သွေးတိုးရောဂါရှိသူများ ဆောင်းရာသီတွင် သတိထား နေထိုင်သင့်

Posted_Date

Image

သွေးတိုးရောဂါရှိသူများ ဆောင်းရာသီတွင် သတိထား နေထိုင်သင့်

Body

သွေးတိုးရောဂါသည် ပူလွန်းသော ရာသီနှင့်လည်းမသင့်၊ အေးလွန်း သောရာသီနှင့်လည်းမသင့်သော ရောဂါမျိုးဖြစ်သည်။ ပူလွန်းလျှင် အပူဒဏ်ကြောင့် သွေးကြောများ ကျယ်ပြန့်ကာ သွေးလုံးပွလာပြီး ဦးနှောက်သို့ သွေးဆောင့်၍တိုးကာ မူးလဲတတ်သည်။ အေးလွန်းလျှင်လည်း သွေးကြောများကျုံ့ပြီး မာကျစ်ကာ သွေးဖိအားတက်လာသည်။ သွေးမရောက်သော အစွန်အဖျားနေရာများသို့ သွေးရောက်စေရန် နှလုံးမှ ပို၍ညှစ်ရာမှ သွေးဖိအားတက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လူကြီးများ ဆောင်းရာသီတွင် သွေးပေါင်ချိန် အနည်းငယ်ပိုတက်လေ့ရှိသည် မှာ ရောဂါမဟုတ်ပေ။

ဆောင်းတွင်းနံနက်စောစောတွင်   လမ်းလျှောက်နေကျ လူကြီးတစ်ဦးသည် ခေါင်းမူးလာသဖြင့် အိမ်ပြန်လာပြီးနောက် သမီးဖြစ်သူ ဆရာဝန်က သွေးပေါင်ချိန်ကြည့်သောအခါ သွေးပေါင်ချိန်တက်နေကြောင်း တွေ့ရသည်။

အအေးပတ်ပြီး   သွေးတိုးလာခြင်းဖြစ်သည်။  ထိုသူသည်  အင်္ကျီ လက်ရှည်ဝတ်ထားပြီး အပေါ်မှ ကုတ်အင်္ကျီ ထပ်ဝတ်ထားသေးသည်။ သူ၏ အဓိကချို့ယွင်းချက်မှာ အင်္ကျီလည်ပင်းကြယ်သီး ဖွင့်ထားခြင်းကြောင့်ဖြစ်သည်။ သတိမမူဂူမမြင်ဆိုသော စကားအတိုင်း အနွေးထည် ဝတ်ထားသဖြင့် လုံခြုံပြီဟုထင်ကြသော်လည်း လည်ပင်းဖွင့်ထားသောအခါ လည်ပင်းဘေးနှစ်ဖက်ရှိ ဦးနှောက်အထိ သွေးပို့သော သွေးကြောကြီးနှစ်ချောင်းမှာ အအေးပတ်ပြီး ကျုံ့လိုက်သည်။ ထိုအခါ ဦးနှောက်သို့ သွေးအရောက်နည်းသွားသည်။   နှလုံးက   သွေးပိုရောက်စေရန်  ပို၍ ညှစ်ပေးသည်။ ထို့ကြောင့် သွေးပေါင် (ခေါ်) သွေးဖိအားတက်လာရခြင်း ဖြစ်သည်။

ရှေးလူကြီးများ လမ်းလျှောက်ထွက်ကြသောအခါ ကုတ်အင်္ကျီ၊ ပုဆိုး၊ ရှူးဖိနပ်နှင့် လက်တွင် တုတ်ကောက်ကိုင်ထားသည်။ ထူးခြားချက်မှာ လည်ပင်းတွင် မာဖလာပတ်ထားကြသည်။ ဦးခေါင်းတွင် နှင်းမကျစေရန် ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။  ဤဝတ်စားဆင်ယင်မှုမှာ ကျန်းမာရေးရှုထောင့်ကကြည့်လျှင် အမှန်ကန်ဆုံးဖြစ်သည်။ တုတ်ကောက်ပါသဖြင့်  ရုတ်တရက်လဲကျမှာလည်း မပူရ။   လည်ပင်းတွင် မာဖလာပတ်ထားသဖြင့်  လည်ပင်းသွေးကြောများ   အအေးပတ်ပြီး သွေးတိုးမှာလည်း မပူရပေ။

ဆောင်းရာသီ၌ ခန္ဓာကိုယ်တွင် အပူငုပ်သော၊  ချွေးမထွက်သော ရာသီဖြစ်သဖြင့် ဝမ်းတွင်းပူပြီး ဆာလောင်တတ်သည်။ အစားစားပါများ လျှင်   အစာမကြေဖြစ်တတ်သည်။  နည်းနည်းနှင့် အကြိမ်များများ စားရမည်ဖြစ်သည်။   နှစ်နာရီ၊   သုံးနာရီတစ်ကြိမ်ခန့်  စားပေးလျှင် သင့်လျော်သည်။ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းထုပ်၊ ဆန်စေး၊ ရှမ်းဆန်များကို သင့်ရုံသာစားသင့်သည်။ အစားများသွားသည်ဟုထင်လျှင် ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ်မျှထည့်၍ သောက်ပါက အစာကြေပြီး လေလည်း ကြေစေနိုင်သည်။ နေ့လယ်စာစားပြီးလျှင် ထန်းလျက်စားခြင်းဖြင့်လည်း အစာကြေစေနိုင်သည်။

ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲဟူသော စကားသည် အလွန်မှန်ကန်သော စကားဖြစ်သည်။   ဆောင်းရာသီတွင်   ဝမ်းချုပ်လျှင် အပူအထက်ပြန်ပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ခြောက်ပြီး သွားနာ၊ သွားဖုံးနာ၊ အာသီးရောင်ရောဂါများဖြစ်တတ်သည်။ ဝမ်းမချုပ်စေရန် သုံးရက်လျှင်   တစ်ကြိမ်ခန့်   မန်ကျည်းမှည့်နှင့် ဆားခါးကို  တေဆေး ပြုလုပ်၍စားခြင်း သို့မဟုတ် မန်ကျည်းမှည့်အနှစ်ကို ထန်းလျက်နှင့် ဆားအနည်းငယ်ထည့်စိမ်ပြီး ညအိပ်ရာဝင်ခါနီးအချိန်တွင် သောက်ပေးခြင်းတို့သည် ဝမ်းမှန်ကာ ကျန်းမာစေနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

MWD