိတ်ထိခိုက်ရသကဲ့သို့ ကြာရှည်စွာ ပြုစုရသဖြင့် အလုပ်ပျက်၊ လူပန်းစိတ်ပန်းဖြစ်ကာ လူမှုရေး၊ စီးပွားရေးထိခိုက်မှုများ တွေ့ကြုံကြရသည်။
နိုင်ငံတော်နှင့် လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင်များအနေဖြင့် သက်ကြီးရွယ်အိုများနှင့် သတိမေ့ဝေဒနာ ခံစားနေရသူများအတွက် ကုန်ကျစရိတ် သက်သာစွာဖြင့် စနစ်တကျ ပြုစုစောင့်ရှောက်မည့် ဂေဟာများ၊ ရိပ်သာများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ပါက မိသားစုအတွင်း ဝန်ထုပ် ဝန်ပိုးများလျှော့ချနိုင်ပြီး ထိရောက်သော ပြုစုမှုရရှိနိုင်မည်ဖြစ်သည်။ထိုဂေဟာများတွင် ဆရာဝန်၊ သူနာပြုများ၊ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်သူများ၊ စိတ်ပညာရှင်များပါ ဝိုင်းဝန်းစောင့်ရှောက် ကုသပေးရန် လိုအပ်သည်။ သို့မှသာ ရောဂါဝေဒနာခံစားနေရသူများသည် ဘဝနေဝင်ချိန်ကို ညင်သာတန်ဖိုးရှိစွာ ဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။
MWD
Photo Crd - Bangkok Hospital
