သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံ၏အလှ
Posted_Date
Image
Body
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ သာယာလှပမှုချင်း ခြားနားကြသည်။ ယင်းသို့ခြားနားနေရသည့် အကြောင်းတရားများစွာရှိသည်။ ယင်းအကြောင်းတရားများအနက် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ သဘာဝပတ်ဝန်းကျင် အမျိုးအစားမတူညီခြင်း ဟူသောအချက်သည်လည်း အကြောင်းတစ်ခုအနေဖြင့် ပါဝင်သည်။ လှပသာယာသော သဘာဝပတ်ဝန်းကျင်များကို ပိုင်ဆိုင်ထားသောနိုင်ငံက လှပသာယာသောနိုင်ငံအဖြစ် ရပ်တည်နိုင်ပြီး လှပသာယာခြင်းမရှိသော သဘာဝပတ်ဝန်းကျင်မျိုးကို ပိုင်ဆိုင်ထားသောနိုင်ငံက ထင်ရှားကျော်ကြားခြင်းမရှိဘဲ သာမန်နိုင်ငံအဖြစ်သာ ရပ်တည်ရသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်သည် နိုင်ငံ၏အဆင်းသဏ္ဌာန်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်များ လှပသာယာနေလျှင် နိုင်ငံ၏အဆင်းသဏ္ဌာန်လှပပြီး သဘာဝပတ်ဝန်းကျင်များ လှပသာယာမှုမရှိ လျှင် နိုင်ငံ၏အဆင်းသဏ္ဌာန်သည်လည်း ဆိုးရွားနေမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်နှင့် နိုင်ငံတကာအခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် အမျိုးအစားသည် ယင်းနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကဏ္ဍ မည်သို့ရှိမည်ဆိုသည်ကို အတိုင်းအတာတစ်ခုအထိ ပြဋ္ဌာန်းဆုံးဖြတ်သည်။ သာယာလှပသော သဘာဝပတ်ဝန်းကျင်များကို ပိုင်ဆိုင်ထားသော နိုင်ငံသည် နိုင်ငံတကာ၏ စိတ်ပါဝင်စားမှု၊ လေးစားတန်ဖိုးထားမှု၊ အလေးပေးဆက်ဆံခြင်းကို ခံယူရရှိမှု စသည့်အောင်မြင်မှုများကို လက်ခံရရှိသည်။ သို့သော် သာယာလှပခြင်းမရှိသော သဘာဝပတ်ဝန်းကျင်များကို ပိုင်ဆိုင်ထားသောနိုင်ငံအား နိုင်ငံတကာက စိတ်ပါဝင်စားမှုနည်းပါးသည်။ လေးစားတန်ဖိုးထား ဆက်ဆံခြင်းမျိုးမရှိဘဲ သာမန်မျှသာ ထိတွေ့ဆက်ဆံသည်။ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အမျိုးအစားသည် နိုင်ငံ၏အဆင်းသဏ္ဌာန် မည်သို့ရှိမည်ဆိုသည်ကို ပြဋ္ဌာန်းဆုံးဖြတ်နေသကဲ့သို့ နိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍ မည်သို့ရှိမည်ဆိုသည့်အချက်ကိုပါ ပြဋ္ဌာန်းဆုံးဖြတ်လျက်ရှိသည်။ ဤအချက်ကို ကျွန်ုပ်တို့အားလုံး အလေးအနက် ဆင်ခြင်သတိပြုနေရမည်။
အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အမျိုးအစား
ကျွန်ုပ်တို့အမိနိုင်ငံတွင် သာယာလှပသော သဘာဝပတ်ဝန်းကျင်များရှိသည်။ အမိနိုင်ငံပိုင်ဆိုင်ထားသော သဘာဝပတ်ဝန်းကျင် အလှအပများအနက် အချို့ကိုဖော်ပြလိုသည်။ ကျွန်ုပ်တို့နိုင်ငံ၏ ရှမ်းရိုးမတောင်တန်း၊ ပဲခူးရိုးမတောင်တန်း၊ ရခိုင်ရိုးမတောင်တန်း၊ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်၊ မန္တလေးတိုင်းဒေသကြီးတွင်ရှိသော ပုပ္ပားတောင်ကလပ်၊ ပုဂံဒေသရှိ တန့်ကြည့်တောင်တန်း၊ ကရင်ပြည်နယ်ရှိ ဇွဲကပင်တောင်၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးတောင် စသည်တို့ ခမ်းနားထည်ဝါကြသည်။
ယင်းတို့ကြောင့် ကျွန်ုပ်တို့အမိနိုင်ငံ ခမ်းနားထည်ဝါစွာ ကမ္ဘာ့အလယ် ရပ်တည်နေနိုင်သည်။ ထို့ပြင် မေခ၊ မလိခမြစ်နှစ်သွယ်ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော မြစ်ကြီးဧရာဝတီနှင့်ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်၊ ရှမ်းပြည်နယ်တွင် အင်းလေးကန်၊ ကချင်ပြည်နယ်တွင် အင်းတော်ကြီးကန်၊ ချင်းပြည်နယ်တွင် ရိဒ်ရေကန် စသည်တို့သာယာလှပစွာရှိနေပြန်သည်။ ယင်းတို့ကြောင့် ကျွန်ုပ်တို့အမိနိုင်ငံ ရေအရင်းအမြစ်လုံလောက်စွာပိုင်ဆိုင်ပြီး သာယာလှပနေသည်။ ထို့ပြင် အမိနိုင်ငံ၏ ရိုးမတောင်တန်းကြီးများပေါ်တွင် စိမ်းစိုညို့မှိုင်းနေသော တောအုပ်ကြီးများရှိနေပြန်သည်။ ယင်းတောအုပ်တောတန်းကြီးများက ကျွန်ုပ်တို့အမိနိုင်ငံအား အေးမြသောအရိပ်အာဝါသကို ပေးစွမ်းရုံမျှမကဘဲ အမိနိုင်ငံ၏ ရာသီဥတုပုံမှန်ဖြစ်စေရန် ထိန်းသိမ်းပေးသည်။ ထို့ပြင် ကယားပြည်နယ်ရှိ ဘီလူးချောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ အထက်ရဲရွာနှင့်အောက်ရဲရွာအကြား ဖြတ်သန်းစီးဆင်းနေသော ဒုဋ္ဌဝတီမြစ် စသည်တို့ကလည်း အမိနိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ပေးပြန်သည်။ ထို့ပြင် ကယားပြည်နယ်ရှိ ငွေတောင်ဆည်၊ မန္တလေးတိုင်းဒေသကြီးရှိ ကာဘိုးဆည်၊ ကြက်မောက်တောင်ဆည်၊ ကင်းတားဆည် စသည်တို့ကလည်း အမိနိုင်ငံအတွက် ရေအရင်းအမြစ်များအဖြစ် အစဉ်အမြဲရပ်တည်ပေးနေပြန်သည်။ ထို့ပြင် အမိနိုင်ငံအတွက်လိုအပ်နေသော ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အမိနိုင်ငံအလယ်ပိုင်း ဒေသများက ထုတ်လုပ်ပေးလျက်ရှိသည်။ ယခုအခါ အမိနိုင်ငံ၏ အလယ်ပိုင်းဒေသ များတွင်သာမကဘဲ အမိနိုင်ငံ၏အချို့သော နေရာဒေသများတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များကို တွေ့ရှိနေပြီဖြစ်သည်။ ဤဖော်ပြပါ သဘာဝပတ်ဝန်းကျင်များသည် အမိနိုင်ငံအား သာယာလှပစေသည်သာမကဘဲ ခမ်းနားထည်ဝါစေသည်။ အင်အားကြံ့ခိုင် တောင့်တင်းစေသည်။တိုးတက်ဖွံ့ဖြိုးစေသည်။ ထို့ကြောင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များအား အစဉ်အမြဲထိန်းသိမ်း ကာကွယ်နေကြရမည်။
အမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု
ယခုအခါ ကျွန်ုပ်တို့အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များသည် အကောင်းမှအဆိုးသို့ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲလျက်ရှိသည်။ အမိနိုင်ငံအား အေးမြသောအရိပ်အာဝါသများ ပေးခဲ့သော အမိနိုင်ငံ၏ရာသီဥတုကို မျှတစေခဲ့သော ရိုးမတောင်တန်းကြီးများပေါ်ရှိ တောအုပ်တောတန်းကြီးများသည် တဖြည်းဖြည်းပျက်သုဉ်းလျက်ရှိသည်။ တစ်ချိန်က စိမ်းစိုညို့မှိုင်းနေသော တောအုပ်ကြီးများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းများသည် ယခုအခါ တောင်ကတုံးများအဖြစ် ရောက်ရှိနေကြသည်။ အမိနိုင်ငံ၏ ရေအရင်းအမြစ်များဖြစ်ကြသော မြစ်ချောင်းများသည် မူလရေစီးကြောင်းအတိုင်း စီးဆင်းခြင်းမပြုကြတော့ဘဲ ရေစီးကြောင်းများ ပြောင်းလဲစီးဆင်းနေကြပြီ။ အမိနိုင်ငံ၏ အချို့သောနေရာဒေသများတွင် ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်။ မိုးသည်းထန်မှုကြောင့် တောင်ပြို၊ ကမ်းပြို၊ မြေပြိုမှုများဖြစ်ပေါ်နေသည်။ အမိနိုင်ငံ၏ မြေဆီ၊ မြေလွှာ၊ မြေဩဇာများသည်လည်း တဖြည်းဖြည်းလျော့ပါးပျက်သုဉ်းလျက်ရှိသည်။ ဤအခြေအနေများသည် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ တဖြည်းဖြည်းပြောင်းလဲဆုတ်ယုတ်နေကြခြင်းဖြစ်သည်။
အမိနိုင်ငံ၏ရာသီဥတုပြောင်းလဲမှု
ယခုအခါ ကျွန်ုပ်တို့အမိနိုင်ငံ၏ ရာသီဥတုသည် ယခင်အတိတ်ကာလများကဲ့သို့ ပုံမှန်မဟုတ်တော့ဘဲ ပုံမမှန်သည့်အခြေအနေသို့ ရောက်ရှိနေစပြုနေပြီဖြစ်သည်။ အမိနိုင်ငံ၏ နေ့အပူချိန်များသည် တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျက်ရှိသည်။ ပုံမှန်မဟုတ်သောမိုးများ သည်းထန်စွာရွာသွန်းနေသည်။ အနောက်တောင်မုတ်သုံ ရာသီလေသည် အမိနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့်အချိန်နှင့် ဆုတ်ခွာသည့်အချိန်များ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲလာသည်။ အမိနိုင်ငံ၏ ရာသီဥတုများ တစ်နှစ်ထက်တစ်နှစ် ပုံမှန်မဟုတ်ဘဲပြောင်းလဲနေခြင်းသည် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆုတ်ယုတ်ပျက်သုဉ်းနေသောကြောင့်ဖြစ်သည်။ အမိနိုင်ငံ၏ ရာသီဥတုပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန်အတွက် လိုအပ်ချက်တစ်ခုမှာ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ မယိုယွင်းဘဲ မူလအနေအထားအတိုင်း အစဉ်တည်တံ့ ခိုင်မြဲနေရေးပင်ဖြစ်သည်။
အမိနိုင်ငံအပေါ်ထားရှိရမည့် အသိနှင့်သတိအမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် ကျွန်ုပ်တို့အမြဲသတိပြုဆင်ခြင်နေရမည့် အချက်သုံးချက်ရှိသည်။ ပထမအချက်မှာ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များသည် မည်မျှပင်ကောင်းမွန်နေစေကာမူ ထိန်းသိမ်းကာကွယ်မှု မရှိဘဲ လျစ်လျူရှုထားပါက တဖြည်းဖြည်းပျက်စီးယိုယွင်းပြီး နောက်ဆုံးတွင် အပြီးအပိုင် ပျက်သုဉ်းပျောက်ကွယ်သွားနိုင်သည်။ ဒုတိယအချက်မှာ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို သတိပညာဖြင့်ဆင်ခြင်ပြီး ဝီရိယကြီးစွာဖြင့် ထိန်းသိမ်းကာကွယ်နေပါက မူလအနေအထားထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သည်။ တတိယအချက်မှာ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များထဲတွင် အမိနိုင်ငံအား ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းအမျိုးမျိုး၊ နိုင်ငံ၏အားကို ကြံ့ခိုင်တောင့်တင်းစေမည့် စွမ်းအားအမျိုးမျိုး အမြဲအဆင်သင့်ရှိနေသည်။ မေ့လျော့ပေါ့ဆစွာ မနေဘဲ ကြီးမားသောအသိသတိဖြင့် ထိုးထွင်းသိမြင်ဖော်ထုတ် အသုံးပြုနေရမည့် စသည့်အချက်သုံးချက်ဖြစ်ကြသည်။ ဤအချက်သုံးချက်ကို ကျွန်ုပ်တို့ အမြဲသတိပြုဆင်ခြင်နေကြရမည်။
အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းမည်
အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှုအရေးကြီးပုံနှင့်ပတ်သက်၍ ရှေးဟောင်းအဆိုတစ်ခုကို တင်ပြလိုသည်။ ယင်းအဆိုမှာ “သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး”ဟူ၍ဖြစ်သည်။ “သုံးတတ်လျှင်ဆေး” ဆိုသည်မှာ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို အလေးအနက်တန်ဖိုးထားပြီး အမြဲထိန်းသိမ်း ကာကွယ်နေပါက နိုင်ငံအား တိုးတက်စေမည့် အခွင့်အလမ်းအမျိုးမျိုး၊ နိုင်ငံကိုကြံ့ခိုင် တောင့်တင်းစေမည့် စွမ်းအားအမျိုးမျိုးကို ဖန်တီးဖော်ထုတ်ပေးခြင်း သဘောဖြစ်သည်။ “မသုံးတတ်လျှင်ဘေး”ဆိုသည်မှာ အမိနိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်များကို အလေးအနက် တန်ဖိုးမထားဘဲ လျစ်လျူရှုထားပါက နိုင်ငံကိုဆုတ်ယုတ်စေမည့် အခြေအနေဆိုးအမျိုးမျိုး၊ နိုင်ငံကို အင်အားချည့်နဲ့စေမည့် ဆုတ်ယုတ်မှုအမျိုးမျိုးကို ဖန်တီးဖော်ဆောင်ပေးသည်။ ထို့ကြောင့် ဤအဆိုကို အမြဲနှလုံးသွင်းဆင်ခြင်ပြီး အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို အမြဲထိန်းသိမ်းကာကွယ်နေရမည်။ ထိန်းသိမ်းကာကွယ်ရာတွင် အောက်ဖော်ပြပါနည်းလမ်းများကို အသုံးပြုရမည်။
စည်းကမ်းနှင့်စိတ်ဓာတ်ဖြင့်ထိန်းသိမ်းခြင်း
ကျွန်ုပ်တို့၏စည်းကမ်းနှင့်စိတ်ဓာတ်ကို မြှင့်တင်နေခြင်းဖြင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်နိုင်သည်။ စည်းကမ်းကိုမြှင့်တင်ခြင်းဆိုသည်မှာ အမိနိုင်ငံဆုတ်ယုတ် ပျက်စီးစေမည့်အရာမှန်သမျှကို လုံးဝမပြုလုပ်ဘဲ အမိနိုင်ငံတိုးတက် အောင်မြင်စေမည့်အရာမှန်သမျှကို မပျက်မကွက်ဆောင်ရွက်နေခြင်းဖြစ်သည်။ စိတ်ဓာတ်မြှင့်တင်ခြင်းဆိုသည်မှာ အမိနိုင်ငံအပေါ် မကောင်းမှုပြုရမည်ကိုရှက်သည့် “ဟီရိ”ဟူသော စိတ်၊ အမိနိုင်ငံအပေါ် မကောင်းမှုပြုရမည်ကို ကြောက်သည့် “ဩတ္တပ္ပ”ဟူသောစိတ်တို့ကို အစဉ်မွေးမြူ ကျင့်သုံးနေခြင်းဖြစ်သည်။ ဤသို့ စည်းကမ်းနှင့်စိတ်ဓာတ်ကို မြှင့်တင်နေခြင်းသည် အမိနိုင်ငံအား ဘက်စုံကဏ္ဍစုံ ထိန်းသိမ်းကာကွယ်မှု ပေးနေခြင်းဖြစ်သည်။ အမိနိုင်ငံအား ဘက်စုံကဏ္ဍစုံ ထိန်းသိမ်းကာကွယ်မှုပေးနေခြင်းကြောင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ ယိုယွင်းမှုမရှိတော့ဘဲ တည်တံ့ခိုင်မြဲလာသည်။
သတိ၊ ပညာ၊ ဝီရိယဖြင့်ထိန်းသိမ်းခြင်း
သတိ၊ ပညာ၊ ဝီရိယ စွမ်းအားသုံးမျိုးကို အစဉ်မြှင့်တင်ပြီး အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်နိုင်သည်။ သတိ၊ ပညာ၊ ဝီရိယစွမ်းအားသုံးမျိုးကို မြှင့်တင်ခြင်းဆိုသည်မှာ အမိနိုင်ငံ၏ အခြေအနေအရပ်ရပ်အား သတိပညာဖြင့်မပြတ်ဆင်ခြင်သုံးသပ်ပြီး ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များကို ဝီရိယကြီးစွာ မပျက်မကွက်ကြိုးပမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။ အမိနိုင်ငံ၏ အခြေအနေအရပ်ရပ်ကို သတိပညာဖြင့် မပြတ်ဆင်ခြင် သုံးသပ်နေမှုကြောင့် အမိနိုင်ငံသဘာဝပတ်ဝန်းကျင်၏ အခြေအနေမှန်ကို ဖော်ထုတ်သိမြင်လာသည်။ ဤသို့ ဖော်ထုတ်သိမြင်သည်နှင့်တစ်ပြိုင်နက် လိုအပ်သည့် ထိန်းသိမ်းကာကွယ်မှုအမျိုးမျိုးကို ဝီရိယကြီးစွာ ကြိုးပမ်းဆောင်ရွက်သည်။ ဤသို့ ဝီရိယကြီးစွာ ထိန်းသိမ်းကာကွယ်နေခြင်းကြောင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များသည်လည်း တည်တံ့ခိုင်မြဲလာသည်။ ကျွန်ုပ်တို့နိုင်ငံသားများ၏ သတိ၊ ပညာ၊ ဝီရိယ မြင့်မားနေခြင်းသည် နိုင်ငံ၏သဘာဝ ပတ်ဝန်းကျင်များ တည်တံ့ခိုင်မြဲရေးအတွက် များစွာအရေးပါသည်။
မှန်ကန်သောခံယူချက် ထားရှိ၍ထိန်းသိမ်းခြင်း
မှန်ကန်သောခံယူချက်ထားရှိ၍ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်နိုင်သည်။ မှန်ကန်သော ခံယူချက်ထားရှိခြင်းဆိုသည်မှာ နိုင်ငံသားတိုင်းသည် အမိနိုင်ငံ၏ တိုးတက်အောင်မြင်စေမည့်အရာမှန်သမျှကိုပြုလုပ်၍ ဆုတ်ယုတ်ပျက်စီးစေမည့် အရာမှန်သမျှကိုထိန်းသိမ်း ကာကွယ်ပေးရမည့် တာဝန်ရှိသည်ကို သိရှိနားလည်ခြင်းဖြစ်သည်။ နိုင်ငံတိုးတက်အောင်မြင်နေခြင်းသည် နိုင်ငံသားတို့၏ ဘဝတိုးတက် အောင်မြင်နေခြင်းဖြစ်သည်။ နိုင်ငံ၏ဆုတ်ယုတ်နေခြင်းသည် နိုင်ငံသားတို့၏ဘဝ ဆုတ်ယုတ်နေခြင်းဖြစ်သည်။ နိုင်ငံသည် နိုင်ငံသားတိုင်း၏ အသက်ခန္ဓာဖြစ်သည်။ မိမိတို့၏အသက်ခန္ဓာဖြစ်သော အမိနိုင်ငံအား ပျက်စီးယိုယွင်းမှုမရှိအောင် အစစအရာရာကိုထိန်းသိမ်း ကာကွယ်မှုပေးနေရမည်။ ဤအချက်များသည် မှန်ကန်သောခံယူချက် အမိနိုင်ငံအပေါ်ထားရှိနေခြင်း သဘောဖြစ်သည်။ မှန်ကန်သောခံယူချက်များ အမိနိုင်ငံအပေါ်ထားရှိနေမှုကြောင့် အမိမြေအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်လာသည်။ ဤသို့အမိမြေအား ထိန်းသိမ်းကာကွယ်နေမှုကြောင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ တည်တံ့ခိုင်မြဲလာသည်။
ကြီးမားသောအမြော်အမြင်ဖြင့် ထိန်းသိမ်းခြင်း
ကြီးမားသောအမြော်အမြင် ထားရှိပြီး အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်နိုင်သည်။ ကြီးမားသောအမြော်အမြင်ထားရှိခြင်းဆိုသည်မှာ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို လျစ်လျူရှုထားပါက တဖြည်းဖြည်းယိုယွင်း ပျက်စီးလာမည်။ အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးနေခြင်းသည် နိုင်ငံအပေါ် ကြီးမားသော ဆိုးကျိုးအမျိုးမျိုး သက်ရောက်လိမ့်မည်။ သဘာဝပတ်ဝန်းကျင်များသည် နိုင်ငံအား နိုင်ငံတည်တံ့ခိုင်မြဲရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ ရာသီဥတု မှန်ကန်မျှတရေး၊ နိုင်ငံသားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းပုံမှန်ဖွံ့ဖြိုးရေးတို့အတွက် များစွာအရေးကြီးသည်။ ထို့ကြောင့် အစဉ်အမြဲ ထိန်းသိမ်းကာကွယ်နေရန်လိုအပ်သည် စသည်ဖြင့် ဆင်ခြင်သုံးသပ်သည်။ ဤသို့ဆင်ခြင်သုံးသပ်နေခြင်းသည် အမိနိုင်ငံအပေါ် ကြီးမားသောအမြော်အမြင် ထားရှိခြင်းဖြစ်သည်။ အမိနိုင်ငံအပေါ် ကြီးမားသောအမြော်အမြင် ထားရှိနေမှုကြောင့် အမိနိုင်ငံအား ကာကွယ်စောင့်ရှောက်လာသည်။ ဤသို့ ကာကွယ်စောင့်ရှောက်နေမှုကြောင့် အမိနိုင်ငံ၏သဘာဝပတ်ဝန်းကျင်များ တည်တံ့ခိုင်မြဲလာသည်။
နိုင်ငံချစ်စိတ်ဖြင့် ထိန်းသိမ်းခြင်း
နိုင်ငံချစ်စိတ်မြင့်မားစွာထားရှိပြီး အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းကာကွယ်နိုင်သည်။ နိုင်ငံချစ်စိတ် ထားရှိခြင်းဆိုသည်မှာ အမိနိုင်ငံအား ချစ်မြတ်နိုးသည်။ အမိနိုင်ငံအား လေးစားတန်ဖိုးထား ဂုဏ်ယူမြတ်နိုးသည်။ အမိနိုင်ငံအား အသက်ပေးကာကွယ် စောင့်ရှောက်သည်။ အမိနိုင်ငံ၏ ကောင်းကျိုးမှန်သမျှကို ဆောင်ရွက်ပြီး အမိနိုင်ငံ၏ ဆိုးကျိုးမှန်သမျှကို စွမ်းအားကုန် ကာကွယ်တားဆီးသည်။
အမိနိုင်ငံအား လှပသာယာစေလိုသည်။ အမိနိုင်ငံအား ကမ္ဘာ့အလယ်ခမ်းနားထည်ဝါစွာ ရပ်တည်စေလိုသည်။ ဤကဲ့သို့ ဆန္ဒများထားရှိနေခြင်းသည် နိုင်ငံချစ်စိတ်မြင့်မားစွာ ထားရှိနေခြင်းသဘောဖြစ်သည်။ နိုင်ငံချစ်စိတ်မြင့်မားစွာထားရှိနေခြင်းကြောင့် အမိနိုင်ငံအား ကာကွယ်စောင့်ရှောက်လာသည်။ ဤသို့ ကာကွယ်စောင့်ရှောက်နေမှုကြောင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များ တည်တံ့ခိုင်မြဲလာသည်။ ကျွန်ုပ်တို့နိုင်ငံသားများ၏ တာဝန်ကျွန်ုပ်တို့အမိနိုင်ငံတွင် သာယာလှပသော သဘာဝပတ်ဝန်းကျင်များရှိသည်။ ခမ်းနားထည်ဝါသော သဘာဝပတ်ဝန်းကျင်များရှိသည်။ စွမ်းအားအမျိုးမျိုး တည်ရှိနေသော သဘာဝပတ်ဝန်းကျင်များ ရှိသည်။
နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်မည့် သဘာဝပတ်ဝန်းကျင်များ ရှိသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများအတွက် အရေးပါသော သဘာဝပတ်ဝန်းကျင် ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို လှပသောသဘာဝရှုခင်းများဟု အမြင်တစ်မျိုးတည်း မြင်၍မရပါ။ နိုင်ငံကိုမြှင့်တင်ပေးမည့် စွမ်းအားစုကြီးအဖြစ် ရှုမြင်ရန်လိုသည်။
အဘယ့်ကြောင့်ဆိုသော် နိုင်ငံ၏အခန်းကဏ္ဍကို မြင့်မားစေမည့် စွမ်းအားအမျိုးမျိုးသည် အမိနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်များထဲတွင် အမြဲတည်ရှိနေသောကြောင့်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များသည် အမိနိုင်ငံ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မြှင့်တင်ပေးနေသည့်စွမ်းအားစုကြီးဖြစ်သည်။ ဤသို့နိုင်ငံ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မြှင့်တင်ပေးမှုကြောင့် ကျွန်ုပ်တို့အားလုံး ကျေပွန်စွာ ထမ်းဆောင်နေရမည့် တာဝန်တစ်ရပ်ရှိသည်။ ယင်းတာဝန်ကြီးကား အမိနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်များကို ကိုယ်ပိုင်အသိစိတ်ဓာတ်မြင့်မားစွာဖြင့် အစဉ်အမြဲထိန်းသိမ်း ကာကွယ်ပေးနေရန်ပင်ဖြစ်ပါကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြအပ်ပါသည်။ ။
MWD
