ရုရှားက မည်သည့်အတွက်ကြောင့် ယူကရိန်းကို စစ်ဆင်နွှဲရသလဲ

Posted_Date

Image

ရုရှားက မည်သည့်အတွက်ကြောင့် ယူကရိန်းကို စစ်ဆင်နွှဲရသလဲ

Body

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က စတင်သော ရုရှားနှင့်ယူကရိန်းတို့ စစ်ရေးပဋိပက္ခမှာ ယခုအခါ ၃ နှစ်ခွဲကြာမြင့်လာပါပြီ။ ဒုတိယကမ္ဘာစစ်အပြီး ဥရောပတိုက်တွင် အကြီးဆုံး စစ်ရေးပဋိပက္ခဖြစ်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက် လိုက်ပြီးနောက် အရှေ့ပိုင်း Donbas ဒေသတွင် ပရော့ရုရှားတပ်များ ထောက်ခံမှုဖြင့် စတင် လာသော ယခုစစ်ရေးပဋိပက္ခမှာ အရှိန်တောက်လောင်ဆဲ ဖြစ်ပါသည်။ အဘယ်ကြောင့် ယခုလို စစ်ရေး ဆင်နွှဲခဲ့ရသလဲ။ 

ရုရှားသမ္မတဗလာဒီမာပူတင်က  ယူကရိန်းအနေဖြင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ အဖြစ် တည်ရှိနေခွင့်ရှိသည်ဆိုသည့်အချက်ကို မကြာခဏဆိုသလို စောဒကတက်လေ့ရှိပါသည်။ ၎င်းဆိုလိုသည်မှာ ယူကရိန်းဆိုသည်မှာ ရုရှားက ဖန်တီးပေးထားသည့် ခေတ်သစ်နိုင်ငံပဲ ဖြစ်ရမည်၊  ရုရှားလူမျိုးများနှင့် ယူကရိန်းလူမျိုးများသည်  ရှေးကာလ Kyivan Rus ခေတ်မှ စတင်ပြီး   လူမျိုးတစ်မျိုးတည်းသာ ဖြစ်ကြောင်း  ဘုံသမိုင်းကြောင်းရှိသည် ဟု ပြောကြား လေ့ရှိပါသည်။ ၎င်းက ယူကရိန်းလူမျိုးစုတစ်မျိုးတည်းသာ ရပ်တည်လိုခြင်း လက္ခဏာမှာ ပိုလန်၊ ဩစတြီးယားတို့ကဲ့သို့ အခြားနိုင်ငံများ၏ လွှမ်းမိုးမှုအဖြစ် ရှုမြင်ထားပါသည်။ ထိုအချက်မှာ “ရုရှားဆန့်ကျင်ရေးစီမံကိန်း” အစိတ်အပိုင်းတစ်ခုအဖြစ် ထင်မြင်ယူဆထား ပါသည်။ ၎င်း၏ယူဆချက်မှာ ယူကရိန်းသည် နိုင်ငံရေးရော ယဉ်ကျေးမှုအရပါ ရုရှားနှင့် ထပ်တူရှိသင့်သည်ဟု လက်ခံထားပါသည်။ ဤအချက်မှာ ပူတင်၏ အမျိုးသားရေး လက္ခဏာ ထင်မြင်ယူဆချက် ဖြစ်ပါသည်။ ၎င်းက ဆိုဗီယက်ယူနီယံပြိုကွဲရခြင်းမှာ ၂၀ ရာစု အကြီးမားဆုံး ပထဝီနိုင်ငံရေးကပ်ဆိုက်မှုအဖြစ် ဝမ်းနည်းကြေကွဲဖွယ်ရာ ဖော်ပြလေ့ရှိပြီး ယူကရိန်းအပါအဝင်  ယခင်ဆိုဗီယက်နယ်မြေများအပေါ် ရုရှားဩဇာလွှမ်းမိုးမှု ပြန်လည် ထူထောင်ရန် ဆန္ဒလိုလားပါသည်။

ပထဝီနိုင်ငံရေးနှင့်လုံခြုံရေးအကြောင်းပြချက်(နေတိုးချဲ့ထွင်မှု)

ပူတင်က နေတိုး၏ အရှေ့ဘက်သို့ ချဲ့ထွင်လိုမှုကို လုံးဝ လုံးဝ မလိုလားပါ။ နေတိုးတွင် ပိုလန်နှင့် ဘော့လ်တစ်နိုင်ငံများကဲ့သို့  ယခင်ဆိုဗီယက်နိုင်ငံများ ပါဝင်လာခြင်းမှာ လုံခြုံရေး ကို တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် ၎င်းက ရှုမြင်ထားပါသည်။ ယူကရိန်းက နေတိုးထဲ မည်သည့်အခါမှ မဝင်ရောက်ရန် ယခင်ကတည်းက အကြိမ်ကြိမ်တောင်းဆိုဖူးပါသည်။ ယူကရိန်း၏ နေတိုးအဖွဲ့ထဲဝင်ရောက်လိုမှုက အနောက်နိုင်ငံများက  ရုရှားနယ်နိမိတ်များကို ချဉ်းကပ်ရန် ကြိုးပမ်းအားထုတ်ခြင်းဟု ၎င်းက ရှုမြင်ထားပါသည်။ ယူကရိန်းကို နေတိုး အဖွဲ့ထဲ ဆွဲသွင်းလိုခြင်းမှာ ရုရှားအတွက် မဟာဗျူဟာကျသည့် နှစ်နိုင်ငံ ကြားခံဇုန် ရှိနေခြင်းကြောင့် ဆိုသည်ကို သိထားပါသည်။  အထူးသဖြင့် ၂၀၁၄ က ယူကရိန်းထံမှ သိမ်းယူထားသော ရုရှား၏ပင်လယ်နက်ရေတပ်ဌာနချုပ်ရှိရာ ခရိုင်းမီးယားဒေသနှင့် Donbas  ဒေသအတွက် အထူးစိုးရိမ်ခဲ့ရပါသည်။ ၁၉၉၀ ပြည့်နှစ်အလွန်ကာလများက အနောက်နိုင်ငံ များက အရှေ့ဘက်သို့ နေတိုးချဲ့ထွင်မှု မပြုလုပ်ရန် မရည်ရွယ်ဘဲ ကတိပြုခဲ့သည်ဟု ပူတင်က အခိုင်အမာ ဆိုထားသော်လည်း ထိုအခါက ဂိုဘာချော့ဗ်က ထိုသို့ကတိများ မပေး ခဲ့ဖူးပါ ဟု နေတိုးက ငြင်းဆိုထားပါသည်။

စတင်ဖြစ်ရသည့်အကြောင်း (Euromaidan နှင့် ယူကရိန်း၏ အနောက်ယိုင်လာမှု) 

၂၀၁၄ ခုနှစ်တွင် ရုရှားနှင့် လွန်စွာရင်းနှီးသော သမ္မတ Viktor Yanukovych သည် ရုရှား ဖိအားကြောင့် ဥရောပသမဂ္ဂနှင့်ချုပ်ဆိုမည့် သဘောတူညီချက်ကို ငြင်းဆိုလိုက်ပြီးနောက်    ရာထူးမှ ဖြုတ်ချခံလိုက်ရသည်။ ရုရှားက ထိုဖြစ်ရပ်ကို အနောက်နိုင်ငံများ ပံ့ပိုးကူညီသော အာဏာသိမ်းမှုအဖြစ် သတ်မှတ်ခဲ့ပါသည်။ ရုရှားအကျိုးစီးပွားကို ရန်လိုသော နီယိုနာဇီ အစိုးရကို တင်သွင်းသည်ဟု စွပ်စွဲခဲ့ပါသည်။ ထိုဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ၂၀၁၄ ခုနှစ် မတ်လတွင် ခရိုင်းမီးယားကို သိမ်းပိုက်လိုက်ပါသည်။ ရုရှားလူမျိုးများကို ကာကွယ်ရန်နှင့် ဆီဗက်စတိုပိုလ် (Sevastopol) ရေတပ်စခန်းလုံခြုံရေးအတွက် မဟာ ဗျူဟာကျသော အကျိုးစီးပွားအတွက်ကြောင့်ဟု အကြောင်းပြခဲ့ပါသည်။ ထို့နောက် Donbas ဒေသရှိ  ပရော့ရုရှား တပ်များကို ထောက်ခံခဲ့ပါသည်။

၂၀၂၁ ခုနှစ်အရောက်တွင် ယူကရိန်းက နေတိုးနှင့် စစ်ဖက်ဆက်ဆံရေးမှာ ပိုမိုနက်ရှိုင်းလာ ပါသည်။ ရုရှားဘက်ကလည်း နယ်စပ်တွင် စစ်တပ်များ စုရုံးခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းအပေါ် အထူးစစ်ဆင်ရေး စတင်ကြေညာလိုက်ပါသည်။ Donetsk နှင့် Luhansk တို့ကို လွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်းနှင့် ရုရှားစကားပြောသူများကို လူမျိုးတုံးသတ်ဖြတ်ခြင်းမှ ကာကွယ်ရန်နှင့် နေတိုးချဲ့ထွင်မှုကို တားဆီးရန် ရည်ရွယ်ကြောင်း ပူတင်က အကြောင်းပြပါသည်။

စစ်ရေးစတင်ပြီး ပြည်တွင်းအခြေအနေ

စစ်ရေးစတင်ခြင်းက ရုရှားစကားပြောသူများအတွက် အမျိုးသားရေးဝါဒီစိတ်ဓာတ်ကို မြှင့်တင်ပေးသည်၊ ပြည်တွင်း စီးပွားအကျပ်အတည်းပြဿနာများထံမှ ပြည်သူများ၏ အာရုံ စိုက်နေမှုကို ရွေ့လျားစေသွားသည် ဟု ကရင်မလင် တာဝန်ရှိသူများထံမှ စကားသံ များလည်း ကျယ်ကျယ်လောင်လောင်ထွက်လာခဲ့ပါသည်။ စစ်ပွဲစတင်ပြီးနောက် ၂၀၂၂ ခုနှစ် မတ်လတွင် ပူတင်ကို ထောက်ခံသူ ၇၁ ရာခိုင်နှုန်းမှ ၈၃ ရာခိုင်နှုန်းအထိ တက်လာ ခဲ့ကြောင်း ဆိုထားကြပါသည်။ ထိုအချက်က မှန်သည်၊ မှားသည် ဝေဖန်ပိုင်းခြားနိုင်မှုမရှိပါ။

အနောက်နိုင်ငံများ၏ အမြင်

ရုရှားက ယူကရိန်းအပေါ် စစ်ရေးဆင်နွှဲမှုမှာ ပူတင်က ယူကရိန်းအချုပ်အခြာအာဏာကို ပျောက်ကွယ်သွားစေရန် တမင်ပြုလုပ်သော မတရားကျူးကျော်မှုတစ်ခုအဖြစ် အနောက် နိုင်ငံအုပ်စုက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါသည်။ ဂျူးလူမျိုးဖြစ်နေသည့် သမ္မတ ဇီလန်စကီး၏ ယူကရိန်းအစိုးရအပေါ် နာဇီ တံဆိပ်ကပ်ခြင်းမှာ အခြေအမြစ်မရှိဟု ဆိုကြသည်။ Donbas တွင်လည်း လူမျိုးတုံးသတ်ဖြတ်သည်ဆိုသည့် အချက်အလက်မှာလည်း အကြောင်းအရာ ခိုင်ခိုင်မာမာ မရှိဟု ပြောကြားထားကြပါသည်။

ရုရှားအမြင်

ယခုစစ်ပွဲဆင်နွှဲမှုမှာ ပူတင်က နေတိုး တိုးချဲ့မှုကို တုံ့ပြန်သည့် ကာကွယ်ရေးလုပ်ဆောင် ချက်ဖြစ်ပြီး ယူကရိန်းအပေါ် နာဇီဆန့်ကျင်ရေးနှင့် စစ်ရေးလျှော့ချရေး ပြုလုပ်ရန် လိုအပ် သော ခြေလှမ်းတစ်ခုအဖြစ် ကရင်မလင်က ယူဆထားကြပါသည်။ သို့ရာတွင် ရုရှားတပ်များ နယ်မြေများ သိမ်းပိုက်ခြင်း၊ အစိုးရအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းမှာ ထိုထက်ကျယ်ပြန့်လာသော ရည်မှန်းချက်များ ရှိနေသည်ကို ဖော်ပြနေပါသည်။

အချုပ်ဆိုရသော် ယခု ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခမှာ ပူတင်က ယူကရိန်း၏ အနောက် ဘက်သို့ ယိမ်းယိုင်လာမှု၊ ရုရှား၏ သမိုင်းဝင် အင်ပါယာကို ပြန်လည်ထူထောင်လိုမှု၊ နေတိုး ချဲ့ထွင်မှုကို တားဆီးလိုမှု စသည့် ရည်ရွယ်ချက်များဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချ ချနိုင်ပါသည်။ စစ်ပွဲစတင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှစ၍ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ ရုရှားက ယူကရိန်းနယ်မြေ ၂၀ ရာခိုင်နှုန်း သိမ်းပိုက်ထားပါပြီ။ ပူတင်ကတော့ စစ်ပွဲ ရပ်ဆိုင်းလိုလျှင် Donbas ဒေသကို ရုရှားထံ ပေးအပ်ရန်နှင့် ယူကရိန်းက နေတိုးအဖွဲ့ထဲ လုံးဝ မဝင်ရောက်ရန်  ဩဂုတ်လ ၁၅ ရက်က အလက်စကာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီးနောက် ပြောကြားလိုက်သည့်  စကားလုံးများက သက်သေပြ နေခြင်း မဟုတ်ပါလား။ 

References: 

  • Russia-Ukraine War (Britannica)
  • "Why did Putin's Russia invade Ukraine?" (BBC)
  • Russia-Ukraine (Wikipedia)
  • "Ukraine: Conflict at the Crossroads of Europe and Russia" (Council on Foreign Relations)