သင်္ဘောပေါ်က ဟန်တာဗိုင်းရပ် ကူးစက်မှု ဘယ်လောက်အထိ စိုးရိမ်ရလဲ

Posted_Date

Image

သင်္ဘောပေါ်က ဟန်တာဗိုင်းရပ် ကူးစက်မှု ဘယ်လောက်အထိ စိုးရိမ်ရလဲ

Body

     ၂၀၂၆ ခုနှစ်ရဲ့အစောပိုင်းကာလဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာပြီး လူတွေဟာ ကိုဗစ်-၁၉ ရဲ့ အမှောင်ရိပ်တွေအောက်ကနေလွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ အတ္တလန္တိတ်သမုဒ္ဒရာရဲ့လှိုင်းလုံးတွေကြားမှာ ခရီးနှင်နေတဲ့ MV Hondius အပျော်စီးသင်္ဘောကြီးပေါ်က သတင်းဆိုးတစ်ခုက ကပ်ရောဂါဆိုတာကို ကြောက်ရွံ့နေကြသူတွေကြားထဲမှာ တောမီးပမာပျံ့နှံ့သွားပါတယ်။ အဲဒီသတင်းဆိုးကတော့ ဟန်တာဗိုင်းရပ်(Hantavirus)ဆိုတဲ့ ကြောက်မက်ဖွယ် ဗိုင်းရပ်ဆိုးကြီး သင်္ဘောပေါ်မှာပျံ့နှံ့နေပြီဆိုတဲ့ သတင်းပါပဲ။ ဒီအဖြစ်အပျက်ဟာ ရိုးရိုးဖျားနာမှုတစ်ခုထက် ပိုပြီးထူးခြားနေတာကတော့ ခေတ်မီနည်းပညာတွေ ထွန်းကားနေတဲ့ ဒီကနေ့ခေတ်မှာတောင်မှ သဘာဝတရားရဲ့ မမြင်ရတဲ့ ရန်သူတွေဟာ ဘယ်လောက်အထိ ပြင်းထန်စွာ ခြိမ်းခြောက်နိုင်သလဲဆိုတာကို သက်သေပြလိုက်လို့ပါပဲ။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်တုန်းက အာဂျင်တီးနားနိုင်ငံရဲ့ တောင်ဘက်စွန်း အူရှူဝါရာဆိပ်ကမ်းမှ ခရီးသည်နဲ့ သင်္ဘောသားစုစုပေါင်း ၁၄၉ ဦးကိုတင်ဆောင်ကာထွက်ခွာလာတဲ့ ဒီသင်္ဘောကြီးဟာ အပန်းဖြေခရီးစဉ် တစ်ခုအဖြစ်ကနေ ကြောက်မက်ဖွယ်ရောဂါ ကူးစက်ဇုန်တစ်ခုအဖြစ် ရက်ပိုင်းအတွင်းမှာပဲ ပြောင်းလဲသွားခဲ့ပါတယ်။ ခရီးစဉ်စတင်ပြီး မကြာခင်မှာပဲ လူခုနစ်ဦးဟာ ပြင်းထန်တဲ့ ဖျားနာမှုဝေဒနာကိုခံစားရပြီး သုံးဦးဟာ ပင်လယ်ပြင်မှာတင် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီသတင်းဟာ ဆိုရှယ်မီဒီယာတွေမှတစ်ဆင့် ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားတဲ့အခါ    လူတွေကြားမှာကူးစက်ရောဂါ စိတ်ဒဏ်ရာတွေပြန်လည်နိုးထလာပြီး နောက်ထပ်ကပ်ရောဂါဆိုးကြီး တစ်ခု ထပ်ဖြစ်တော့မလားဆိုတဲ့စိုးရိမ်စိတ်တွေမြင့်တက်ခဲ့ရပါတယ်။

ဟန်တာဗိုင်းရပ်ဆိုတာက တကယ်တော့ အသစ်အဆန်းကြီးမဟုတ်ပါဘူး။ ဒါကို  ၁၉၅၀  ပြည့်နှစ်အတွင်း  ကိုရီးယားစစ်ပွဲမှာ ကုလသမဂ္ဂတပ်ဖွဲ့ဝင်တွေ ဟန်တန်မြစ်ကမ်းနားမှာ စခန်းချရင်းကူးစက်ခံရရာကနေ သိပ္ပံပညာရှင်တွေ စတင်သတိပြုမိခဲ့ကြတာပါ။ ဒါပေမဲ့ MV Hondius ပေါ်မှာတွေ့ရတဲ့ အမျိုးအစားကတော့ အာရှနဲ့ဥရောပမှာတွေ့ရလေ့ရှိတဲ့ မျိုးစိတ်တွေထက် အဆပေါင်းများစွာပြင်းထန်တဲ့ "Andes" မျိုးစိတ်ဖြစ်နေပါတယ်။ ဒီမျိုးစိတ်ရဲ့ ထူးခြားချက်ကတော့ အသက်ရှူလမ်းကြောင်းနဲ့ နှလုံးပိုင်းကို အဓိကတိုက်ခိုက်တာဖြစ်ပြီး ကူးစက်ခံရသူရဲ့ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေရှိပါတယ်။ ဒါဟာ ကိုဗစ်-၁၉ ရဲ့ သေဆုံးမှုနှုန်းထက် အဆပေါင်းများစွာ မြင့်မားနေတာကြောင့် ကျန်းမာရေးပညာရှင်တွေက အထူးစိုးရိမ်နေကြတာပါ။

ဒီဗိုင်းရပ်က သင်္ဘောပေါ်ကို ဘယ်လိုရောက်လာသလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ စိတ်ဝင်စားစရာသင်ခန်းစာတစ်ခုတွေ့ရပါတယ်။   စုံစမ်းစစ်ဆေးမှုတွေအရ နယ်သာလန်ဇနီးမောင်နှံနှစ်ဦးဟာ သင်္ဘောပေါ်မတက်ခင် အာဂျင်တီးနားက အမှိုက်ပုံတစ်ခုနားမှာငှက်ကြည့်ရင်း ကြွက်တွေကနေတစ်ဆင့် ကူးစက်ခံခဲ့ရတာလို့ယူဆရပါတယ်။ ဟန်တာဗိုင်းရပ်က အဓိကအားဖြင့် ကြွက်တွေရဲ့ မစင်၊ ဆီးနဲ့ တံတွေးတွေကနေ လူဆီကိုကူးစက်တာပါ။ အဲဒီကြွက်တွေရဲ့ အညစ်အကြေးတွေ ခြောက်သွေ့သွားတဲ့အခါ အမှုန်အမွှားလေးတွေအဖြစ် လေထဲမှာပျံ့နှံ့နေတတ်ကာအဲဒါကို လူတွေကရှူမိရာကနေ ရောဂါရလာတာဖြစ်ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေကြားထိတွေ့မှုမှာ သတိမထားမိတဲ့ အမှားသေးသေးလေးတစ်ခုကနေ  ကြီးမားတဲ့အန္တရာယ်ကိုဖိတ်ခေါ်လိုက်သလိုပါပဲ။

အခုတွေ့ရှိရတဲ့ "Andes" မျိုးစိတ်ရဲ့နောက်ထပ်စိုးရိမ်စရာ အချက်တစ်ခုကတော့ လူအချင်းချင်းနီးကပ်စွာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ခြင်းဖြစ်ပါတယ်။ ဒါဟာ တခြားသော ဟန်တာဗိုင်းရပ်မျိုးစိတ်တွေမှာ မတွေ့ရတဲ့ ထူးခြားချက်တစ်ခုဖြစ်ပြီး အပျော်စီးသင်္ဘောလို လူတွေစုပြုံနေတဲ့နေရာမှာ ကပ်ရောဂါအသွင်ပျံ့နှံ့သွားဖို့ အလားအလာအလွန်များပါတယ်။ အခုဆိုရင် ပြင်သစ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန်နိုင်ငံတို့မှာလည်း ဒီသင်္ဘောပေါ်ကဆင်းသွားတဲ့ ခရီးသည်တွေနဲ့ ထိတွေ့မိသူတွေထဲမှာ သံသယဖြစ်ဖွယ်လူနာတွေ တွေ့နေရပြီဖြစ်တဲ့အတွက် ဒါဟာ ဒေသတွင်းကူးစက်မှုကနေ တစ်ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

ရောဂါလက္ခဏာပိုင်းမှာလည်း ခွဲခြားရခက်တာက ပြဿနာတစ်ခုပါ။ အစပိုင်းမှာ ရိုးရိုးတုပ်ကွေးလိုပဲ ဖျားမယ်။ ကိုယ်လက်ကိုက်ခဲမယ်။ နုံးချည့်မယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာလာတဲ့အခါမှာတော့ အဆုတ်ထဲမှာရေဝင်လာပြီး အသက်ရှူရ အရမ်းခက်ခဲလာပါလိမ့်မယ်။ ဒီအခြေအနေကို ရောက်ပြီဆိုရင်တော့ လူနာဟာအသက်ရှင်ဖို့ ခဲယဉ်းသွားပါပြီ။ လက်ရှိမှာတော့ ဒီဗိုင်းရပ်အတွက် သီးသန့်ကုသဆေးရယ်လို့မရှိသေးပါဘူး။ ဆေးရုံတွေမှာ လူနာကို အောက်ဆီဂျင်ပေးတာ၊ အသက်ရှူစက်တပ်ပေးတာမျိုးနဲ့ပဲ အသက်ဆက်နိုင်ဖို့ ကြိုးစားပေးရတာဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုဟာ ကုသမှုထက် ပိုပြီးအရေးကြီးနေတာပါ။

ကာကွယ်ဆေးပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေပါသေးတယ်။ အာရှနိုင်ငံတချို့မှာ ကျောက်ကပ်ကိုဒုက္ခပေးတဲ့ မျိုးစိတ်တွေအတွက် ကာကွယ်ဆေးရှိပေမယ့် အခုလိုမျိုးအသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့မျိုးစိတ်တွေအတွက်ကတော့   ကာကွယ်ဆေးကစမ်းသပ်ဆဲ အဆင့်မှာသာရှိပါသေးတယ်။ အမေရိကန်နဲ့ ဗြိတိန်သိပ္ပံပညာရှင်တွေကတော့ နောင်မှာ ဖြစ်လာနိုင်တဲ့ "Disease X" လို့ခေါ်တဲ့  အမည်မသိကပ်ရောဂါ ဆိုးကြီးတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဟန်တာဗိုင်းရပ်ကာကွယ်ဆေးကို အသည်းအသန်ဖော်ထုတ်နေကြပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေနဲ့ ဗိုင်းရပ်တွေကြားက အပြေးပြိုင်ပွဲတစ်ခုလိုဖြစ်နေပါတယ်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကတော့ လောလောဆယ်မှာ ဒီဗိုင်းရပ်ကလူထုကြား ပျံ့နှံ့နိုင်ခြေနည်းပါးသေးတယ်လို့ ဆိုပါတယ်။ ဟန်တာဗိုင်းရပ်ဟာ ကိုဗစ်-၁၉ လောက် ကူးစက်မှုမမြန်သလို၊ ရောဂါလက္ခဏာ မပြသေးတဲ့သူတွေဆီကနေ ကူးစက်ဖို့လည်းမလွယ်ကူဘူးလို့ ယူဆထားပါတယ်။ ဒါပေမဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာတဲ့ဒီအချိန်မှာ နိုင်ငံဖြတ်ကျော်ကူးစက်မှုတွေကိုတော့ လျှော့တွက်လို့မရပါဘူး။ အထူးသဖြင့် အပျော်စီးသင်္ဘောတွေပေါ်မှာ   သန့်ရှင်းရေးနဲ့ ကျန်းမာရေး စောင့်ကြည့်မှုစနစ်တွေကို  အခုထက်ပိုတင်းကျပ်ဖို့လိုအပ်နေတာကိုပြသနေပါတယ်။

MV Hondius အဖြစ်အပျက်က ကျွန်တော်တို့ကို ပေးတဲ့သင်ခန်းစာကတော့    လူသားတွေအနေနဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အထူးသဖြင့် ကြွက်လိုမျိုး ဗိုင်းရပ်သယ်ဆောင်သူတွေနဲ့ ထိတွေ့မှုမှာ အမြဲတမ်းသတိရှိရမယ်ဆိုတာပါပဲ။ အမှိုက်ပုံတွေ၊ သန့်ရှင်းမှုမရှိတဲ့ နေရာတွေမှာသွားလာတဲ့အခါမှာရော၊ တောတောင်တွေထဲမှာ ခရီးသွားတဲ့အခါမှာပါ ကာကွယ်ရေးအလေ့အထတွေကို မမေ့သင့်ပါဘူး။ ဒီဗိုင်းရပ်ဟာ အမှုန်အမွှားအဖြစ် လေထဲကနေတစ်ဆင့် ကူးစက်နိုင်တာကြောင့် နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ လက်ဆေးခြင်းတို့ဟာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်နည်းတွေ ဖြစ်နေဆဲပါ။ဒီဗိုင်းရပ်ရဲ့နောက်ကွယ်မှာ ရှိနေတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို ပိုပြီးနက်နက်ရှိုင်းရှိုင်း လေ့လာကြည့်မယ်ဆိုရင် ဟန်တာဗိုင်းရပ်ဟာ လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို အလွန်ဆိုးရွားစွာ နှောင့်ယှက်နိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ အထူးသဖြင့် အဆုတ်ထဲမှာရှိတဲ့ သွေးကြောလေးတွေရဲ့ နံရံတွေကိုပျက်စီးစေပြီး သွေးရည်ကြည်တွေ အဆုတ်ထဲကို စိမ့်ဝင်စေတာဖြစ်ပါတယ်။ ဒါကြောင့် လူနာဟာ အပြင်ပန်းကြည့်ရင် ကျန်းမာနေသလိုထင်ရပေမယ့် အတွင်းပိုင်းမှာတော့ ရေနစ်နေသလိုမျိုး  အသက်ရှူရခက်ခဲလာတာပါ။

ဒီလိုမျိုး ရုတ်တရက်အခြေအနေဆိုးရွားသွားတတ်တဲ့ သဘာဝကပဲ ဆရာဝန်တွေအတွက် ကုသရအခက်ဆုံးစိန်ခေါ်မှုဖြစ်လာပါတယ်။ ဒါကြောင့် မမြင်တွေ့ရတဲ့ရန်သူနဲ့တိုက်ပွဲမှာ အသိပညာနဲ့ သတိတရားရှိမှုကကျွန်တော်တို့ကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတော့တယ်။

MWD