ပန်းတိုင်အထွက်နှုန်းရရှိဖို့ ရေသွင်းကြပါစို့

Posted_Date

Image

ပန်းတိုင်အထွက်နှုန်းရရှိဖို့ ရေသွင်းကြပါစို့

Body

စိုက်ပျိုးရေးအခြေခံသည့်    မြန်မာနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်ယာကုန်ထုတ်စွမ်းအားတိုးတက်ရန်အရေးကြီးသည်။ နိုင်ငံတော်မှ စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထွက်ရှိလာစေရန် အဓိကအရေးကြီးသီးနှံ ၁၀ မျိုး၏ တစ်ဧကလျှင်ထွက်ရှိရမည့် ပန်းတိုင်အထွက်နှုန်းများအား မိုးစပါးတင်း ၁၀၀၊ နွေစပါးတင်း ၁၁၀၊ အစေ့ထုတ်ပြောင်း ၈၅ တင်း၊ မြေပဲ တင်း ၇၀၊ နှမ်းတင်း၂၀၊ နေကြာတင်း ၅၀၊ မတ်ပဲ ၂၅ တင်း၊ ပဲတီစိမ်းတင်း ၂၀၊ ပဲစင်းငုံ ၂၅ တင်း၊ ချည်မျှင်ရှည်ဝါပိဿာ ၇၀၀၊ ချက်ကြံ တန် ၃၀ ဟူ၍ သတ်မှတ်ကာ ပန်းတိုင်အထွက်နှုန်းရည်မှန်းချက် ပြည့်မီရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း အရေးကြီးသီးနှံအဖြစ် ထည့်သွင်းသတ်မှတ်ပြီး တစ်ဧကလျှင် အာလူး ပိဿာ ၄၅၀၀၊ ကြက်သွန်နီပိဿာ ၅၀၀၀၊ ကြက်သွန်ဖြူပိဿာ ၂၅၀၀ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက်ကိုလည်း ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိသည်။

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် “ကြောင်းကျိုးဆက်စပ်မှု” သဘောတရားကို မေ့ထား၍မရပါ။ အကြောင်းတရားကောင်းမွန်ပါမှသာလျှင် အကျိုးရလဒ်ကောင်းမွန်မည်ဖြစ်သည်။ ပန်းတိုင်အထွက်နှုန်းရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ၏ အခြေခံအကျဆုံးအကြောင်းတရားများဖြစ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း”ကို ကောင်းမွန်ပြည့်စုံအောင်ဆောင်ရွက်ကြရမည်ဖြစ်ရာ သီးနှံများလိုအပ်သည့် အချိန်တွင် လိုအပ်သည့်ရေကို လုံလောက်သည့်ပမာဏ ပေးသွင်းနိုင်ရေးသည်လည်း အရေးကြီးသည့် အကြောင်းတရားတစ်ခုဖြစ်သည်။ သီးနှံစိုက်ဧကအများစုမှာ မိုးရေကိုသာ အဓိကမှီခိုနေရပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့်  သီးနှံများပုံမှန်ကြီးထွားမှုအတွက် အစိုဓာတ်လုံလောက်စွာရရှိရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်။ ဖြည့်စွက်ရေကို မဖြစ်မနေပေးသွင်းနိုင်မှသာလျှင် သီးနှံများ၏အထွက်နှုန်းတည်ငြိမ်ခြင်း၊ အထွက်နှုန်းတိုးတက်ခြင်း ရလဒ်ကောင်းရမည်ဖြစ်သည်။ သီးနှံတစ်မျိုးချင်းစီတွင် ရေမဖြစ်မနေလိုအပ်သည့် ကြီးထွားမှုအဆင့်များရှိကြပြီး ၎င်းအဆင့်များတွင် ရေပြတ်လပ်ပါက အထွက်နှုန်းသိသိသာသာကျဆင်းစေနိုင်သည်။ သီးနှံအမျိုးအစားအလိုက် ရေလိုအပ်ချက်နှင့် အဓိကရေလိုအပ်သည့်အချိန်များကွာခြားသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် မည်သည့်သီးနှံကို မည်သည့်အချိန်၌ ရေမည်မျှပေးသွင်းရမည်ကို သိရှိထားရန်လိုသည်။ ရေကိုအကျိုးရှိရှိ ထိရောက်မှန်ကန်စွာ စီမံခန့်ခွဲနိုင်ရေးသည် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်။

စပါး

စပါးအတွက်   စိုက်ပျိုးရာသီတစ်လျှောက်လုံး စုစုပေါင်းရေလိုအပ်ချက်အနေဖြင့် ၄ ပေ မှ ၅ ပေခန့်လိုသည်။ ဆည်ရေသောက်ဒေသများတွင် ရေသွင်းရေထုတ်လွယ်ကူအဆင်ပြေမည်ဆိုပါက စိုတစ်လှည့်ခြောက်တစ်ခါ  ရေသွင်းစနစ်ကိုကျင့်သုံးသင့်သည်။ ပုံမှန်စပါးစိုက်ခင်းများတွင်ယေဘုယျအားဖြင့် ကောက်စိုက်ချိန်၌ ရေခပ်ပါးပါး (ရေအနက် ၁ လက်မမှ ၁ လက်မခွဲခန့်)သာထားသင့်သည်။ ပင်ပွားထွက်ချိန်တွင် ရေအနက် ၁ လက်မခွဲမှ ၄ လက်မခန့်အထိသာထားသင့်ပြီး ပင်ပွားအများဆုံးထွက်ချိန်တွင်  ရေထုတ်ပေးသင့်သည်။ မှို့ကပ်ချိန်မှပန်းပွင့်ချိန်အထိသည် ရေကို အထူးလိုအပ်ချိန်ဖြစ်၍ ရေပမာဏများများ (ရေအနက် ၂ လက်မမှ ၄ လက်မခန့်) ထားသင့်သည်။ ပန်းပွင့်စုံပြီးချိန်တွင် ရေကိုတဖြည်းဖြည်းထုတ်ပေးပြီး ရင့်မှည့်မှုညီညာစေရန်နှင့် လွယ်ကူစွာရိတ်သိမ်းနိုင်ရန်အတွက် မရိတ်သိမ်းမီ နှစ်ပတ်၊ သုံးပတ်အလိုတွင် ရေထုတ်ပေးရမည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းသည် ရေကိုအတော်အသင့်လိုအပ်သော သီးနှံဖြစ်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စေရန် ကြီးထွားမှုအဆင့်အလိုက် ရေပေးသွင်းမှု မှန်ကန်ရန်အရေးကြီးသည်။ အပင်ပေါက်ချိန်တွင် အစိုဓာတ်မလုံလောက်ပါက အပင်ပေါက်နှုန်းနည်းသဖြင့် မဖြစ်မနေရေသွင်းပေးရမည်။ အပင်ငယ်စဉ်တွင် ရေများလွန်းပါက အမြစ်ပုပ်ခြင်းဖြစ်နိုင်သဖြင့် အစိုဓာတ်သင့်တင့်ရုံမျှသာ ပေးသွင်းသင့်သည်။ ပင်ပိုင်းကြီးထွားချိန်ကာလတွင် မြေအစိုဓာတ်ပေါ်မူတည်၍ ခုနစ်ရက်မှ ၁၀ ရက်ခြားခန့်တစ်ကြိမ်ရေသွင်းသင့်သည်။ ပန်းပွင့်ချိန်နှင့် မြိတ်စာထွက်ချိန်တွင် ရေအလုံအလောက်ရရန် အရေးအကြီးဆုံးဖြစ်ပြီး ၎င်းအချိန်၌ရေပြတ်လပ်ပါက အထွက်နှုန်းသိသိသာသာကျနိုင်သဖြင့် ဤအဆင့်တွင်  အပတ်စဉ်ရေသွင်းသင့်သည်။ အစေ့ဖွံ့ဖြိုးချိန်ဖြစ်သည့် နို့ရည်တည်ချိန်၊ နို့ရည်ခဲချိန်အတွင်းတွင် ရေလိုအပ်မှုမြင့်မားနေဆဲဖြစ်ပြီး  ရေပြတ်လပ်ပါက အစေ့သေးခြင်း၊ အထွက်နှုန်းလျော့ခြင်းဖြစ်နိုင်သောကြောင့် ၎င်းကာလအတွင်း ခုနစ်ရက်မှ ၁၀ ရက်ခြားခန့် ရေသွင်းသင့်သည်။ ဇီဝကမ္မရင့်မှည့်ချိန်၌ ရေလိုအပ်မှုလျော့နည်းလာသဖြင့်   ရေဖြတ်နိုင်သည်။   သီးနှံသက်တမ်း တစ်လျှောက်လုံး၌ ပျမ်းမျှ ရေလိုအပ်ချက်၂၃ လက်မမှ ၃၀ လက်မခန့်ရှိပြီး ရေဝပ်ဒဏ်ကိုမခံနိုင်ပါ။ အထူးသဖြင့် စိုက်ပျိုးပြီးသည်မှ တစ်လအတွင်း ရေမဝပ်စေဖို့ အထူးအရေးကြီးသည်။ ပုံမှန်အားဖြင့် အစေ့ထုတ်ပြောင်းကို သားခွဲပြီးချိန်မှစပြီး မြေအစိုဓာတ်ပေါ်မူတည်၍ နှစ်ပတ်တစ်ကြိမ် ရေသွင်းသင့်သည်။ ရေရှားပါးသည့်ဒေသဖြစ်ခဲ့ပါက စစိုက်ချိန်၊  တစ်လခွဲသားအချိန်နှင့် သုံးလသားအချိန်တို့တွင် မဖြစ်မနေ ရေသွင်းပေးရန်လိုသည်။

မြေပဲ

မြေပဲသီးနှံအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရေးမှာ မြေတွင်းအစိုဓာတ်ပေါ်တွင် များစွာမူတည်သည်။ ယေဘုယျအားဖြင့် ပင်ပိုင်းကြီးထွားချိန်၊ ပန်းပွင့်ချိန်နှင့် စွယ်ချပြီးချိန်မှ မြေပဲသီးတောင့်ကြီးထွားချိန်တို့တွင် ရေသွင်းရန်လိုအပ်ပြီး သီးနှံသက်တမ်းတစ်လျှောက်လုံးအတွက်  စုစုပေါင်းရေလိုအပ်ချက် ၁၈ လက်မမှ ၂၄ လက်မခန့် ရှိသည်။ တောင်သူများအနေဖြင့်  ဖော်ပြပါအဆင့်များတွင် အစိုဓာတ်လုံလောက်ရုံမျှ ရေတစ်ကြိမ်စီ သွင်းသင့်သည်။

နှမ်း

နှမ်းပင်သည် အပင်ပေါက်သည်မှ အသီးတောင့်ရင့်မှည့်သည့်အချိန်ထိ အစိုဓာတ်လိုအပ်သော သီးနှံဖြစ်ပြီး ရေလိုအပ်ချိန်တွင် အချိန်ကိုက်ရေသွင်းစိုက်နိုင်လျှင် အထွက်နှုန်းကောင်းမည်ဖြစ်သည်။ အစိုဓာတ်မိအောင် စိုက်ပျိုးနိုင်ရန်နှင့် အစိုဓာတ်လိုအပ်ချိန်တွင် ရေသွင်းနိုင်ရန်စိုက်ချိန်ကိုချိန်ဆ စိုက်ပျိုးသင့်သည်။

စစိုက်ချိန်၌ မြေတွင်းအစိုဓာတ်မလုံလောက်ခဲ့ပါက ရေသွင်း၍ မြေပြုပြင် ထွန်ယက်ပြီးမှစိုက်ပျိုးသင့်သည်။ ပန်းဖူးစချိန်နှင့်ပန်းပွင့်ချိန် (ခေါင်းလောင်းဆွဲချိန်)နှင့် ပွင့်ဖူးစုံချိန်တွင် (အောင်ရေ) အစိုဓာတ်မလုံလောက်ပါက ရေသွင်းရန်လိုအပ်သည်။ သီးနှံသက်တမ်းတစ်လျှောက်လုံးအတွက် ၁၂ လက်မမှ ၁၈ လက်မခန့်လိုသည်။ ရေများပြီးအပင်ခြေရေဝပ်ပါက  အပင်များသေတတ်သဖြင့် ပေါင်ကြီးတင်စနစ်ဖြင့်စိုက်ပျိုး၍ မြေကြီးအစိုဓာတ်ရရုံမျှသာ ရေသွင်းသင့်သည်။

နေကြာ

နေကြာစိုက်ချိန်တွင် အစိုဓာတ်လုံလောက်စွာရှိရန်လိုအပ်သလို စိုက်ပျိုးသည့် သက်တမ်းတစ်လျှောက်လုံးတွင် အစိုဓာတ်လုံလောက်မှုရှိရမည်ဖြစ်သည်။

နေကြာသည်လည်း နှမ်းကဲ့သို့ပင် ရေဝပ်ဒဏ် လုံးဝမခံနိုင်ပါ။ ယေဘုယျအားဖြင့် အဖူးဝင်ချိန်(ကြက်ချေးစုချိန်)၊ ပန်းပွင့်ချိန်၊ အစေ့အဆန်တည်ချိန်တို့တွင် ရေသွင်းသင့်သည်။ ပွင့်ဖူးဝင်ချိန်မှ ပန်းပွင့်ချိန်ကာလထိ လုံးဝအစိုဓာတ်ပြတ်၍မရပါ။ အထွက်ကောင်းလိုလျှင် အဖူးဝင်ချိန်နှင့် ပန်းပွင့်ချိန်တွင် မဖြစ်ဖြစ်အောင် ရေသွင်းပေးရန်လိုသည်။ ပန်းပွင့်ချိန်နှင့် အစေ့ရင့်ချိန်တွင် အစိုဓာတ်မလုံလောက်ပါက အထွက်နှုန်းသာမက အဆန်တွင် ဆီပါဝင်မှုနည်းစေနိုင်သည်။ အပင်ကြီးချိန်ရေများပါက (မိုးရွာသွန်းမှုများပါက)  အပင်ရောဂါ ကျနိုင်သည်။ နေကြာပင်သက်တမ်းတစ်လျှောက်လုံး စုစုပေါင်းရေလိုအပ်ချက်မှာ ၁၈ လက်မမှ ၂၄ လက်မခန့်ဖြစ်သည်။

မတ်ပဲနှင့်ပဲတီစိမ်း

မတ်ပဲနှင့်ပဲတီစိမ်း နှစ်မျိုးလုံးအတွက် သီးနှံစစိုက်ချိန်မှ သုံးပတ်သားအထိ အစိုဓာတ်ကောင်းစွာရှိရန်လိုသည်။ ၎င်းတို့အတွက် သက်တမ်းတစ်လျှောက်လုံး စုစုပေါင်းရေလိုအပ်ချက်မှာ ၁၂ လက်မမှ ၁၈ လက်မခန့် ဖြစ်သည်။ မတ်ပဲသည် မိုးခေါင်သည့်ဒဏ်ကို အတော်အသင့်ခံနိုင်သည်။ ပဲတီစိမ်းသည် မတ်ပဲနှင့် နှိုင်းယှဉ်လျှင် ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှုနည်းပါးသည်။

မတ်ပဲနှင့်ပဲတီစိမ်းတို့သည် ပန်းပွင့်ချိန်နှင့် သီးတောင့်ဝင်ချိန်တွင် ရေလိုအပ်မှုအများဆုံးဖြစ်ပြီး ၎င်းအချိန်များတွင် ရေငတ်ဒဏ်မခံနိုင်သဖြင့် ရေပေးသွင်းသင့်သည်။ မတ်ပဲသည် ၎င်းအချိန်များတွင် ရေကြီးခြင်း၊ ရေဝပ်ခြင်းကို မခံနိုင်ပါ။ ပဲတီစိမ်းသည် သီးနှံသက်တမ်းတစ်လျှောက်လုံးတွင် ရေကြီးခြင်း၊ ရေဝပ်ခြင်းကို မခံနိုင်ပါ။ ၎င်းတို့ကို စိုက်ပျိုးသည့်အခါ ရေပိုရေလျှံများကို ထုတ်ပစ်ရန် စိမ့်မြောင်း၊ ပတ်မြောင်းနှင့် ရေထုတ်မြောင်းများ မဖြစ်မနေလုပ်ထားရမည်။

ပဲစင်းငုံ

ပဲစင်းငုံကို မိုးရာသီတွင်အဓိကထား၍   စိုက်ပျိုးကြသည်။ ပဲစင်းငုံသည် အမြစ်နက်နက်ဆင်းသည့် သီးနှံဖြစ်သောကြောင့် မြေဆီလွှာအတွင်း နက်ရှိုင်းသော အလွှာများမှ အစိုဓာတ်ကို ထုတ်ယူနိုင်စွမ်းရှိသည့်အတွက် မိုးခေါင်ဒဏ်ခံနိုင်သည့်သီးနှံဖြစ်သော်လည်း ကိုင်းဖြာချိန်၊ ပန်းပွင့်ချိန်၊ သီးတောင့်ဝင်ချိန်တို့တွင် ရေလိုအပ်မှုအများဆုံးဖြစ်သဖြင့် ၎င်းအချိန်များတွင် အစိုဓာတ်လုံလောက်မှုမရှိပါက ဖြည့်စွက်ရေကို   မဖြစ်မနေပေးသွင်းသင့်သည်။   သက်တမ်းတစ်လျှောက်လုံး စုစုပေါင်းရေလိုအပ်ချက်မှာ ၁၂ လက်မမှ ၁၈ လက်မခန့် ဖြစ်သည်။ သီးနှံသက်တမ်းတစ်လျှောက်လုံးတွင် ရေဝပ်ဒဏ်ကိုမခံနိုင်ပါ။

ချည်မျှင်ရှည်ဝါ

ချည်မျှင်ရှည်ဝါသည်အပူပိုင်းဒေသများ၌ စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံဖြစ်သော်လည်း ရေလုံလောက်စွာမရခဲ့ပါက အထွက်နှုန်းသိသိသာသာ ကျဆင်းနိုင်သည်။ အပိမ့်စဝင်ချိန်မှပန်းစပွင့်ချိန်၊ ပန်းစပွင့်ချိန်မှ ပန်းပွင့်ဖြိုင်ချိန်၊ သီးလုံးဝင်ချိန်တို့တွင် ရေငတ်ဒဏ်မခံနိုင်သဖြင့် ၎င်းအချိန်များတွင် ရေပေးသွင်းသင့်သည်။ ရေပေးသွင်းရာတွင်လည်း ရေသွင်းမိုးမိမဖြစ်စေရေးအတွက် ရာသီဥတုအခြေအနေ၊ အပင်၏ရေလိုအပ်မှုအခြေအနေတို့ကို သေချာစွာစောင့်ကြည့်လေ့လာပြီးမှ ရေသွင်းသင့်သည်။ ဝါပင် သက်တမ်းတစ်လျှောက်လုံး စုစုပေါင်း ရေလိုအပ်ချက်မှာ ၂၈ လက်မမှ ၃၈ လက်မခန့် ဖြစ်သည်။

ရေကြီးခြင်း၊ ရေဝပ်ခြင်းသည် အထွက်နှုန်းကို ထိခိုက်နိုင်သဖြင့်  စိမ့်မြောင်း၊ ပတ်မြောင်းများ မဖြစ်မနေပြုလုပ်ထားပြီး ပိုလျှံရေများထုတ်ပေးရန်လိုသည်။

ချက်ကြံ

ချက်ကြံသည် ရေလိုအပ်ချက်များသည့် သီးနှံဖြစ်သော်လည်း ရေဝပ်ဒဏ်ကိုမခံနိုင်ပါ။ ကြံအထွက်ကောင်းရန်အတွက်  ရေသည်အရေးကြီးဆုံးသွင်းအားစုဖြစ်ပြီး  ရေလုံလောက်မှုမရှိပါက ကြံပင်၏ ကြီးထွားမှုနှင့်သီးနှံအထွက်ကို ထိခိုက်စေနိုင်သည်။ အစိုဓာတ်လုံလောက်မှုမရှိပါက ကြံပင်ပေါက်ချိန်၊ ပင်ပွားထွက်ချိန်၊ ကြံပင်ကြီးထွားချိန်တို့တွင် ရေသွင်းသင့်သည်။

ကြံပင်ကြီးထွားချိန်ကာလအတွင်း ရေလိုအပ်ချက်အများဆုံးဖြစ်သည်။ ကြံပင်ရင့်မှည့်ချိန်တွင် ရေလိုအပ်မှုနည်းပါးသည်။ ကြံပင်သက်တမ်းတစ်လျှောက်လုံး စုစုပေါင်းရေလိုအပ်ချက်မှာ  ၇၂ လက်မမှ ၈၆ လက်မခန့်ဖြစ်သည်။ မိုးများသည့်ဒေသများတွင်စိုက်ပျိုးပါက ရေဝပ်ပြီး အပင်ယိုင်လဲမှု မရှိစေရန်နှင့် ကြီးထွားမှုမရပ်တန့်စေရန်အတွက်  ရေထုတ်မြောင်းများပြုလုပ်၍ မဖြစ်မနေရေထုတ်ပေးရမည်။

အာလူး

အာလူးစိုက်ပျိုးရာတွင် စိုက်သည့်ဒေသ၊ စိုက်သည့်ရာသီအပေါ် မူတည်ပြီး ရေသွင်းသင့်၊ မသင့် စဉ်းစားဆုံးဖြတ်ရမည်။ အာလူးသည် မြေကြီးအတွင်းမှာ ဥသည် ဖြစ်၍ ရေသွင်းသည့်အခါ မနည်းလွန်း၊ မများလွန်းစေရေး အထူးသတိထားရန်လိုအပ်သည်။ အပင်စပေါက်ချိန်တွင် အစိုဓာတ်မလုံလောက်ပါက အမြစ်ဖွံ့ဖြိုးမှုပျက်စီးတတ်သဖြင့်   အပင်ပေါက်စုံသည်အထိ အစိုဓာတ်လုံလောက်ရန်လိုသည်။  စိုက်ပြီး  ၁၀ ရက်၊  ၁၅ ရက်အတွင်း အနည်းဆုံး ရေတစ်ကြိမ်သွင်းသင့်သည်။ ပင်ပိုင်းကြီးထွားမှုအဆင့်တွင်  ရေလိုအပ်ချက်မြင့်တက်လာသဖြင့် ခုနစ်ရက်မှ ၁၀ ရက်ခြားတစ်ကြိမ် ရေသွင်းသင့်သည်။ ဤအဆင့်တွင် ရေငတ်ပါက အစာချက်လုပ်မှု ကျဆင်းပြီး  အာလူးဥဖြစ်ပေါ်မှုပျက်စီးနိုင်သည်။ အာလူးဥကြီးထွားသည့်အဆင့်တွင် ရေကိုသေချာတိကျစွာထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ဤအဆင့်တွင် ရေနည်းလွန်းပါက ဥအရွယ်အစားသေးသွားနိုင်ပြီး ရေများလွန်းပါက ရောဂါကျရောက်နိုင်သောကြောင့် မြေအစိုဓာတ်ကို သေချာစွာစစ်ဆေး၍ လိုအပ်ပါက ခုနစ်ရက်တစ်ကြိမ်ခန့်   ရေသွင်းသင့်သည်။  ရေပေးသွင်းသည့်အခါ အာလူးစိုက်ပေါင်များကြားတွင်ကြာရှည်စွာရေဝပ်ခြင်း၊ ရေစိမ့်ခြင်းများမရှိစေရန် ဂရုစိုက်ရမည်။ ရေဝပ်၊ ရေစိမ့်ခြင်းများရှိပါက အာလူးမျိုးဥများပုပ်၍ ပျက်စီးသွားနိုင်သည်။ မရိတ်သိမ်းမီ ရင့်မှည့်ချိန်တွင် အစိုဓာတ်များပါက အာလူးဥများပုပ်တတ်သဖြင့် ရိတ်သိမ်းရန် ၁၀ ရက်၊ ၁၅ ရက် အလိုခန့်တွင် ရေဖြတ်ထားရန်လိုသည်။

ကြက်သွန်နီ

ကြက်သွန်နီသည် အမြစ်တိမ်သည့် သီးနှံဖြစ်သည့်အလျောက် အစိုဓာတ်လုံလောက်စွာရရှိစေရန် မဖြစ်မနေရေပေးသွင်းရသည်။ ရေသွင်းများလွန်းပါက ရောဂါကျရောက်နိုင်သည့်အတွက် အရည်အသွေးကောင်းမွန်သော ကြက်သွန်နီရရှိနိုင်ရန်ရေကိုတိကျစွာထိန်းချုပ်နိုင်ရန်လိုသည်။ မြေအစိုဓာတ်အခြေအနေပေါ်မူတည်၍ ရေကိုခပ်ပါးပါး မကြာခဏသွင်းသင့်သည်။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင်ရှိရမည်။ စိုက်ချိန်တွင် အပင်ပေါက်နှုန်း ကောင်းရန်အတွက် အစိုဓာတ်လုံလောက်စွာရှိရမည်။  ပင်ပိုင်းကြီးထွားမှုအဆင့်တွင် ရေလိုအပ်ချက်မြင့်တက်လာပြီး ဤအချိန်ရေငတ်ပါက အရွက်များနွမ်းခွေလာပြီး အရောင်ပြောင်းလာခြင်း၊ အပင်ကြီးထွားမှု ရပ်ဆိုင်းခြင်းဖြစ်နိုင်သဖြင့်တစ်ပတ်တစ်ကြိမ် ရေသွင်းသင့်သည်။ ဥစတင်ဖြစ်ပေါ်သည့်အချိန်တွင် ရေလိုအပ်ချက်အမြင့်ဆုံးဖြစ်ပြီး ဤအဆင့်တွင် ရေလုံလောက်မှုရှိမှသာ ဥအရွယ်အစားကြီး၍ အရည်အသွေးကောင်းမည်ဖြစ်သဖြင့် ငါးရက်မှ ခုနစ်ရက်တစ်ကြိမ် ရေသွင်းသင့်သည်။ ကြက်သွန်ဥမတူးဖော်မီတွင် အစိုဓာတ်များလွန်းပါက ဥပုပ်တတ်သဖြင့် မရိတ်သိမ်းမီ ၁၅ ရက်မှ ၂၅ ရက် ခန့်အလိုတွင် ရေဖြတ်တောက်ပေးရမည်။ ရာသီဥတု၊ မြေအမျိုးအစား၊ စိုက်သည့်မျိုးကွဲနှင့် အပင်အရေအတွက်ပေါ် မူတည်၍ စိုက်ပျိုးရာသီတစ်လျှောက် ရေလိုအပ်မှုမှာ ၁၄ လက်မမှ ၂၃ လက်မခန့်လိုအပ်သည်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူသည်   ရေကိုလိုအပ်သော်လည်း ရေဝပ်ဒဏ်လုံးဝမခံနိုင်၍ ရေသွင်း၊ ရေထုတ်လွယ်ကူအောင် စိုက်ပေါင်များဖော်၍ စိုက်ပျိုးသင့်သည်။ ၎င်းသည် ကြက်သွန်နီကဲ့သို့ အမြစ်တိမ်သည့် သီးနှံဖြစ်သည့်အတွက်  မျိုးဥများစိုက်ပြီးချိန်တွင် ရေကိုချက်ချင်းသွင်းပေးရမည်။  ပင်ပိုင်းကြီးထွားချိန်ကာလ၌ ရေလိုအပ်ချက်များသည့်အတွက် ဤကာလတွင် မြေအစိုဓာတ်အခြေအနေပေါ်မူတည်ပြီး တစ်ပတ် တစ်ကြိမ်မှ တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရေသွင်းသင့်သည်။ ကြက်သွန်ဖြူဥ ဖွဲ့စည်းသည့်အချိန်တွင် ရေလုံလောက်မှုရှိမှသာ ဥအရွယ်အစားကြီးလာပြီး   အရည်အသွေးကောင်းမည်ဖြစ်သဖြင့် မြေအစိုဓာတ်ပေါ်မူတည်၍ ငါးရက်မှ  ခုနစ်ရက်ခန့်ခြားပြီး ရေဆက်လက်ပေးသွင်းရန်လိုသည်။ ကြက်သွန်ဖြူဥများ သိုလှောင်ရာ၌  ပုပ်ခြင်း၊   မှိုစွဲခြင်းများ မဖြစ်စေရန် ကြက်သွန်ဖြူဥမတူးဖော်မီ ၁၅ ရက်မှ ၂၅ ရက်ခန့်အလိုတွင် ရေဖြတ်တောက်ပေးရမည်။

သတိပြုရန်အချက်များ

ရေဝပ်ဒဏ်မခံနိုင်သည့် သီးနှံများအား ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်သည်။ ယခုဖော်ပြခဲ့သည့် သီးနှံပင်များ၏ ရေလိုအပ်ချက်များမှာ အပင်ကြီးထွားမှုအဆင့်အလိုက် ယေဘုယျအားဖြင့်အနီးစပ်ဆုံး  ရေလိုအပ်ချက်များသာဖြစ်သည်။ စိုက်ပျိုးသည့်   သီးနှံမျိုးကွဲ၊ မြေအမျိုးအစား၊ မြေမျက်နှာသွင်ပြင်အနေအထားနှင့်  ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်ချက်များကွဲပြားနိုင်သည်။ ရေသွင်းနိုင်ရန် အရေးကြီးဆုံးအချက်မှာ လိုအပ်သည့်အချိန်တွင် ရေရရှိနိုင်ရေးဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုများကြောင့် ဆည်ရေသောက်၊ မြစ်ရေတင်   စသည့်ရေသေချာသည့် ဒေသများ၌ပင် နွေရာသီ၌ ရေလုံလောက်စွာရရှိရေးအတွက် အခက်အခဲများစွာရှိနေပါသေးသည်။ “ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ” ဟူသည့် ဆိုရိုးစကားအတိုင်း တောင်သူလယ်သမားများအနေဖြင့် သီးနှံများလိုအပ်သည့် ရေကိုအချိန်မီပေးသွင်းနိုင်ရန်အတွက် မိမိတို့ကိုယ်တိုင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းအားထုတ်ပြီး နည်းလမ်းများရှာကြံထားသင့်သည်။ ဥပမာအားဖြင့် ရွာသွန်းသောမိုးရေကို စနစ်တကျ သိုလှောင်ထားခြင်း၊ စိုက်ခင်းအတွင်း မိုးရေခံမြောင်းတူးထားခြင်း၊ မြေအောက်ရေကို စနစ်တကျ ထုတ်ယူသုံးစွဲခြင်း၊ ဆိုလာစနစ်အသုံးပြု၍ရေသွင်းရေတင်ခြင်း စသည့်နည်းလမ်းများဖြင့် မိမိတို့ဒေသ၏ ပထဝီအနေအထားပေါ်မူတည်၍ ရေရရှိနိုင်ရေးနည်းလမ်းများကို ကြံဆဆောင်ရွက်သင့်သည်။ လိုအပ်ချက်အခက်အခဲများရှိပါကလည်း စိုက်ပျိုးရေးဦးစီးဌာနမှ ပညာပေးဝန်ထမ်းများ၊   သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ စိုက်ပျိုးရေးကဏ္ဍနှင့် သက်ဆိုင်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ မိမိတို့၏အခက်အခဲကိုတင်ပြ၍ အကူအညီတောင်းခံအကြံဉာဏ်များရယူသင့်သည်။

ကျေးဇူးရှင်တောင်သူလယ်သမားများအနေဖြင့် အရေးကြီးသီးနှံများအား ရေပေးသွင်းရန်အတွက် အခြေခံအားဖြင့် သိထားသင့်သည့် အချက်များကိုသိရှိပြီး လက်တွေ့လိုက်နာကျင့်သုံးခြင်းအားဖြင့် ပန်းတိုင်အထွက်နှုန်းများ ပြည့်မီလာရေးအတွက် အထောက်အကူပြုနိုင်စေရန်မျှော်မှန်း၍ လေ့လာမှတ်သားသိရှိထားသည်များကို ရေးသားတင်ပြလိုက်ရပါသည်။  ။

MWD

oilpotatocotton