ပညာတံခွန်စိုက်ကာ ကြယ်ကိုဆွတ်မည့် လူရည်ချွန်များသို့

Posted_Date

Image

ပညာတံခွန်စိုက်ကာ ကြယ်ကိုဆွတ်မည့် လူရည်ချွန်များသို့

Body

မြန်မာ့ယဉ်ကျေးမှုနှင့်    စာပေအမွေအနှစ်တွင်လူသားတံခွန်၊ လူရည်ချွန်က၊  မိုးစွန်တမွတ်၊ ကြယ်ကိုဆွတ်လည်း၊ မလွတ်စတမ်း၊ ရမြဲလမ်းတည့် ဟူသောဆိုရိုးစကားသည် ပညာရှိသူ၊ အရည်အချင်းရှိသူ  မျိုးဆက်သစ်တို့အတွက် မည်သည့်ပန်းတိုင်မျှမမြင့်မားလွန်းကြောင်း၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားပါက    အောင်မြင်မှုသည် လက်တစ်ကမ်းတွင်သာ ရှိနေကြောင်း  ခိုင်မာစွာ သက်သေပြနေသည်။  ဤဆိုရိုးသည် ကျား/မ မရွေး လူသားတိုင်း၏ စိတ်ဓာတ်ခွန်အားအမြင့်ဆုံးသော     အောင်ပွဲကိုကိုယ်စားပြုပြီး    အနာဂတ်မျိုးဆက်သစ် လူရည်ချွန်များအတွက် အဓိကလမ်းညွှန်ချက်ဖြစ်သည်။ ဤကဲ့သို့သော  ခိုင်မာသည့်စိတ်ဓာတ် စွမ်းအားဖြင့်သာ ကျွန်ုပ်တို့၏ တိုင်းပြည်ကို တည်ဆောက်နိုင်မည်ဖြစ်သကဲ့သို့ လူရည်ချွန်များအနေဖြင့်    အနာဂတ်နိုင်ငံတော်၏ အဖိုးတန်ဆုံးသော ရတနာများဖြစ်သည့်အလျောက် မိမိတို့၏စွမ်းဆောင်ရည်ဖြင့်   နိုင်ငံ၏အနာဂတ်ကို ပြောင်းလဲပေးနိုင်သော  အင်အားစုများဖြစ်လာစေရန် ပညာတံခွန်စိုက်ကာ  ကြယ်ကိုဆွတ်  လိုသည့်စိတ်ဓာတ်ဖြင့် ကြိုးစားရန်လိုအပ်သည်။

အောင်မြင်မှု၏လက်ရုံးရည်နှင့်နှလုံးရည်

အောင်မြင်မှုဟူသည် ကံတရားအပေါ်တွင်သာ မူတည်နေသည်မဟုတ်ဘဲ ထူးချွန်သူတစ်ဦး၏ လက်ရုံးရည်နှင့်နှလုံးရည်တို့ ပေါင်းစပ်မှုအပေါ်တွင်သာ မူတည်သည်။ ဤဆိုရိုးစကားသည် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံသော လူသားတိုင်းအတွက် ပန်းတိုင်တစ်ခုကို   မည်သို့ရောက်အောင်သွားရမည်ကို အသေးစိတ် ဖော်ပြပေးထားသည်။ 

လူသားတံခွန် ဟုဆိုရာတွင်  ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူသက်သက်ကိုသာ ဆိုလိုသည်မဟုတ်ဘဲ အသိပညာ၊  အတတ်ပညာနှင့်ပြည့်စုံသော ထူးချွန်သူကို  အဓိကထားရည်ညွှန်းခြင်းဖြစ်သည်။ မိုးစွန်တမွတ် ကြယ်ကိုဆွတ်ခြင်းဆိုသည်မှာ  တစ်ဦးတစ်ယောက်၏ဘဝတွင်  မဖြစ်နိုင်ဟုထင်ရလောက်အောင် ခက်ခဲသောစိန်ခေါ်မှုများကို    ပြတ်သားသော ဇွဲ၊  လုံ့လ၊ ဝီရိယတို့ဖြင့်  ကျော်လွှားအောင်မြင်ခြင်းပင်ဖြစ်သည်။  အားမာန်နှင့်ဝီရိယတို့ပေါင်းစပ်လိုက်မှသာ  မလွတ်စတမ်း ရမြဲလမ်း ဆိုသည့် အောင်ပွဲဆီသို့ မုချမလွဲရောက်ရှိနိုင်မည်ဖြစ်သည့်အတွက်  ဤခိုင်မာသောစိတ်ဓာတ်ကို အခြေခံ၍ လူရည်ချွန်တို့သည်  မိမိတို့၏ဘဝခရီးလမ်းကို သာမန်လမ်းကြောင်းထက် ပိုမိုမြင့်မားသော  အောင်မြင်မှုလမ်းကြောင်းပေါ်သို့  တည်ဆောက်သွားကြရမည်ဖြစ်သည်။

ပန်းတိုင်ဆီသို့ ခိုင်မာသောခြေလှမ်းများ

လူရည်ချွန် ဆိုသည့် ဂုဏ်ထူးဆောင်ဘွဲ့သည် ပညာတတ်မြောက်ရုံသက်သက်ဖြင့်  မရရှိနိုင်ဘဲ တန်ဖိုးမြင့်မားသော   နိုင်ငံသားကောင်းပီသမှသာ ရရှိနိုင်သည့်ထူးချွန်ခြင်း၏     အမှတ်တံဆိပ် တစ်ခုဖြစ်သည်။  သို့သော် အောင်မြင်သူတိုင်းသည် ထူးချွန်သောလူသားဘဝသို့   အရောက်လှမ်းနိုင်ကြသည်တော့ မဟုတ်ပါ။ တန်ဖိုးရှိသော လူသားတစ်ယောက်၏  အဓိကသော့ချက်မှာ ကိုယ့်အတ္တ အကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ ပရဟိတနှင့်အများပြည်သူ၏ အကျိုးစီးပွားကိုသာ   အမြဲဦးထိပ်ထားတတ်သော စိတ်နှလုံးသားကို  ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။ ဇွဲကောင်းပြီး စွမ်းဆောင်ရည်မြင့်မားသူတို့၏ ဘဝခရီးသည်  အခက်အခဲမည်မျှပင်ကြီးမားစေကာမူ     အောင်မြင်မှု၏ အထွတ်အထိပ်ဆီသို့ ရောက်ရှိနိုင်ကြောင်း သက်သေပြလျက်ရှိသည်။

မျိုးဆက်သစ်လူရည်ချွန်မောင်မယ်တို့ကို ကျွန်ုပ်တို့ ပေးအပ်လိုသောအမွေမှာအခြားမဟုတ် နိုင်ငံ့အကျိုး၊ အများအကျိုးကို  ဦးထိပ်ထားနိုင်သည့် မြင့်မြတ်သောစိတ်ဓာတ် ပင်ဖြစ်သည်။ အသက်နှင့်ရင်းပြီး  မိမိဘဝကိုရင်းနှီးကာ  တိုက်ပွဲဝင်နေရသည့်တိုင် သာသနာ့အကျိုး၊ ပြည်သူ့ကောင်းကျိုး ကိုသာ   အစဉ်အမြဲထားရှိသော စိတ်ဓာတ်သည် လူရည်ချွန်တို့၏  အသက်သွေးကြောပင်ဖြစ်သည်။ 

ဤမြင့်မြတ်သောစိတ်ထားအမွေကို  မြန်မာပြည်မြေပြင်ပေါ်တွင်  အစဉ်ထာဝရ ထွန်းတောက်နေအောင် ဆက်လက်ထိန်းသိမ်း ဖော်ဆောင်ပေးရမည်ဖြစ်သည်။

ထို့ပြင်  ခေါင်းဆောင်ကောင်းဆိုသည်မှာ  ချီးမြှင့်ထိုက်သူကိုချီးမြှင့်ရမည်၊ မြှောက်စားထိုက်သူကိုမြှောက်စားရမည်ဟူသော အစဉ်အလာကောင်းကို တန်ဖိုးထားတတ်သူများဖြစ်သည်။  ခေါင်းဆောင်လောင်းများဖြစ်ကြသည့်  မောင်တို့၊  မယ်တို့အနေဖြင့်လည်း  ဂုဏ်ပြုထိုက်သူကို  ဂုဏ်ပြုရမည် ဆိုသည့်    ဤမွန်မြတ်သောအမွေကိုဆက်ခံရင်း နောင်လာနောက်သားတို့လက်သို့  အစဉ်အဆက် လက်ဆင့်ကမ်း ပေးနိုင်ကြရမည်ဖြစ်သည်။

စိတ်ဓာတ်ခိုင်မာပြီး  အများအကျိုးကို ရှေ့တန်းတင်သည့်   ဤမဟာဗျူဟာမြောက်စိတ်ဓာတ်သည်သာ  လူငယ်တို့လက်ကိုင်ထားရမည့် အစစ်မှန်ဆုံးသော ပညာရေးအမွေဖြစ်ပါတော့သည်။

လူရည်ချွန်တို့၏ ဂန္ထဝင်လမ်းညွှန်ချက် ဆုတောင်း

၁၉၆၅ ခုနှစ်      လူရည်ချွန်တံခွန်စိုက်ဆုရှင် တင်လှိုင်(မန္တလေး)  ရေးစပ်သီကုံးခဲ့သည့် ဆုတောင်း ကဗျာသည် မြန်မာ့ပညာရေး သမိုင်းတွင် အဖိုးမဖြတ်နိုင်သော ဂန္ထဝင်မော်ကွန်းတစ်ခုပင်ဖြစ်သည်။ထိုခေတ်က  လူရည်ချွန်ဖြစ်ခဲ့သူ တင်လှိုင်(မန္တလေး)(စာရေးဆရာလယ်တွင်းသား စောချစ်)၏ နှလုံးသားထဲမှပေါက်ဖွားလာသော ဤကဗျာသည် လူရည်ချွန်များအတွက်  ပညာအရည်အသွေးထက် ပိုမိုမြင့်မြတ်သည့် မျိုးချစ်စိတ်ဓာတ်ကို အမြစ်တွယ်စေခဲ့သည်။ ဤကဗျာသည် လူရည်ချွန်များ၏ ဘဝ လမ်းကြောင်းအတွက်သာမက တိုင်းပြည်၏အနာဂတ်အတွက်ပါ အရေးအကြီးဆုံးသော လမ်းညွှန်မှတ်တိုင်တစ်ခုဖြစ်သည်။

ကဗျာဆရာတင်လှိုင်(မန္တလေး)သည် ၎င်း၏ကဗျာထဲတွင်  ပညာတတ်မြောက်ခြင်း၏  အနှစ်သာရမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ  တိုင်းပြည်အတွက်ဖြစ်ကြောင်း အလွန်လှပသော စကားလုံးများဖြင့် ဆုမွန်ကောင်းတောင်းပေးထားသည် -

            “ပညာတံခွန်၊ လူရည်ချွန်၍

            မွန်သည့်သူများ ဖြစ်ပါစေ။

            တိုင်းကျိုးပြည်ကျိုး၊ သယ်ကာပိုးသည့်

            မျိုးချစ်သူများ ဖြစ်ပါစေ။

ဤကဗျာ၏   နက်ရှိုင်းသောအဓိပ္ပာယ်မှာ ပညာတံခွန် စိုက်ထူနိုင်သော လူရည်ချွန်တစ်ဦးသည် ပညာတတ်မြောက်ခြင်းကိုသာမက     စိတ်ဓာတ်မြင့်မြတ်သူ(မွန်သည့်သူ)   ဖြစ်ရန်လိုအပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပညာသည် နိုင်ငံ၏အားကိုးရာဖြစ်ရန်အတွက် တိုင်းကျိုးပြည်ကျိုးကို သယ်ပိုးနိုင်သောမျိုးချစ်စိတ်ဓာတ်နှင့် ခွဲခြား၍မရပါ။  ကဗျာဆရာ၏ ဆုတောင်းသည် ရိုးရှင်းသော်လည်း အလွန်ပင်ခွန်အားကြီးမားလှသည်။ သူ၏ဆုတောင်းသည် လူရည်ချွန်တိုင်းအား  မိမိတို့၏အသိပညာကို  နိုင်ငံတော်၏အကျိုးစီးပွားအတွက် အသုံးချရန် တိုက်တွန်းနေခြင်းပင်ဖြစ်သည်။

ကဗျာ၏နိဂုံးတွင်လည်း        ကဗျာဆရာ တစ်ယောက်၏  မေတ္တာအပြည့်ဖြင့် ဤသို့ဆုမွန်တောင်းပေးထားပါသည် -

            “အစ်ကို့ဆုတောင်း၊ ဆုအပေါင်းကို 

            ကောင်းစွာ ပိုင်ဆိုင်ကြစေသတည်း။ 

            အစ်ကို့ဆုတောင်း၊ ဆုအပေါင်းသည် 

            ကောင်းသည်ချည်းသာ ဖြစ်စေသတည်း။

ဤကဗျာသည်  ကောင်းသည်ချည်းသာ ဖြစ်စေသတည်း ဟုအဆုံးသတ်ထားသည့်အတိုင်း လူရည်ချွန်တို့၏ဘဝတွင် ကောင်းသောစိတ်၊ ကောင်းသောကြိုးစားမှုနှင့် ကောင်းသောရလဒ်များသာ  အစဉ်အမြဲဖြစ်ပေါ်နေစေရန် အစ်ကိုတစ်ယောက်ကဲ့သို့ နွေးထွေးစွာ ဆုမွန်တောင်းပေးထားခြင်းဖြစ်သည်။ ဤကဗျာသည် လူရည်ချွန်တို့၏နှလုံးသားတွင်     သစ္စာတရား၊ မျိုးချစ်စိတ်နှင့် ပညာတန်ဖိုးကို တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည့်အတွက် ယနေ့တိုင်အသက်ဝင်လှပနေဆဲဖြစ်ပြီး    လူရည်ချွန်တစ်ဦး၏ စစ်မှန်သောရည်မှန်းချက်ကို ဖော်ညွှန်းသည့် ဂန္ထဝင်မော်ကွန်းတစ်ခုအဖြစ် ထာဝရတည်တံ့နေပေလိမ့်မည်။

မျှော်လင့်ချက်ပန်းခင်းမှ မေတ္တာအလင်းတန်းများ

ကဗျာဆရာတင်လှိုင်(မန္တလေး)၏  အစ်ကို့ဆုတောင်း သည်  လူငယ်တို့၏ နှလုံးသားဆီသို့   မေတ္တာတရားနှင့် ခွန်အားတို့ကို  ပေါင်းစပ်ပေးပို့လိုက်သည့် မရိုးနိုင်သော တေးသွားတစ်ခုပင်ဖြစ်သည်။ မိဘရင်ခွင်သို့ပြန်လည် ခိုလှုံခွင့်ရမည့်  စိတ်လှုပ်ရှားဖွယ်အချိန်တွင် အစ်ကိုကြီးတစ်ယောက်၏ နွေးထွေးသောအမှာစကား၊  မေတ္တာပါသော ဆုမွန်ကောင်းများသည် လူရည်ချွန်တို့အတွက် ဘဝ၏အခက်ခဲဆုံး အချိန်များတွင်ပင်  အားမာန်သစ်များတိုးပွားစေသည်။  ဤဆုတောင်းသည် ဂန္ထဝင်လူရည်ချွန်တို့၏အစဉ်အလာ အမွေအနှစ်အဖြစ် ခေတ်အဆက်ဆက် အသက်ဝင်နေဆဲဖြစ်သည်။  ကဗျာဆရာ၏ အလွမ်းနှင့်မေတ္တာတို့ပေါင်းစပ်ထားသောစာသားများမှာ အလွန်ပင်နက်ရှိုင်းလှသည် -

            “ငါ၏ညီမ၊ ရှုမဝနှင့်

            ငါ၏ညီငယ်၊ ချစ်စဖွယ်တို့

            စခန်းမှခွာ၊ မွေးရပ်ရွာသို့

            ပြန်ရာလမ်း၌၊ အေးချမ်းသာယာကြပါစေ။

            မိဘရင်ခွင်၊ ခိုလှုံဝင်၍

            ရေစင်ကြာနှယ် လန်းပါစေ။

ဤကဗျာအပိုဒ်တွင် ရေစင်ကြာနှယ် လန်းပါစေ ဟူသည့်  တင်စားချက်မှာ  လူရည်ချွန်တို့၏စိတ်ဓာတ်သည်  ရေစင်ပေါ်မှကြာဖူးပွင့်ကဲ့သို့  အမြဲသန့်စင်ပြီး  အသိပညာ၏ရနံ့ဖြင့် လန်းဆန်းနေစေရန် တိုက်တွန်းခြင်းဖြစ်သည်။ ပညာရည်ချွန်မြောက်ခြင်းသည် အသွင်အပြင်အားဖြင့် ထူးချွန်ရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ရေစင်ကြာပန်းကဲ့သို့  အညစ်အကြေးကင်းစင်ပြီး   တောက်ပနေရမည်ဟူသောအဓိပ္ပာယ်ကို သက်ရောက်နေသည်။

အစ်ကိုကြီးတစ်ယောက်၏ ဤဆုတောင်းသည် လူငယ်တို့အား တိုင်းပြည်၏ဝန်ကိုထမ်းနိုင်သူ၊ မျိုးချစ်စိတ်ရှိသူများဖြစ်လာစေရန် လမ်းပြပေးလိုက်ခြင်းပင်ဖြစ်သည်။

ဤကဗျာသည် လူငယ်တို့၏ရင်ထဲတွင်  မေတ္တာနှင့်တာဝန်သိစိတ်ကို  တစ်ပြိုင်နက်တည်း ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။  အစ်ကို့ဆုတောင်းသည် လူရည်ချွန်တို့၏ ဘဝခရီးအတွက် လမ်းပြမြေပုံသာမက အခက်အခဲများကြားတွင် အေးချမ်းသာယာမှုနှင့်မျှော်လင့်ချက်ကို ပေးစွမ်းနိုင်သော စွမ်းအားရှင်တစ်ဦးကဲ့သို့ဖြစ်သည်။   

ဤဂန္ထဝင်ဆုတောင်းစကားများသည် လူရည်ချွန်တိုင်း၏ ဘဝလမ်းကြောင်းတွင် မီးရှူးတန်ဆောင်သဖွယ်   ထွန်းတောက်နေမည်မှာအမှန်ပင်ဖြစ်သည်။

အနာဂတ်၏မြင့်မြတ်သောလူရည်ချွန်များသို့ ပန်ကြားချက်

      ဇွဲ၊  လုံ့လ၊ ဝီရိယတို့သည်  အောင်မြင်ခြင်း၏ မဏ္ဍိုင်ဖြစ်သော်လည်း  လူရည်ချွန်  ဟူသော ဂုဏ်ပုဒ်သည်  ထိုအောင်မြင်မှုတို့၏ အထက်တွင်တည်ရှိနေသည့် ထူးချွန်သော လူသားဘဝ ကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။  အောင်မြင်သူတိုင်း တန်ဖိုးရှိသူများ  မဖြစ်နိုင်သော်လည်း    တန်ဖိုးရှိ သူတို့ကား    ကိုယ်ကျိုးထက်  အများအကျိုးကို အမြဲနှလုံးသွင်းကာ  ရှေ့တန်းတင် ဆောင်ရွက်တတ်ကြသည်။ ဤမွန်မြတ်သောစိတ်ဓာတ်သည် ခေတ်ကာလတစ်ခုတွင်  ပေါ်ပေါက်ခဲ့ခြင်းမဟုတ်ဘဲ လူရည်ချွန်တို့၏ သမိုင်းကြောင်းတစ်လျှောက် စတင်ပေါက်ဖွားကာ ခေတ်အဆက်ဆက်  လက်ဆင့်ကမ်း ကျင့်သုံးလာခဲ့သည့်  အမွေအနှစ်ကောင်းတစ်ခုဖြစ်သည်။

အနာဂတ်လူရည်ချွန်မောင်မယ်တို့ခင်ဗျား... 

သင်တို့သည်   နိုင်ငံတော်၏   အဖိုးတန်ဆုံးသော ရတနာများဖြစ်ကြပြီး  သင်တို့၏စွမ်းဆောင်ရည်များသည်  မြန်မာနိုင်ငံ၏အနာဂတ်ကို ပြောင်းလဲပေးနိုင်မည့် အင်အားကြီးမားသော အရင်းအမြစ်များ ဖြစ်သည်။  ထို့ကြောင့်  မိမိကိုယ်ကို အနာဂတ်၏ ခေါင်းဆောင်လောင်းများဟု   ခံယူကာ ပညာကို အစဉ်မပြတ်လေ့လာလိုက်စားရင်း လူရည်ချွန်၊ လူရည်မွန် ဘဝကိုအစဉ်ထိန်းသိမ်းကြပါ။ လူရည်ချွန်၊ လူရည်မွန် ဘဝကိုတည်ဆောက်ကြပါ။ 

အမိနိုင်ငံတော်၏      အနာဂတ်ကံကြမ္မာသည်သင်တို့၏ စိတ်ဓာတ်မည်မျှကြွယ်ဝပြီး ထိုစိတ်ဓာတ်ကို မည်မျှလက်တွေ့ အကောင်အထည်ဖော်နိုင်သလဲ ဆိုသည့်အချက်အပေါ်တွင် မူတည်နေသည်။ ပညာတံခွန်စိုက်ကာ မိုးစွန်တမွတ် ကြယ်ကိုဆွတ် လိုသည့် ဇွဲ၊ လုံ့လနှင့်အတူ တိုင်းပြည်ကို တည်ဆောက်ကြပါ။ 

မိမိတို့၏အိပ်မက်များကို  အကောင်အထည်ဖော်ကြပါ။ထို့ထက်ပို၍ သင်တို့သည်  မြန်မာ့မြေကိုအခြေပြုလျက်  ကမ္ဘာကိုယှဉ်နိုင်သော  ကမ္ဘာ့နိုင်ငံသား (Global Citizens)”များဖြစ်လာကြရန် ကျွန်ုပ်တို့အထူးမျှော်လင့်ပါသည်။ ဤမွန်မြတ်သော စိတ်ဓာတ်ကိုဖွံ့ဖြိုးစည်ပင်ပြန့်ပွားအောင် ဆောင်ရွက်ရင်း  နိုင်ငံတော်နှင့်မြန်မာ့ လူ့အဖွဲ့အစည်းကို အမြင့်ဆုံးသို့

မြှင့်တင်ပေးကြပါ။ အစ်ကို့ဆုတောင်း အတိုင်း တိုင်းကျိုးပြည်ကျိုးကိုသယ်ပိုးနိုင်ကြပြီး အောင်မြင်သူတို့၏အထက်က မြင့်မြတ်သောခေါင်းဆောင်များအဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူစွာရပ်တည်နိုင်ကြပါစေကြောင်း  ခိုင်မာစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။      

ပညာတံခွန်စိုက်ကာ အနာဂတ်ကို အလင်းရောင်ဖြင့် တောက်ပကြပါစေ . . . ။      ။

MWD