စိတ်ထားမွန်မြတ်သည့် တို့ကြက်ခြေနီ

Posted_Date

Image

စိတ်ထားမွန်မြတ်သည့် တို့ကြက်ခြေနီ

Body

ကြက်ခြေနီအသင်းသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ စစ်မြေပြင်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်ဖြစ်စေ၊ ကပ်ရောဂါဘေးကြီး ကျရောက်ချိန်ဖြစ်စေ မည်သည့်အရေးပေါ် အခြေအနေတွင်မဆို ကြက်ခြေနီအသင်းသည် ရှေးဦးစွာ ဝင်ရောက်ကူညီသော အဖွဲ့ဖြစ်သည်။

ကြက်ခြေနီအသင်းသည်    လူမျိုး၊ ဘာသာ၊  နိုင်ငံရေးအတွေးအခေါ်၊  လူမှုအဆင့်အတန်းတို့ကို  ခွဲခြားခြင်းမရှိဘဲ   ဒုက္ခရောက်နေသူတိုင်းကို အကူအညီပေးသည်။ စစ်ပွဲအတွင်းတွင် ဒဏ်ရာရသူများကို ကုသပေးခြင်း၊ စစ်သုံ့ပန်းများ၏ အခြေအနေကို ကြီးကြပ်ခြင်း၊ မိသားစုနှင့်ကွဲကွာနေသူများကို ပြန်လည်ဆက်သွယ်ပေးခြင်းတို့သည် အသင်း၏အဓိကလုပ်ငန်းစဉ်များဖြစ်သည်။ ထို့ပြင် ငြိမ်းချမ်းသောအချိန်တွင်လည်း ကျန်းမာရေးကဏ္ဍ၊  သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်မှု၊ သွေးလှူဒါန်းမှု စသည့်ကဏ္ဍပေါင်းစုံတွင် အရေးပါသောအခန်းကဏ္ဍမှ   ပါဝင်လှုပ်ရှားလျက်ရှိသည်။ 

ထို့ကြောင့်  ကြက်ခြေနီအသင်းသည် လူသားတို့၏ အခြေခံအကျဆုံးဖြစ်သည့် အသက်၊ ကျန်းမာရေးနှင့် လူ့ဂုဏ်သိက္ခာကို  ကာကွယ်စောင့်ရှောက်ရာတွင် မရှိမဖြစ်အရေးပါသော အဖွဲ့အစည်းဖြစ်သည်။

ကြက်ခြေနီစေတနာ့ ဝန်ထမ်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဘေးဒုက္ခခံရလွယ်သောဒေသများတွင်  အသက်ဘေးနှင့်နီးကပ်နေသော   ပြည်သူတို့အတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးနေသူများဖြစ်သည်။ ထို့ပြင် လူတစ်ဦးချင်းစီ၏ အသက်ရှင်သန်ခွင့်နှင့် ဂုဏ်သိက္ခာကို အထူးတန်ဖိုးထား၍ ဘေးဒုက္ခခံစားရသူတို့၏မျက်ရည်များကို သုတ်ပေးခြင်းနှင့် ကိုယ်ချင်းစာတရားတို့ကို ဖော်ဆောင်ပေးလျက်ရှိသည်။

မေလ ၈ ရက်သည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မွန်မြတ်လှသည့်    ကြက်ခြေနီလူမှုကရုဏာ လှုပ်ရှားမှုများနှင့် အဆိုပါလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြသည့် စေတနာလုပ်အားရှင်များကို ဂုဏ်ပြုသည့် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။ ကြက်ခြေနီအသင်း၏ အဓိကရည်ရွယ်ချက်မှာ လူနာတစ်ဦးကိုတွေ့ရှိသောအခါ ဆေးရုံ၊ ဆေးပေးခန်းသို့ ချက်ချင်း သို့မဟုတ် အချိန်ပိုင်းအတွင်း မပို့ဆောင်နိုင်ပါက လူနာ၏အသက်အန္တရာယ်အား ရှေးဦးသူနာပြုစုနည်းလမ်းဖြင့် ကူညီကာကွယ်စောင့်ရှောက်ကယ်တင်ခြင်းဖြစ်သည်။

ကမ္ဘာ့ကြက်ခြေနီနေ့၏သမိုင်းကြောင်း၁၉၄၈ ခုနှစ် မေလ ၈ ရက်တွင် စတင်ကျင်းပခဲ့သည့်   ကမ္ဘာ့ကြက်ခြေနီနေ့သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီကို    စတင်တည်ထောင်သူ  ဟင်နရီဒူးနန့်မွေးဖွားခဲ့သည့် မေလ ၈ ရက်ကို ဂုဏ်ပြုခြင်းဖြစ်သည်။   ဟင်နရီဒူးနန့်သည်  နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုများ၏ ဖခင်ကြီးအဖြစ် ကျော်ကြားသူဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း၏ တည်ထောင်သူအဖြစ် လူသိများသည်။ ဟင်နရီဒူးနန့်ကို ၁၈၂၈ ခုနှစ် မေလ ၈ ရက်တွင်  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မွေးဖွားခဲ့သည်။

ဟင်နရီဒူးနန့်သည် ၁၈၅၉ ခုနှစ်တွင် ဆိုဖာရီနိုတိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး စစ်မြေပြင်တွင် ဒဏ်ရာရသူများအား  မည်သူမျှကူညီခြင်းမရှိသည်ကို မြင်တွေ့ခဲ့ရသည်။ ဆိုဖာရီနိုတိုက်ပွဲသည် ဒုတိယအီတလီလွတ်လပ်ရေး စစ်ပွဲ၏အရေးပါသော   တိုက်ပွဲတစ်ခုဖြစ်ပြီး သေဆုံးသူ၊ ဒဏ်ရာရသူ များပြားခဲ့သည်။ 

ထို့ပြင် ဆေးကုသရေးစနစ် မလုံလောက်မှုကြောင့် ဒဏ်ရာရသူများ ဆုံးရှုံးမှုများခဲ့ရသည်။ ထို့ကြောင့် ဟင်နရီဒူးနန့်သည် စစ်ဒဏ်ရာရသူများအား ရွာအနီးဝန်းကျင်မှ လူအများကိုစုဝေးစေ၍  ဘက်မရွေးဘဲ ပြုစုကူညီပေးခဲ့ပြီး ဘက်မရွေးကူညီရန်အတွက် အဖွဲ့အစည်းတစ်ခု လိုအပ်ကြောင်း သိမြင်လာခဲ့သည်။  ထို့နောက် နေရပ်ပြန်ရောက်ချိန်တွင် မိမိကြုံတွေ့ခဲ့ရသော အကြောင်းအရာများကို "A Memory of Solferino" စာအုပ်အား ရေးသားပြုစုခဲ့သည်။ ထိုစာအုပ်ကို နိုင်ငံ့ခေါင်းဆောင်များထံ ရေးသားဖြန့်ဝေပြီးနောက် ၁၈၆၃ ခုနှစ်တွင် သူ၏အားထုတ်မှုဖြင့် ဂျီနီဗာညီလာခံကိုကျင်းပကာ   အပြည်ပြည်ဆိုင်ရာ   ကြက်ခြေနီကော်မတီကို တည်ထောင်ခဲ့သည်။ ထို့နောက် ၁၈၆၄ ခုနှစ်တွင် ဂျီနီဗာသဘောတူညီချက်ကိုချမှတ်ကာ စစ်ဖြစ်ပွားစဉ် ဒဏ်ရာရသူများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် အရပ်သားများအား ကာကွယ်ရန်စံနှုန်းများ သတ်မှတ်ခဲ့သည်။ ၎င်း၏လူသားချင်း စာနာမှုဆိုင်ရာ  လုပ်ဆောင်ချက်များကြောင့် ၁၉၀၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ အမှတ်တံဆိပ် ကြက်ခြေနီ  အမှတ်အသားသည် ဘေးအန္တရာယ်ကျရောက်ချိန်၊ စစ်မက်ဖြစ်ပွားချိန်တွင် ကြက်ခြေနီလှုပ်ရှားမှု၌ ပါဝင်သော အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နှင့်  လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် အမျိုးသားကြက်ခြေနီအသင်းများ၊ လူပုဂ္ဂိုလ်များက လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုသော အမှတ်အသားဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့အစည်းနှင့်  လခြမ်းနီအဖွဲ့အစည်း လူမှုရေးလှုပ်ရှားမှု အဖွဲ့အစည်းကြီးသည် နိုင်ငံတကာဆိုင်ရာ  လူသားချင်းစာနာသော လှုပ်ရှားမှုတစ်ခုဖြစ်သည်။

သက်တမ်းအရှည်ကြာဆုံး လူမှုကရုဏာ အဖွဲ့အစည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော  လူမှုကရုဏာအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်ကျရောက်သူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သောဘဝများအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   မြန်မာနိုင်ငံတွင် ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှစတင်ကာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။  ထို့နောက် ၁၉၃၇ ခုနှစ်တွင်  ဗမာနိုင်ငံ  ကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီက အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း၏ အသင်းဝင်ဖြစ်လာခဲ့သည်။

နိုင်ငံတော်အစိုးရသည်    ဗမာနိုင်ငံကြက်ခြေနီအသင်း အက်ဥပဒေကို ၁၉၅၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အမြဲတမ်းလူမှု ကရုဏာအသင်းအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ အဆိုပါအက်ဥပဒေကို ၁၉၆၄ ခုနှစ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့သည်။  အဆိုပါအက်ဥပဒေအရ စိန့်ဂျွန်းသူနာပြုတပ်ဖွဲ့အား   ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံ    ကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု  ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင်   မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

၂၁ ရာစုတွင် လူမှုကရုဏာဆိုင်ရာ အခြေအနေပြောင်းလဲလာခြင်းနှင့်အတူ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် လူထုအခြေပြုဘေးဒဏ် ခံနိုင်ရေးလုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်ခဲ့သည်။ အရည်အချင်းပြည့်ဝသော စေတနာလုပ်အားရှင်များသည် ရပ်ရွာလူထုအား ၎င်းတို့ဒေသတွင်   ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် ၎င်းတို့၏အားသာချက်များကို သိရှိနိုင်စေရန်   အကူအညီပေးပြီး ရပ်ရွာလူထုအနေဖြင့် ရင်ဆိုင်ရသည့် အခက်အခဲများကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းနိုင်ရန်အတွက်  လိုအပ်သော ကျွမ်းကျင်မှုများ ရရှိလာစေရန် ကူညီပံ့ပိုးပေးခဲ့သည်။ အသင်း၏ဆောင်ရွက်သည့် စီမံကိန်းတိုင်းသည် ရေရှည်တည်တံ့ရေးနှင့်ဘေးဒဏ်ခံနိုင်ရေးကို  အလေးထားဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အခြေအနေများ၊ အရေးပေါ်ကျန်းမာရေး အခြေအနေများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများ၊ အကြမ်းဖက်မှု အခြေအနေများ၏ သက်ရောက်မှုများကို လျော့ပါးစေခြင်းဖြင့် ထိခိုက်ခံစားရသော ရပ်ရွာလူထုအပေါ်   ပိုမိုတိုးမြှင့်ပံ့ပိုးပေးရန်၊ ရပ်ရွာလူထု၏  ဘေးဒဏ်ခံနိုင်စွမ်းကိုမြှင့်တင်ရန်၊ ကျန်းမာရေး၊ ရှေးဦးပြုစုခြင်း၊ ရေနှင့်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ဘေးအန္တရာယ်လျော့ပါးရေး၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အခြေအနေများ၊ အမိုးအကာနှင့်   အသက်မွေးဝမ်းကျောင်း စသည့်ရပ်ရွာလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ အသင်းအဆင့်တိုင်းတွင် ထိရောက်သော တုံ့ပြန်မှုများဆောင်ရွက်နိုင်ရန်အတွက်  ကောင်းမွန်သော ကြိုတင်ပြင်ဆင်မှုဆိုင်ရာ စွမ်းရည်ပြည့်ဝရေး ဆောင်ရွက်ရန်၊   ကြက်ခြေနီအခြေခံမူများ၊   လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တန်ဖိုးများ၊ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ  တန်ဖိုးများ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို အလွှာအသီးသီးတွင် နားလည်မှုနှင့် လေးစားမှုကိုမြှင့်တင်ရန်၊  သာမန်နှင့်အရေးပေါ် အခြေအနေများတွင်  ထိရောက်သော ပြန်ကြားဆက်သွယ်ရေး၊ သတင်းအချက်အလက်ရယူမျှဝေရေးနှင့် အစီရင်ခံရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အသင်းအဆင့်တိုင်း၏    ပြန်ကြားဆက်သွယ်ရေး၊  သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ စွမ်းရည်များကို အားဖြည့်မြှင့်တင်ရန်၊   လူမှုကရုဏာလုပ်ငန်းများတွင် ကျား/မ မတူကွဲပြားမှုနှင့်ကွဲပြားခြားနားမှု၊ ထိခိုက်နစ်နာစေမှုလျော့ပါးရေး၊ စိတ်ပိုင်းနှင့်  လူမှုပိုင်းဆိုင်ရာအားပေးကူညီမှု၊ လူတိုင်း   ပါဝင်ဆောင်ရွက်ခွင့်ရှိမှုနှင့် ရပ်ရွာလူထုနှင့်အတူ လက်တွဲဆောင်ရွက်မှု စသည်တို့ကို   ကဏ္ဍစုံနှင့်ဆက်စပ်သည့် ကိစ္စရပ်များအဖြစ်   ဆောင်ရွက်ရန်၊    အသင်းအဆင့်တိုင်းတွင်  ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အသင်း၏ဥပဒေ၊ နည်းဥပဒေနှင့်အညီ နိုင်ငံတော်၏ အရန်အင်အားအဖြစ်   ပိုမိုတိုးတက်အားကောင်းလာစေရန်၊ လူမှုကရုဏာဆိုင်ရာလိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာတုံ့ပြန်နိုင်ရန်နှင့်  အသင်း၏အဓိက ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်စေရန်အတွက် ပြည်ထောင်စုနယ်မြေ/တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အသင်းခွဲများနှင့် အသင်းခွဲငယ်များ၏ စနစ်နှင့် စွမ်းဆောင်ရည်များ တိုးတက်လာစေရန်၊ ကြက်ခြေနီလူငယ်များ၏  လူမှုကရုဏာလုပ်ငန်းများတွင် တက်ကြွစွာဦးဆောင်ပါဝင် ဆောင်ရွက်နိုင်ရေး စွမ်းရည်မြှင့်တင်ရန်၊ အသင်းအဆင့်တိုင်းတွင် အမှီအခိုကင်းစွာရေရှည်တည်တံ့၍ လုံလောက်သည့် ကိုယ်ပိုင်ရန်ပုံငွေရရှိရေးအတွက် အရင်းအမြစ်များ စုစည်းအသုံးချနိုင်သော စွမ်းရည်တိုးမြှင့်ရန်၊   အသင်း၏လူမှုကရုဏာ လုပ်ငန်းများအား တာဝန်ခံနိုင်မှု၊ စွမ်းဆောင်နိုင်မှုနှင့်ထိရောက်မှု၊ ပွင့်လင်းမြင်သာမှုများ  တိုးမြှင့်နိုင်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်  (လူသားအရင်းအမြစ်နှင့်  ဖွံ့ဖြိုးတိုးတက်မှုစနစ်၊ အစီအစဉ်ရေးဆွဲခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊   အကဲဖြတ်ဆန်းစစ်ခြင်းနှင့်  အစီရင်ခံခြင်းဆိုင်ရာ စွမ်းရည်များ)ကို ပိုမိုအားဖြည့်ဆောင်ရွက်ရန်၊ လက်ရှိကျင့်သုံးနေသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်မှတစ်ဆင့် ပွင့်လင်းမြင်သာမှုနှင့်  တာဝန်ခံနိုင်မှုတိုးမြှင့်စေရန်အတွက် ပြည်တွင်းနှင့်ပြည်ပတွင်   ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် စသည့်မဟာဗျူဟာ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် ရောဂါကပ်ဘေးများ၏ ခြိမ်းခြောက်မှုများသည် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ရှိနေဆဲဖြစ်သော်လည်း ထိုမှောင်မိုက်သော အခြေအနေများကြားတွင် ကြက်ခြေနီအသင်းကြီးသည် မည်သည့်ခွဲခြားမှုမျှမရှိဘဲ လူသားချင်းစာနာထောက်ထားမှု ဟူသော မွန်မြတ်သည့်စိတ်ဓာတ်ဖြင့် အဆက်မပြတ် လင်းလက်နေသော အလင်းရောင်ကြီးတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ကြက်ခြေနီအသင်းကြီးသည်  စစ်မီးတောက်လောင်နေသော စစ်မြေပြင်မှသည် သဘာဝဘေးအန္တရာယ်နှင့် ကပ်ရောဂါကျရောက်နေသော ဒေသများအထိ လူသားတို့၏ ဝမ်းနည်းကြေကွဲဖွယ် ဒုက္ခရောက်ရာအရပ်တိုင်းသို့ စေတနာ၊ ကရုဏာနှင့်ဇွဲလုံ့လတို့ကို ယူဆောင်သွားနိုင်သည့် ကမ္ဘာ့အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းဖြစ်ကြောင်း အသိအမှတ်ပြုရမည်ဖြစ်သည်။ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးခံယူချက်မရွေး လူသားအားလုံး၏အသက်နှင့်ဂုဏ်သိက္ခာကို တန်းတူညီမျှ ကာကွယ်စောင့်ရှောက်သည့် ကြက်ခြေနီ၏မွန်မြတ်သော စံနှုန်းများနှင့်လုပ်ရပ်များသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထာဝရတန်ဖိုးထားရမည့်  အမွေအနှစ် တစ်ခုအဖြစ် တည်ရှိနေမည် ဖြစ်ပါကြောင်း မေလ ၈ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့အား   ဂုဏ်ပြုရေးသား လိုက်ရပါသည်။     ။

MWD