တရုတ်ရေတပ်၏ အံ့ဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ ပင်လယ်ပြင်စိုးမိုးနိုင်မည့်အလားအလာ (၃)

Posted_Date

Image

တရုတ်ရေတပ်၏ အံ့ဖွယ်အရှိန်အဟုန်ဖြင့် တိုးတက်လာခြင်းနှင့်အတူ ပင်လယ်ပြင်စိုးမိုးနိုင်မည့်အလားအလာ (၃)

Body

ပန်းခြံအတွင်း ပျော်ပွဲစားထွက်ရင်း ကာရာအိုကေသီဆိုနေကြသော ပင်စင်စား အဖိုးအဖွားတို့၏ မြင်ကွင်းရှေ့မှောက်တွင် ဘောလုံးကွင်း သုံးကွင်းစာခန့် ရှည်လျားသော ကုန်တင်သင်္ဘောကြီးများ ရပ်နားနေကြသည်။ သို့သော် ထိုနေရာမှအတန်ငယ်ဝေးသော လမ်းဆုံတစ်ခုအနီးရှိ ဓာတ်ပုံရိုက်ခွင့် မရှိသော ဆိပ်ကမ်းတွင် စစ်သင်္ဘောတစ်စု လျှို့ဝှက်စွာ ရပ်နားလျက်ရှိကာ ရဟတ်ယာဉ်တစ်စီးကို သင်္ဘောကြီး၏ ဧရာမကုန်းပတ်ပေါ်သို့ ကရိန်းဖြင့် ချပေးနေသည်။ Suoyuwan ပန်းခြံအတွင်းတွင် စစ်တီးဝိုင်းတပ်ဖွဲ့၏ တီးမှုတ်သံများကလည်း မြိုင်ဆိုင်စွာထွက်ပေါ်နေသည်။

"ကုန်တင်သင်္ဘောနှင့်စစ်သင်္ဘောနှစ်မျိုးလုံး တည်ဆောက်ရန်လိုအပ်သော နည်းပညာများကို ဗဟို ချက်မတစ်ခုတည်းသို့ စုစည်းရန် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရေးဆွဲထားသော မဟာဗျူဟာတစ်ရပ် အနေဖြင့် ကြိုးပမ်းအားထုတ်မှုများ ရှိနေပါပြီ ၊ ဒါလီယန်သည် ထိုသို့သော နေရာတစ်ခု ဖြစ်ပါသည်" ဟု Mr. Funaiole က ဆိုသည်။

စွမ်းရည်မြင့် စစ်သင်္ဘောများ သို့မဟုတ် ရေငုပ်သင်္ဘောများ မရှိသော်လည်း တရုတ်၏ ကုန်တင် သင်္ဘောတည်ဆောက်ရေးဆိုင်ရာ နည်းပညာကျွမ်းကျင်မှုသည် အရေးပေါ်အခြေအနေတွင် အဓိက အရေးပါနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

"ကြာရှည်သော ပဋိပက္ခတစ်ရပ်တွင် သင်္ဘောအသစ်များကို အလျင်အမြန်တည်ဆောက်နိုင်သော သင်္ဘောကျင်းများရှိခြင်းသည် ကြီးမားသော ဗျူဟာမြောက် အားသာချက်တစ်ရပ်ဖြစ်သည် ၊ ကုန်တင် သင်္ဘောများသည် ပဋိပက္ခဇုန်သို့ အစားအစာစသည့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်သည် ၊ ဤစွမ်းရည်မရှိပါက အမေရိကန်သည် ကြာရှည်စွာ စစ်ဆင်ရေးဆင်နွှဲနိုင်ရန် ခက်ခဲလိမ့်မည်" ဟု Mr. Funaiole က ဆိုသည်။

ဤကိစ္စသည် အနှစ်ချုပ်ရိုးရိုးရှင်းရှင်းမေးခွန်းတစ်ရပ်အနေဖြင့်"မည်သူက ပိုမိုလျင်မြန် လွယ်ကူစွာ ရေကြောင်းအတွင်း ပိုမိုကောင်းမွန်သောစွမ်းရည်များ ချထားနိုင်သနည်း"ဟု ဖြစ်ပေါ်လာခဲ့သည်။ “လက်ရှိအချိန်တွင် ဤမေးခွန်း၏ အဖြေမှာ တရုတ်ပင် ဖြစ်သည်။”

စွမ်းအားဖျောက်၍ အချိန်ကောင်းစောင့်ခြင်း

သို့သော် ကမ္ဘာကြီးသည် စိုးရိမ်စရာမလိုဟု ပေကျင်းတက္ကသိုလ်မှ ရေကြောင်းဗျူဟာ လေ့လာရေး စင်တာ၏ ဒါရိုက်တာ ပါမောက္ခ Hu Bo က ဆိုသည်။ "အထူးသဖြင့် စစ်ရေးနည်းဖြင့် အခြားနိုင်ငံ များ၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ရန် မိမိတို့အနေဖြင့် စိတ်ဝင်စားမှုမရှိပါ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ တရုတ်သည် ကမ္ဘာကိုသိမ်းပိုက်လိုသောကြောင့် မဟုတ်ဘဲ စွမ်းဆောင် နိုင်သောကြောင့် သင်္ဘောကြီးများ တည်ဆောက်နေခြင်းဖြစ်သည်ဟု ၎င်း၏ သတင်းစကားက ဆိုလိုသည်။

တရုတ်က အခြားနိုင်ငံအဖြစ် မရှုမြင်သော ကျွန်းတစ်ကျွန်းရှိသည် - “ထိုင်ဝမ်”

ဒီမိုကရက်တစ်ကျွန်းဖြစ်သော ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရန်အတွက် ပေကျင်းမှ ကာလကြာ ရှည်စွာက ကတိပြုချက်များပြောဆိုထားပြီး အင်အားသုံးရန် ဖယ်ရှားထားခြင်းမရှိပေ။ မကြာသေးမီ နှစ်များအတွင်း အမေရိကန်အဆင့်မြင့်အရာရှိများက ၂၀၂၇ ခုနှစ်တွင် တရုတ်က ထိုင်ဝမ်ကို ကျူးကျော် မည်ဟု ကြေညာခဲ့သော်လည်း ပေကျင်းအစိုးရက နောက်ဆုံးကာလသတ်မှတ်ချက်ကို ငြင်းဆိုခဲ့သည်။

"တရုတ်တွင် ထိုင်ဝမ်ကို ပြန်လည်ရယူနိုင်စွမ်းရှိပြီးဖြစ်သော်လည်း မိမိတို့သည် သည်းခံစိတ်ရှိသော ကြောင့် ထိုသို့မပြုလုပ်ခြင်းဖြစ်သည် ၊ တရုတ်သည် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး ဖြစ်နိုင် ခြေကို မည်သည့်အခါမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပါ။ မိမိတို့အနေဖြင့် စောင့်ဆိုင်းနိုင်ပါသည်" ဟု ပါမောက္ခ Hu Bo က ဆိုသည်။

ပိုမိုကြီးမားသော စိုးရိမ်စရာမှာ ထိုင်ဝမ်ကို ထိပါးမှုတစ်ခုခုသည် စစ်ပွဲကျယ်ပြန့်စေကာ အမေရိကန် ကိုပါ ပါဝင်လာစေနိုင်ခြင်းဖြစ်သည်။ ဝါရှင်တန်သည် ထိုင်ဝမ်အနေဖြင့် ကိုယ်တိုင်ကာကွယ်ရန် အတွက် လက်နက်များ ထောက်ပံ့ပေးရန် ဥပဒေအရ ပြဋ္ဌာန်းထားသည်။ နောက်ဆုံးတွင် တရုတ်၏ အစိတ်အပိုင်းဖြစ်လာမည့် ခွဲထွက်ရန်ကြိုးပမ်းနေသော ပြည်နယ်တစ်ခုဟုရှုမြင်သော ပေကျင်း အတွက်မူ ထိုကဲ့သို့ထောက်ပံ့မှုသည် လက်မခံနိုင်စရာဖြစ်သည်။

ယခုနှစ်စောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က တရုတ်သည် ထိုင်ဝမ် အတွက် အနီးကပ်ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်စေကြောင်း သတိပေးခဲ့ပြီး အာရှနိုင်ငံများအား ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန်နှင့် စစ်ပွဲကိုဟန့်တားရန် အမေရိကန်နှင့်အတူ လက်တွဲလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

သို့ဖြစ်ရာ ပါမောက္ခ Hu Bo ၏ အာမခံချက်များရှိသော်လည်း တရုတ်၏စစ်သင်္ဘောများသည် နိုင်ငံ၏ ကမ်းရိုးတန်းမှ ပိုမိုဝေးရာသို့ စတင်ရွက်လွှင့်နေသည်ကို လျစ်လျူရှုထားရန် ခက်ခဲနေသည်။ ဖေဖော်ဝါရီလတွင် ၎င်းတို့သည် ဩစတြေးလျကမ်းရိုးတန်းကို သီတင်းပတ် သုံးပတ်ကျော်ကြာ ပတ်နေစဉ် ယခင်ကမရှိခဲ့ဖူးသော တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်နေသည်ကို တွေ့မြင်ခဲ့ ရသည်။

မကြာသေးမီက တရုတ်လေယာဉ်တင်သင်္ဘောများသည် ဂျပန်နိုင်ငံအနီး၌ ရေတပ်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပြီး စိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းလေ့ကျင့်မှုများသည် နိုင်ငံတကာရေပြင် တွင်ဖြစ်သော်လည်း ထိုကဲ့သို့သောလုပ်ဆောင်မှုသည် ယခင်ကမရှိခဲ့ဖူးပေ။

ပစိဖိတ်ဒေသတွင် ဩဇာလွှမ်းမိုးမှုရှိရန် ပေကျင်း၏ကြိုးပမ်းမှုများ ပိုမိုရဲရင့်လာသည်နှင့်အမျှ ထိုင်ဝမ်မှ ဩစတြေးလျအထိ တရုတ်၏အိမ်နီးချင်းနိုင်ငံများသည် ၎င်း၏ကျော်ကြားသော ဆောင်ပုဒ်အတိုင်း "hide your strength and bide your time" (စွမ်းအားဖျောက်၍ အချိန်ကောင်းစောင့်ခြင်း) အောင်မြင်လာနိုင်သည်ကို စိုးရိမ်နေကြသည်။

သို့သော် ပါမောက္ခ Hu Bo က အမေရိကန်၏မဟာမိတ်များဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် ဩစတြေးလျတို့မှာ တရုတ်နှင့် မကြာခဏဆန့်ကျင်ဘက်ဖြစ်နေသော်လည်း အမေရိကန်နှင့် တရုတ်အကြား ပဋိပက္ခ ဖြစ်ပွားမှုအတွက် စိုးရိမ်မှုများသည် လိုသည်ထက်ပို၍ ကြီးမားနေသည်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ထိုပဋိပက္ခသည် ကပ်ဘေးဆိုက်ရောက်နိုင်ကြောင်း အားလုံး သိသောကြောင့်ဖြစ်သည်။

"လွန်ခဲ့သော သုံးနှစ်အတွင်း နှစ်ဖက်စလုံးသည် စစ်မက်မဖြစ်လိုကြောင်း အချက်ပြမှုများသည် အလွန်ရှင်းလင်းသည် ၊ မိမိတို့သည် ယင်းအတွက် အဆင်သင့်ပြင်ဆင်ထားသော်လည်း တစ်ဖက်နှင့် တစ်ဖက် စစ်မက်မဖြစ်ပွားလိုကြပါ" ဟု ပါမောက္ခ Hu Bo က ဆိုသည်။

(ဆက်လက်ဖော်ပြပါမည်)

BBC တွင် ဆောင်းပါးရှင် Laura Bicker ရေးသားသည့် China's huge navy is expanding at breakneck speed - will it rule the waves? အား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။