သတိပြုကာကွယ် အသံညစ်ညမ်းမှု အန္တရာယ်
Posted_Date
Image
Body
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့သော ယဉ်ကျေးမှု၊ ဘာသာအရကိုးကွယ်မှု၊ မိရိုးဖလာတို့နှင့်နှီးနွှယ်သော ထုံးတမ်းစဉ်လာနှင့် ရိုးရာဓလေ့များကို လိုက်နာကြပေသည်။
လူနေမှုအဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ နေရာဒေသကွဲပြားခြားနားမှုကြောင့် လိုက်နာပြုမူဆောင်ရွက်ရာတွင် အကျဉ်းချုံးနှင့် အကြီးအကျယ်ကျင်းပသည်သာ ကွာခြားပေသည်၊၊
မြန်မာ့နှစ် ၁၂ လ တန်ခူးမှ တပေါင်းထိလတိုင်းတွင် ပွဲများရှိနေပြီး ထုံးတမ်းစဉ်လာ၊ ရိုးရာဓလေ့နှင့် အထိမ်းအမှတ်များအရ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ ပျော်ပွဲရွှင်ပွဲများ ကျင်းပသည်မှာလည်း အများအပြားရှိပေသည်။
ပွဲရှိပြီဆို ပွဲစည်လိုကြသည်၊ ပွဲစည်အောင် နည်းမျိုးစုံလုပ်ကြသည်၊ ခေတ်ကာလအခြေအနေအရ ရပ်ကွက်၊ ကျေးရွာအတွင်း ပဲပြုတ်၊ အချဉ်ပေါင်း၊ ရေခဲချောင်း၊ ထီ စသည့်စျေးရောင်းသူများမှအစ လက်ကိုင်အသံချဲ့စက်လေးများ အသုံးပြုနေကြသည်။ ပွဲလမ်းသဘင်များ ပွဲစည်အောင်လုပ်ကြရာတွင် အသံချဲ့စက် သို့မဟုတ် လော်စပီကာ ( Loud Speaker) သို့မဟုတ် ဆောင်းဘောက်များသည် မပါမပြီးပင်။ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အသံချဲ့စက်များ၏ အသံစွမ်းရည် ကျယ်လောင်သည့် စွမ်းအားများလည်း မြင့်မားလာကြသည်။
မြန်မာလူမျိုးတို့သည် အလှူမင်္ဂလာပွဲလမ်းသဘင် အခမ်းအနားများတွင် အသံချဲ့စက်များအပြိုင် အဆိုင်ဖွင့်ကြသလို တချို့ဒေသများတွင် သာမှုနာမှု အထိမ်းအမှတ် မည်သည့်ပွဲမျှမရှိပါဘဲ သီးသန့် အသံချဲ့စက်အပြိုင်ဖွင့်၍ ပြိုင်ပွဲလုပ်သည်ထိ အရေးတယူပြုကာ တမ်းတမ်းစွဲဖြစ်ကြသည်။ အသံချဲ့စက်များက အချိန်အခါအလိုက်ဖွင့်သော သာယာနာပျော် စိတ်ကြည်နူးဖွယ် တေးသီချင်းများ၊ အသိပညာရသော စိတ်ဝင်စားဖွယ် အဆိုအဟောအပြောများသည် နားသောတဆင်သူများအတွက် ကိုယ်စိတ်အပန်းပြေစေပြီး ဗဟုသုတရ၍ အကျိုးဖြစ်ထွန်းသည်၊ အကြားအာရုံတွင် သာယာနာပျော် ကြည်နူးဖွယ်ကိုယ်နှစ်သက်သည့် အသံတို့သည် သက်ရှိသတ္တဝါတို့အတွက် ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ကိုယ်စိတ်နှလုံးဝမ်းမြောက်ကြည်နူးရွှင်ပျပြီး စိတ်ကျေနပ်မှုခံစားရသည်။ ပန်းကလေးများပင် သူတို့နှစ်သက်သည့် တေးသံသာများဖွင့်ပေးက ပို၍ပွင့်ကြသည်ကိုသိရသည်။
မည်သည့်အရာမဆို အစွန်းရောက်မှုများ ရှိလာသော် မကောင်းပါ၊ အသံချဲ့စက်ဖွင့်ရာတွင်လည်း အချိန်ကာလ၊ နေရာဒေသနှင့် အားထုတ်မှုအလွဲများဖြင့် လိုအပ်သည့်အသံထက်ပိုမို ကျယ်လောင်စွာဖွင့်ခြင်းသည် အသံကျယ်လောင်မှု ဆူညံမှုသက်သက်မျှသာမဟုတ်ဘဲ အသံညစ်ညမ်းမှုဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေသည်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုများတွင် ပါဝင်သော အသံညစ်ညမ်းမှုများဆိုသည်မှာ လူသားတို့ကြောင့် သို့မဟုတ် သဘာဝအလျောက် စိတ်ဆန္ဒမပါသော ဆူညံသံများဖြစ်ပေါ်ပြီး ယင်းဆူညံသံများကြောင့် ဂေဟစနစ်တစ်ခုအတွင်းရှိ စနစ်တစ်ခုခု၊ သက်ရှိတစ်မျိုးမျိုးကို ကမောက်ကမဖြစ်စေကာ ဘေးထွက် ဆိုးကျိုးဖြစ်စေခြင်းကို ခေါ်သည်။ သဘာဝအလျောက် ကျင်လည်ကျက်စားရှင်သန်မှုကို ထိခိုက်စေသည်။
အသံကျယ်လောင်မှုပမာဏကို ဒက်စီဘယ်-ဒီဘီယူနစ် (Decibel -dB )ဖြင့် သတ်မှတ်သည်။
အကြားအာရုံအစပြုရာ သုည ဒီဘီ၊ အသက်ရှူသံကြားသည့် တိတ်ဆိတ်မှု ၁၀ ဒီဘီ၊ သစ်ရွက်လေးများလှုပ်ခတ်ပွတ်တိုက်သံ၊ တီးတိုးစကားဆိုသံ ၂၀ ဒီဘီ၊ ဆိတ်ငြိမ်ရပ်ကွက်အတွင်း ပုံမှန်ထွက်ပေါ်သံ ၃၀ ဒီဘီ၊ စာကြည့်တိုက်ကြီးအတွင်း ပုံမှန်စာဖတ်ခန်းမှအသံ ၄၀ ဒီဘီ၊ အိမ်တွင် ဝိုင်းဖွဲ့စကားပြောသံ ၅၀ ဒီဘီ၊ စားသောက်ဆိုင် ရုံးခန်းတွင် ပုံမှန်လှုပ်ရှားသံ ၆၀ ဒီဘီ၊ လမ်းမပေါ် တဝေါဝေါ သွားနေကြသည့်ကားသံ၊ ဖုန်စုပ်စက်မောင်းသံ ၇၀ ဒီဘီ၊ စက်ရုံဝပ်ရှော့လုပ်ငန်းမှ ထွက်ပေါ်သံ ၈၀ ဒီဘီ၊ ဒီဇယ်ထရပ်ကားကြီးများ၊ ကြိတ်ခွဲစက်ကြီးများမှ ထွက်ပေါ်သောအသံ ၉၀ ဒီဘီ၊ ဂျက်လေယာဉ်ကြီး ပျံတက်သံကို မီတာ ၃၀၀ အကွာကကြားသည့်အသံ ၁၀၀ ဒီဘီ၊ သစ်ခွဲစက်လွှစက်ကြီးများ၊ သံနန်းဆွဲစက်ကြီးများအသံ ၁၁၀ ဒီဘီ သည် လူ၏နားကို စူးရှနာကျင်စေသည်။ ကျယ်လောင်သည့် မိုးထစ်ချုန်းသံ၊ ရော့ဂီတဖျော်ဖြေပွဲမှ ဆိုတီးသံများသည် ၁၂၀ ဒီဘီ၊ မီတာ ၁၀၀ အကွာမှ ကြားသည့် ဂျက်လေယာဉ်ပျံတက်သံ ၁၃၀ ဒီဘီ၊ လေယာဉ်တင်စစ်သင်္ဘောကြီး၏ လေယာဉ်ပြေးလမ်း ကုန်းပတ်မှ အသံ ၁၄၀ ဒီဘီ၊ ၂၅ မီတာအကွာမှ ဂျက်လေယာဉ်ပျံတက်သံ ၁၅၀ ဒီဘီ၊ အနီးကပ်ထွက်ပေါ်သည့် နှစ်လုံးပြူးသေနတ်သံ ၁၆၀ ဒီဘီ ဖြစ်ကြောင်း သိရှိရသည်။
သုည မှ ၇၅ ဒီဘီ အတွင်း အသံများအား နေ့စဉ်လူ့ဘဝ ပတ်ဝန်းကျင်တွင် ကြားရလေ့ရှိပြီး လူတို့၏နားမှလက်ခံနိုင်သော အသံများဖြစ်သည်။ ၇၅ ဒီဘီ အထက်အသံများသည် လူတို့၏နားတွင် အမြဲတစေကြားနေရပါက နားကိုထိခိုက်နိုင်သော အန္တရာယ်ဖြစ်သည်။ ၁၂၀ - ၁၆၀ ဒီဘီ ကျယ်လောင်မှုများသည်
Ear Plug သို့မဟုတ် နားကိုလုံခြုံသည့် အကာအကွယ်မရှိက သက်ရှိတို့နားအား ထိခိုက်ဒဏ်ရာဖြစ်စေနိုင်သည်။ ၁၇၀ - ၁၈၀ ဒီဘီ အကြားအသံများသည် လူ၏နားတွင်မခံမရပ်နိုင်ဘဲ နားစည်ထိခိုက် ပျက်စီးစေကြောင်းလည်း သိရှိရသည်။
မြို့ရွာရပ်ကွက်များအတွင်း စည်းကမ်းမဲ့မဆင်မခြင်ဖွင့်သည့် ဆူညံကျယ်လောင်သော အသံချဲ့စက်မှအသံသည် ဒက်စီဘယ် ၁ဝဝ နှင့်အထက်တွင်ရှိသည်။ ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများ၊ လူမမာများ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များ၊ ကျောင်းသားများအပါအဝင် ပတ်ဝန်းကျင်ရှိ ပြည်သူများ၏ အကြားအာရုံကို အချိန်ကြာခံစားရခြင်း၊ အချိန်တိုအတွင်း နားမခံရပ်နိုင်သည်အထိ ဆူညံကျယ်လောင်ခြင်း ခံစားရပါက မြို့ပေါ်ရပ်ကွက်၏ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် တခြားမလိုလားသော ပြဿနာများကို ဖြစ်ပေါ်စေသည်။
တစ်ခါက ရပ်ကွက်တစ်ခုအတွင်း ဘာသာရေးပွဲတစ်ခု လှည့်လည်သည်။ ထုံးစံအတိုင်း အိုးစည်၊ဒိုးပတ် အကအခုန်များလည်းပါသည်။ အိုးစည်၊ ဒိုးပတ်အဖွဲ့များက သာမန်တီးမှုတ် ကခုန်လှည့်လည်၍ ရပ်ကွက်အတွင်းမှ အားပေးသူများပင်ရှိ၏။ နောက်ဆုံးမှလိုက်ပါလာသည် အသံချဲ့စက်ကား(ဆောင်းဘောက်ကြီးများ ကားပေါ်အပြည့်)နှင့် မီးစက်တင်လာသည့် ကားနှစ်စီး၊ အိုးစည် ၊ ဒိုးပတ်အဖွဲ့များ လွန်သွားပြီးနောက် အားပေးသူလူစုအနီး အသံချဲ့စက်ကားရောက်လာ၏၊ ဘာမှန်းမသိရသောသီချင်းကို အသံကျယ်လောင်စွာဖွင့်ပြီး ကားနှင့်အတူပါလာသည့် လူငယ်တစ်စုက ကားရှေ့တွင် သရုပ်ပျက်ကခုန်ကြ၏၊ ကြည့်နေသည့်လူစုကလည်းများလာ၍ အချိန်အတန်ကြာကခုန်နေ၏၊ ထိုအချိန် အသက် ၄၀ ဝန်းကျင်လူတစ်ဦးက အသံချဲ့စက်ကားအနီးသွားကာ တစ်ခုခုပြောသောကြောင့် အသံချဲ့စက်သံ ရပ်သွားသော် ကခုန်နေသူများက -
“ဘာဖြစ်လို့ စက်ပိတ်တာလဲ ၊ ပြန်ဖွင့်” လို့ပြောလည်းပြော အသံသေးအသံကြောင် အော်ဟစ်ကြသဖြင့် အသံချဲ့စက်ဆရာက-
“ဒီနေရာမှာ အချိန်လည်းကြာပြီ၊ ပွဲလှည့်တဲ့ ရှေ့က လူတန်းနဲ့လည်း အဆက်ပြတ်ရော့မယ်၊ နောက် ဒီအိမ်မှာ လူမမာရှိနေပြီး ဟိုတစ်အိမ်ကျော်မှာ မီးဖွားပြီးစ ကလေးအမေရှိနေလို့ ဒီအစ်ကိုက မေတ္တာရပ်ခံတာကြောင့် ပိတ်တာပါ” လို့ အနီးက လူကိုညွှန်ပြပြီး ပြောလေသော် ကခုန်နေသူများက-
“မရဘူး စက်ပြန်ဖွင့်” ဆိုပြီး ဝူး ဝါး ဟစ်ပြီး အသံသေးအသံကြောင် အော်ကြရာ မေတ္တာရပ်ခံသူက-
“ဟုတ်ပါတယ် ညီလေးတို့ရာ အစ်ကိုက မေတ္တာရပ်ခံတောင်းပန်တာပါ” ပြောလည်း ကခုန်သူ လူငယ်များက -
“ဘောက်တွေ စက်တွေက အလကားရတာမဟုတ်ဘူး”
“ဒါ --- ပွဲလေကွာ၊ နားမလည်ဘူးလား”
“ပျော်ရတုန်းလေး ကခုန်ပျော်ရတာ”
“မကြားချင်ရင် နားပိတ်ထား”
စသည်ဖြင့် တစ်ယောက်တစ်ပေါက်ဖြင့် “နင်ပဲငဆ ”
ပြောပြီး ကခုန်ရာတွင်ပါသူ လူငယ်တစ်ယောက်က မေတ္တာရပ်ခံလာသူအား လက်ညှိုးထိုး၍ အာလေး လျှာလေးသံဖြင့် -
“ခင်ဗျားကြီးက ဗုဒ္ဓဘာသာ မဟုတ်ဘူးလား” လို့ ပြောရာက အချင်းများကြပြီး ရုန်းရင်းဆန်ခတ်ဖြစ် သောကြောင့် ရပ်ကွက်နှင့် ပွဲလှည့်လည်ရာ လိုက်ပါလာသည့် တာဝန်ရှိသူများက အကျယ်အကျယ် မဖြစ်ရန် အချိန်မီထိန်းလိုက်ကြရ၏၊ ဘာသာရေးဆိုင်ရာပွဲဖြစ်သော်လည်း အသံချဲ့စက်ကြောင့် ပွဲသည်အကျည်းတန်ဖြစ်ရသည်။
မြတ်စွာဘုရားရှင်သည် တိတ်ဆိတ်ငြိမ်သက်မှုကို မြတ်နိုးသူ၊ ထိန်းသိမ်းသူဖြစ်သည်။ ကောင်းမွန်မြင့်မြတ်သော တိတ်ဆိတ်မှု( Noble Silence )ကို တန်ဖိုးထားသည်။ စိတ်ပိုင်းဆိုင်ရာ အဓိကထားအလုပ်လုပ်သူများအတွက် တိတ်ဆိတ်မှုသည် အလွန်အရေးကြီးသည်။ တိတ်ဆိတ်မှုသည် အာရုံစူးစိုက်နိုင်စွမ်းကို အားကောင်းစေသည်။ လူကိုတည်ငြိမ်အေးချမ်းစေသည်။ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး သွေးဖိအားကို လျှော့ချပေးသည်။ လူ၏ ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တက်စေသည်။
မြတ်စွာဘုရားရှင်ကို ရည်မှန်းရည်စူးပြုမူသည့် သာသနာရေး၊ ဘာသာရေးပွဲများတွင် လိုအပ်သည် ထက်ပို၍ ကျယ်လောင်လွန်း၊ ဆူညံလွန်းသည့် အသံများကို စည်းကမ်းမဲ့ မဆင်မခြင်ဖွင့်သော အသံချဲ့စက်များကြောင့် ကျင်းပသည့်ပွဲ၏ အနှစ်သာရကို ထိခိုက်စေရသည်။
နယ်ချဲ့ကိုလိုနီလက်အောက် ကျရောက်စဉ်ကပင် မြန်မာနိုင်ငံတွင် အသံချဲ့စက်များကိုအသုံးပြုကြရာ အင်္ဂလိပ်တို့က အသံချဲ့စက် ဥပဒေပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ မျက်မှောက်လက်ရှိကာလတွင်လည်း အသံချဲ့စက်နှင့်ပတ်သက်၍ တည်ဆဲရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၃။ ပုဒ်မခွဲ(ဈ)တွင် “အသံချဲ့စက်ဖွင့်ခွင့်တောင်းခံခြင်းကို စည်းကမ်းချက် သတ်မှတ်၍ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲ အသံချဲ့စက်ဖွင့်သူ သို့မဟုတ် စည်းကမ်းဖောက်ဖျက်သူအား အရေးယူခြင်း၊ အရေးယူရန်အကြောင်းကြားခြင်း”ဟု ပြဋ္ဌာန်းထားခြင်း၊ ဥပဒေပုဒ်မ ၁၈ တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အသံချဲ့စက်ဖွင့်လိုပါက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်”ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၇ တွင်- “မည်သူမဆို ပုဒ်မ ၁၇၊ ၁၈ နှင့် ၁၉ ပါ တာဝန်ကိုဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်”ဟု ပြဋ္ဌာန်းဖော်ပြထားသည်။
တိုင်းပြည်မြို့ရွာ အေးချမ်းသာယာ စည်ပင်ဖွံ့ဖြိုးသော် ပြည်သူများ ကိုယ်စိတ်ချမ်းသာ၍ ပျော်ပွဲရွှင်ပွဲ သဘင်ပွဲလမ်းများ မကြာခဏပြုလုပ်ကြကြောင်း ရှေးလူကြီးများပြောကြ၏၊ ပွဲတိုင်းတွင် အသံချဲ့စက်ကြောင့် အပျော်ပွဲသည် အပျက်ပွဲမဖြစ်ရန်လိုသည်။
အသံချဲ့စက်ဖွင့်ခြင်းသည် ပတ်ဝန်းကျင်ကို အသံဖြင့် တိုက်ရိုက်သက်ရောက်မှုဖြစ်၍ အသံညစ်ညမ်း မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်ပေါ်စေသည်။
ပတ်ဝန်းကျင်ကောင်းဖြစ်စေရန် ဥပဒေဖြင့် ထိန်းချုပ်ထားသကဲ့သို့ လူတစ်ဦးတစ်ယောက်စီတိုင်းကလည်း ကိုယ်စီအသိစိတ်ဖြင့် ထိန်းသိမ်းရန်လိုသည်။
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် အသံချဲ့စက်ဖွင့်ခြင်းကို လိုအပ်သည့်အချိန်အခါ၊ အသံပမာဏနှင့် အတိုင်းအတာထားဖွင့်၍ ကြားကြားသမျှ ခုနစ်ရက် သားသမီးများ နားကလောစရာဖြစ်အောင် စည်းကမ်းမဲ့ မဆင်မခြင်ဖွင့်ပြီး အသံညစ်ညမ်းမှု မဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းပြီး လိုက်နာနိုင်ကြပါရန် တင်ပြအပ်ပါသည်။ ။
MWD
