ထူးချွန်စွာ အောင်မြင်သူတွေအတွက် အောင်ဆုသွန်းလောင်းခြင်း

Posted_Date

Image

ထူးချွန်စွာ အောင်မြင်သူတွေအတွက် အောင်ဆုသွန်းလောင်းခြင်း

Body

တပ်မတော်သည် နိုင်ငံတော်အတွက်  အားကိုးအားထားပြုနေရသည့်   အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နိုင်ငံတော်တွင်   အရေးကိစ္စကြုံလေတိုင်း တပ်မတော်ကဦးဆောင်ကာ အောင်မြင်စွာဖြေရှင်းပေးခဲ့ရသည်။  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးတာဝန်အဖြစ် စွဲမြဲစွာ    ခံယူကျင့်သုံးလျက်ရှိသည်။

နိုင်ငံတော်အတွက်မရှိမဖြစ်တပ်မတော်သည် အစဉ်အလာကောင်းများနှင့်ပြည့်စုံပြီး စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊  စည်းရုံးရေးစွမ်းရည်ဟူသော   စွမ်းရည်သုံးရပ် ထက်မြက်နေရမည်ဖြစ်သည်။ 

ထိုသို့ဖြစ်နေစေရန်အတွက်  တပ်မတော်သားများသည်  အရည်အချင်းပြည့်ဝ နေရမည်ဖြစ်သည်။တပ်မတော်သို့    ဝင်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သူများ အတွက်  ယင်းတို့ကို ပညာရေးမြှင့်တင်ပေးနိုင်ရန် တပ်မတော်ပညာရေးကျောင်းများကို ဖွင့်လှစ်ကာ အတန်းပညာများကို ဆက်လက်သင်ယူစေလျက်ရှိသည်။ ထို့အတူ တပ်မတော်သား၏ မိသားစုဝင်သားသမီးများကို ၎င်းတို့၏ပညာရေးနှင့် ပတ်သက်၍လည်း  အခြေခံပညာကျောင်းများ ဖွင့်လှစ်ကာ ပညာရေးတွင် ထူးချွန်စွာသင်ယူစေလျက် ရှိသည်။ ပညာရေးနှင့်ပတ်သက်လာလျှင် တပ်မတော်သည်  အထူးပင်အားပေး ချီးမြှင့်မြှောက်စားလျက်ရှိသည်။

၂၀၂၄-၂၀၂၅    ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌  ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှစစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊    စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင်ဆုရကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်း  အခမ်းအနားကိုဩဂုတ်လ ၂၆ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌  ကျင်းပခဲ့သည်။ မျိုးဆက်သစ်မောင်မယ်များ အနေဖြင့် ပညာကိုမြတ်နိုးပြီး ကြိုးစားချင်စိတ်များ   ပိုမိုပေါ်ထွန်းလာစေရေး   ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍  ဂုဏ်ပြုဆုများကို နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၄- ၂၀၂၅   ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်   မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းသည်  ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့ပြီး ဘာသာစုံဂုဏ်ထူးရှင် ၁၉၆ ဦးအထိ ပေါ်ထွက်လာခဲ့သည်။ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့်  ကျောင်းသား၊  ကျောင်းသူများမှာ ပညာအရာတွင် ထူးချွန်ထက်မြက်သူ၊ အများထက်   သာလွန်သည့်ဉာဏ်ပညာရှိသူ၊ ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် ရည်မှန်းချက်ထားပြီး တစိုက်မတ်မတ်ကြိုးစား အားထုတ်အောင်မြင်ကြသူများဖြစ်ကြသည်။ ထိုသို့အောင်မြင်မှုများ ရရှိခြင်းသည် လွယ်လွယ်ကူကူနှင့် ရခဲ့ခြင်းမဟုတ်ဘဲ  ငယ်စဉ်ကတည်းက ပညာကို ကြိုးစားသင်ယူလိုစိတ်များစိမ့်ဝင်စွဲမြဲခဲ့ပြီး ခိုင်မာတည်ကြည်သည့်စိတ်ဓာတ်နှင့် ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရမည်ဟု  အလေးအနက်သန္နိဋ္ဌာန်ချမှတ်ကာ ကြိုးပမ်းစွမ်းဆောင်ခဲ့၍ အောင်မြင်မှုရရှိခြင်းဖြစ်သည်။

တပ်မတော်သည်    နိုင်ငံအတွက် အားကိုးအားထားပြုနိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ထာဝစဉ်တည်ဆောက်လျက် ရှိရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း   အစဉ်တစိုက်ပျိုး ထောင်ပေးလျက်ရှိသည်။ တပ်မတော်သားများ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြသကဲ့သို့  ယင်းတို့၏ သားသမီးများ၏ ပညာရေးနှင့်ပတ်သက်၍ ဂုဏ်ရှိန်မြင့်မားစေရန်    လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးထားသည်။   အဆိုပါတပ်မတော်သားများနှင့်    အစားခန့်ဝန်ထမ်းများ၏  သားသမီးများသည် တက္ကသိုလ်ဝင်စာမေးပွဲတွင်   ထူးချွန်စွာအောင်မြင်ပါက   ဂုဏ်ထူးရရှိသည့် ဘာသာရပ်အရေအတွက်အလိုက် ဂုဏ်ပြုဆုငွေများပေးအပ်သည်။    ထို့အတူ တပ်မတော်တွင် နှစ်ပေါင်းများစွာ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး အငြိမ်းစားယူသွားသော စစ်မှုထမ်းဟောင်း သားသမီးများသည်လည်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ပါက ထိုနည်းအတိုင်းပင် ထိုက်တန်စွာ ဂုဏ်ပြုလျက်ရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ကိုယ်စား နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တပ်မတော်(ကြည်း၊ ရေ၊  လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်သားသမီးများ၊  စစ်သည်အစားခန့်အရပ်သား   ဝန်ထမ်းများ၏သားသမီးများ၊  လူရည်ချွန်ဆုရရှိသော ကျောင်းသား၊  ကျောင်းသူများနှင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊   ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားစဉ် “ပညာရေးသည် တစ်ဦးတစ်ယောက်အတွက်သာလျှင် အရေးပါခြင်းမဟုတ်ဘဲ လူ့ပတ်ဝန်းကျင် တည်ဆောက်ခြင်းနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းတွင်လည်းအဓိကအခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခု  တည်ဆောက်သည့်နေရာတွင်     ဒီမိုကရေစီသဘောတရားများနှင့်အတူ လက်တွေ့အကောင်အထည် ဖော်သည့်အခါတွင် ပညာတတ်မြောက်မှု အရည်အသွေး   မြင့်မားရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊အတွေးအခေါ်များ ရှိကြရန်လိုကြောင်း၊ အခြေခံပညာသင်ကျောင်းများတွင် သင်ပေးလိုက်သည့် စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်များသည် ဒီမိုကရေစီကျင့်စဉ်ကောင်းများ၏ အခြေခံများပင်ဖြစ်ကြောင်း၊  ထို့ကြောင့်  လူငယ်များအတွက် အတတ်ပညာသာမက  အသိပညာဗဟုသုတ ပြည့်ဝရေးသည် နိုင်ငံအတွက် အလွန်အရေးကြီးကြောင်း အသိပေးပြောကြားလိုကြောင်း”  ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်အတွက် အင်အားတောင့်တင်းပြီး   စွမ်းရည်ထက်မြက်သော   ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်နှင့်အညီ နိုင်ငံတော်က အားကိုးအားထား ပြုနိုင်လောက်သည့် အရည်အသွေးများ ရှိနေရမည်ဖြစ်သည်။ မြန်မာ့သမိုင်းစဉ်တွင် တပ်မတော်တစ်ရပ် အခိုင်အမာရှိနေ၍ လွတ်လပ်ရေးရရှိခဲ့သလို ရရှိထားသော လွတ်လပ်ရေးကြီး မဆုံးရှုံးစေရေးအတွက်လည်း အားသွန်ခွန်စိုက်ကာကွယ် စောင့်ရှောက်ပေးလျက်ရှိသည်။ တပ်မတော်သားအားလုံး အရေအတွက်ရှိနေရမည်ဖြစ်သလို  အရည်အချင်းလည်းပြည့်ဝနေရမည်ဖြစ်သည်။ စွမ်းရည်ထက်မြက်ခြင်း၊ ခေတ်မီခြင်း၏အခြေခံမှာပညာအရည်အချင်းဖြစ်သည်။ လျင်မြန်စွာတိုးတက် ပြောင်းလဲနေသည့် ယနေ့ကမ္ဘာတွင်    ပညာအရည်အချင်းရှိနေမှသာ ခေတ်နှင့်အညီ  ခေတ်မီစွာဆောင်ရွက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်သည် ပညာရေးကို  အထူးအားပေးသည်။ အလေးအနက်ထားသည်။ နိုင်ငံတော်အကြီးအကဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ၊ တပ်ရင်း၊ တပ်ဖွဲ့များတွင်   တပ်မတော်သားများ၊ မိသားစုများနှင့်တွေ့ဆုံတိုင်း အလေးအနက်ထား ပြောကြားသည်မှာ “ပညာရည်မြင့်မားအောင်  ကြိုးစားရေး”ဖြစ်သည်။ တပ်မတော်သည် ပညာရေးကို အလေးအနက်ထားသည့်အတွက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှုအောက်တွင်   တိုင်းစစ်ဌာနချုပ်များ အလိုက် တပ်မတော်ပညာရေး   ကျောင်းများ  ဖွင့်လှစ်ကာ တပ်မတော်သားများအား   ပညာဆက်လက်သင်ယူနိုင်ရန် အတန်းစဉ်မပြတ်   သင်ကြားပေးလျက်ရှိသည်။၊

ထို့အတူ တပ်မတော်သားမိသားစုများ အတွက်  အခြေခံပညာကျောင်းများဖွင့်လှစ်ကာ တပ်မတော်သားမိသားစုဝင်များ၊ အရပ်ဘက်ကျောင်းသား၊  ကျောင်းသူများကို စနစ်တကျပညာ သင်ကြားပေးလျက်ရှိသည်။

စနစ်တကျဆိုရာတွင်   စိတ်ဓာတ်ကောင်းအောင်၊ စည်းကမ်းကောင်းအောင်၊ ပညာရေးတွင် ထူးချွန်အောင် သင်ကြားပေးလျက်ရှိသည်။ အဆိုပါအထက်တန်းကျောင်း များသည်လည်း  အောင်ချက်ရာခိုင်နှုန်းမြင့်မားအောင် သင်ပေးလျက်ရှိသည့်အတွက် နိုင်ငံတော်နှင့်တပ်မတော်မှ ချီးမြှင့်သည့်ဆုများ ရရှိကြသည်။ ဆိုလိုသည်မှာ တပ်မတော်သည် ပညာရေးကိုအထူးအားပေးပြီး ထူးချွန်စွာတတ်မြောက်အောင် သင်ကြားပေးနေခြင်းကို ဥပမာပြလိုခြင်းဖြစ်သည်။ ပညာရေးနှင့်ပတ်သက်လာလျှင်   တပ်မတော်တွင်   လက်ရှိတာဝန် ထမ်းဆောင်နေကြသူများသာမက အငြိမ်းစား   တပ်မတော်သားများ၏ သားသမီးများနှင့်  ပတ်သက်လာလျှင်လည်း ပစ်ပယ်ထားခြင်းမျိုးမရှိဘဲ   အလေးအနက်ထား ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ တပ်မတော်သားများ၊    အငြိမ်းစားတပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသူများ၊ ထမ်းဆောင်ပြီးသူများဖြစ်ကြသည့်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် အလေးအနက်ထားကာ  ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။

“ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး”ဟူသည့်ဆိုရိုးများသည် ပညာ၏အရေးပါမှုကို ဖော်ညွှန်းခြင်းဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်ကို အဓိကထား ဆောင်ရွက်လျက်ရှိသည်။

လူသားအရင်းအမြစ်ဟူသည် ပညာအပေါ် အဓိကမူတည် တည်ဆောက်ခြင်းဖြစ်ပြီး  ပညာရေးရင်းနှီးမြှုပ်နှံမှုကို      အဓိကအလေးထား လုပ်ဆောင်ခြင်းဖြစ်သည်။  

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၂၈(ဂ)အရ “အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ဖော်ဆောင်ရမည်။” ပုဒ်မ၃၆၆ အရ “နိုင်ငံသားတိုင်းသည်  နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့် အညီ (က)ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ)ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံပညာများကို  သင်ကြားရမည်”ဟု   ပြဋ္ဌာန်းထားပြီးဖြစ်သည်။  ဤသည်မှာ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ ပညာရေးနှင့်ပတ်သက်၍ အလေးအနက်ထားခြင်းဖြစ်သည်။

ပညာရေးသည်  တစ်ဦးတစ်ယောက်ချင်းအတွက်  အရေးကြီးရုံသာမက  လူ့ပတ်ဝန်းကျင်နှင့်  နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အဓိကကျလှသည်။ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည်ဆိုပါက  ရွေးချယ်မှုနှင့်ဒီမိုကရေစီ သဘောတရားများ လက်တွေ့အကောင်အထည်ဖော်ရာတွင် ပညာတတ်မြောက်မှု မြင့်မားရန်လိုသည်။ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်ရှိကြရမည်ဖြစ်သည်။

လူငယ်များမှာ အတန်းပညာရှိနေမှသာ အတတ်ပညာသာမက အသိပညာဗဟုသုတ ပြည့်ဝနေမည်ဖြစ်သည်။ ဤအရေးကိစ္စသည် နိုင်ငံ့အနာဂတ်အတွက် လွန်စွာအရေးပါသည်။ “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကိုသိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်”ဖြစ်သည်။နိုင်ငံသားတိုင်း အသိဉာဏ်ပညာပြည့်စုံကြမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်သည်။

ထို့အတူ တပ်မတော်နှင့်ဆက်နွှယ်သူအပေါင်းမှာလည်း ပညာအရည်အချင်း ပြည့်ဝနေမှသာ တပ်မတော်သည် နိုင်ငံအတွက်အကြီးမားဆုံး အင်အားဖြစ်နေပေလိမ့်မည်။တပ်မတော်အင်အားရှိဖို့ ဆိုရာတွင် ကာယအင်အား၊  ဉာဏအင်အားနှင့် ခေတ်မီသည့်နည်းပညာများကို ပိုင်ဆိုင်နေရမည်ဖြစ်သည်။ လူအင်အား၊ စိတ်ဓာတ်အင်အား၊  ပညာအင်အားတို့နှင့်  ပြည့်စုံနေရမည်။ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ်ပြည့်စုံရေး၏  အခြေခံသည်လည်း ပညာပင်ဖြစ်သည်ဟုဆိုနိုင်သည်။  ကျောင်းသား၊  ကျောင်းသူများအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင်  အလေ့အကျင့်ကောင်းများနှင့် အစွမ်းကုန်ကြိုးစားခဲ့၍ ယခုကဲ့သို့ အောင်မြင်မှုရရှိခြင်းဖြစ်သည်။ အဆင့်မြင့်ပညာများကို ဆက်လက် သင်ယူရာတွင်လည်း မိမိတို့ဝါသနာပါသည့်၊ စိတ်ဝင်စားသည့် ပညာရပ်များကို    မှန်မှန်ကန်ကန်ရွေးချယ်ပြီး အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်သည်။ အဆင့်မြင့်ပညာသင်ယူသည့်အခါတွင် သိပ္ပံဘာသာရပ်များကို  လေ့လာသင်ယူမည်ဆိုပါက နိုင်ငံ၏စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့   ဝိဇ္ဇာဘာသာရပ်များကို  လေ့လာသင်ယူခြင်းအားဖြင့်လည်း မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကာကွယ်ထိန်းသိမ်း မြှင့်တင်နိုင်မည်ဖြစ်သည်။ လူငယ်များအနေဖြင့်  နိုင်ငံတော်၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်   ပါဝင်ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဝိဇ္ဇာနှင့်  သိပ္ပံဘာသာရပ် နှစ်ခုစလုံးကို တန်ဖိုးထားကာ မိမိတို့ဝါသနာနှင့်ကိုက်ညီသည့် ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်း ကြရမည်ဖြစ်သည်။

ယနေ့လူငယ်   နောင်ဝယ်လူကြီး ဆိုစကားအတိုင်း လူငယ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့်   မိမိတို့၏အနာဂတ်ဘဝ ခရီးလမ်းဖြောင့်ဖြူးပြီး    နိုင်ငံတော်က  အားကိုးအားထားပြုနိုင်သူများဖြစ်အောင် သက်ဆိုင်ရာလူကြီး မိဘဆရာသမားများက ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။    မိဘဆရာသမားတို့၏   ပြောဆိုဆုံးမသွန်သင်မှုသည် လူငယ်တို့၏အနာဂတ်၊  နိုင်ငံတော်၏ အနာဂတ်ကို အလှဆင်နိုင်ရန်ဖြစ်သည်။

နောင်တစ်ချိန်တွင်  နိုင်ငံတော်၏တာဝန် အရပ်ရပ်၊ ကဏ္ဍအသီးသီးတွင် တာဝန်ယူကြရမည့်သူဖြစ်ကြသည့်အတွက် မိမိတို့၏ဘဝတစ်သက်တာတွင် နိုင်ငံတော်ကိုချစ်မြတ်နိုးခြင်း၊     တပ်မတော်ကိုချစ်မြတ်နိုးခြင်းဆိုသော ယုံကြည်ချက်၊ ခံယူချက်   ထားရှိကြရမည်ဖြစ်သည်။ 

ထို့ပြင်   မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အထူးသတိရကာ ကျေးဇူးဆပ်နိုင်သူများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။  လူငယ်များအနေဖြင့် စဉ်ဆက်မပြတ်ကြိုးစားနေမှသာ  မိမိတို့နေထိုင်ရာနိုင်ငံသည်   ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်  ရပ်တည်နေနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပညာရေးကို အထူးအားပေးနေသည့်အလျောက် ကျောင်းသား၊ ကျောင်းသူ လူငယ်များနှင့်    တပ်မတော်သားများသည်  အသိပညာနှင့်အတတ်ပညာကို ဟန်ချက်ညီညီထိန်းညှိပြီး မိမိတို့ရည်မှန်းချက်ပန်းတိုင်သို့ ဆက်လက်လျှောက်လှမ်းရင်း နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။

အထူးသဖြင့် ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲ  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏   စေတနာမေတ္တာနှင့် ဂုဏ်ပြုချီးမြှင့်ခြင်းကို အစဉ်သတိရလျက် မိမိတို့ဘဝကို ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။      ။

MWD