တိရစ္ဆာန်များ အာဟာရလုံလောက်စွာ စားသုံးနိုင်ဖို့ ချဉ်ဖတ်လုပ်ပြီး ကျွေးကြစို့
Posted_Date
Image
Body
မြန်မာနိုင်ငံသည် ရာသီဥတု၊ မြေနေရာ၊ တည်နေရာအနေအထားအရ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် အကောင်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူဦးရေစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြကာ စိုက်ပျိုးမွေးမြူရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ နိုင်ငံတော်အနေဖြင့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနေသော်လည်း လယ်ယာလုပ်ငန်းများတွင် ကျွဲ၊ နွားများကိုသာ အားထား အသုံးပြုနေကြဆဲဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကျွဲ၊ နွားများ၏ အဓိကအခြေခံအစားအစာမှာ ကောက်ရိုးဖြစ်သည်။ ကောက်ရိုးတွင်ပါဝင်သော အာဟာရဓာတ်မှာ တိရစ္ဆာန်များအတွက် လွန်စွာနည်းပါးသည်။ ထို့ကြောင့် လိုအပ်သောအာဟာရဓာတ်များရရှိစေရန် ကောက်ရိုးနှင့်အတူ အစာနုများနှင့် မြက်၊ ပြောင်း၊ စားကျက်ပဲပင်များကို ဖြည့်စွက်ကျွေးမွေးကြသည်။ အစာနုများကို ဖြည့်စွက်စာအဖြစ်ထည့်၍အသုံးပြုလျှင် အစာကုန်ကျစရိတ်ကြီးမားစေသည်။ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ကုန်ကျစရိတ်စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် တိရစ္ဆာန်အစာ ကုန်ကျစရိတ်ဖြစ်သောကြောင့် အစာဈေးမြင့်တက်လာမှုသည် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် အခက်အခဲတစ်ခုဖြစ်လာသည်။
အစာ၏ကုန်ကျစရိတ် နည်းစေရန်နှင့် မွေးမြူထုတ်လုပ်မှုကောင်းစေရန် မြက်စိုက်ခင်းများစိုက်ပျိုးပြီး မွေးမြူကြရန် လိုအပ်လာသည်။ မြက်ခင်းများစိုက်ပျိုးထားပါက အစာကုန်ကျစရိတ်ကိုလျှော့ချနိုင်မည့်အပြင် အဆိုပါမြက်ခင်းများမှ ရရှိသောအစာစိမ်းများကို မြက်ချဉ်ဖတ်ပြုလုပ်ထားခြင်းဖြင့် မြက်၏မူလအာဟာရ တန်ဖိုးဆုံးရှုံးမှုမရှိစေဘဲ အစာရေစာရှားပါးချိန်တွင် ပြန်လည်၍ကျွေးမွေးနိုင်သည်။
ထို့ပြင် မြက်စိုက်ပျိုးရန် မလွယ်ကူသည့်အရပ်ဒေသများတွင် အခြားသော တိရစ္ဆာန်အစာပင်များဖြစ်သည့် ပြောင်း၊ နှံစားပြောင်း၊ ဂျုံ၊ ပဲမျိုးနွယ်အပင်များအပြင် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများ ဖြစ်သည့်ဂေါ်ဖီဖတ်နှင့်သရက်သီး အခွံတို့ကိုလည်း ချဉ်ဖတ်ပြုလုပ်၍ ကျွေးမွေးနိုင်သည်။
တိရစ္ဆာန်အစာချဉ်ဖတ်(Silage)နှင့် ချဉ်ဖတ်ပြုလုပ်ပုံ
ချဉ်ဖတ်ဆိုသည်မှာ တိရစ္ဆာန်အစာပင်(မြက်၊ ပြောင်း စသည်)ကို နုပ်နုပ်စဉ်းပြီး ချဉ်ဖတ်ထည့်ကျင်း ပလတ်စတစ်အိတ်အကြီး သို့မဟုတ် ပလတ်စတစ်ပုံးများထဲသို့ လေမကျန်အောင်ဖိသိပ်ပြီး အချဉ်ဖောက်၍ သိမ်းဆည်းထားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် တိရစ္ဆာန်အစာ၏ အရည်အသွေးနှင့် အရသာကို အချိန်အတော်အတန်ကြာသည်အထိ ထိန်းသိမ်းထားနိုင်သည်။
အကျိုးကျေးဇူးများ
(၁) တိရစ္ဆာန်အစာပင်တွင်ပါဝင်သော အာဟာရဓာတ်နှင့် အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ခြင်း။
(၂) နှစ်အတော်အတန်ကြာ ထိန်းသိမ်းထားနိုင်ခြင်း။
(၃) မည်သည့်နေရာ၊ မည်သည့်ရာသီမဆို လွယ်ကူစွာပြုလုပ်နိုင်ခြင်း။
(၄) ကုန်ကျစရိတ်သက်သာခြင်း။
(၅) တညီတညာတည်း အကောင်းအဆိုး သမမျှတစွာစားနိုင်သဖြင့် ရွေးချယ်စားခြင်းမရှိတော့ဘဲ အစာလေလွင့်မှုနည်းပါးခြင်း။
(၆) တိရစ္ဆာန်များအတွက် ကောက်ရိုးမြက်ခြောက်များကျွေးမွေးခြင်းထက် အနံ့အရသာအရည်အသွေးပိုမိုကောင်းမွန်သွားခြင်း။
(၇) အပင်၏အစိတ်အပိုင်းတိုင်းကို အကျိုးရှိစွာအသုံးပြုနိုင်ခြင်း။
ချဉ်ဖတ်ထည့်ရန်နေရာအမျိုးမျိုး
(၁) တစ်ဖက်ပွင့်ချဉ်ဖတ်ကန် (Bunker or Clamp Silo)
(၂) ချဉ်ဖတ်ကျင်း (Pit Silo)
(၃) မြေပြင်ပုံသောစနစ် (Heap Silo)
(၄) မြေအောက်ချဉ်ဖတ်ကျင်း(Trench Silo)
အထက်ပါချဉ်ဖတ်ထည့်သည့်နေရာများသည် စီးပွားဖြစ်မွေးမြူရေးခြံများနှင့် သင့်လျော်ပြီး တစ်နိုင်တစ်ပိုင်မွေးမြူမည်ဆိုပါက ပလတ်စတစ်အိတ်များ၊ ပလတ်စတစ်ပုံးများနှင့် အုတ်ကန်များထဲတွင်လည်း အလွယ်တကူချဉ်ဖတ်သိပ်၍ သိမ်းဆည်းထားနိုင်သည်။ ပလတ်စတစ်အိတ် အသုံးပြုသူများသည် လေခိုအောင်းနေလျှင် မှိုပေါက်ပွားနိုင်သဖြင့် အိတ်မပေါက်အောင် အထူးသတိထားရန်လိုအပ်သည်။
ချဉ်ဖတ်ပြုလုပ်ပုံအဆင့်ဆင့်
(၁) ချဉ်ဖတ်ပြုလုပ်ရန် အကောင်းဆုံးရိတ်သိမ်းချိန်မှာ တိရစ္ဆာန်အစာပင်အပွင့်ပွင့်ချိန် (စိုက်ပျိုးပြီး တစ်လခွဲ-နှစ်လ)ဖြစ်သည်။
(၂) ချဉ်ဖတ်ပြုလုပ်ရာတွင် အစိုဓာတ် ၆၅-၇၀ ရာခိုင်နှုန်းရှိရမည်ဖြစ်၍ ရိတ်ခြင်း၊ စဉ်းခြင်း၊ ချဉ်ဖတ်သိပ်ခြင်းတို့ကို တစ်ရက်အတွင်းပြုလုပ်ရမည်။ ချဉ်ဖတ်ပြုလုပ်မည့် စဉ်းထားသောမြက်များကို ချဉ်ဖတ်ထည့်ရန်နေရာသို့ သယ်ယူရန် လွယ်ကူမည့်နေရာမျိုးဖြစ်စေရမည်။
(၃) တိရစ္ဆာန်များကျွေးမွေးမည့်နေရာနှင့် ချဉ်ဖတ်ထည့်သည့်နေရာ နီးကပ်မှုရှိရမည်။
(၄) ရိတ်ထားသော တိရစ္ဆာန်အစာပင်များကို တစ်လက်မ/တစ်လက်မခွဲခန့် စဉ်းရမည်။
(၅) ချဉ်ဖတ်ကန်ထဲသို့ စဉ်းထားသောတိရစ္ဆာန်အစာပင်များကို လေခိုလှုံမှုလျော့နည်းစေရန် တစ်လွှာချင်းနင်း၍ဖိသိပ်ပေးရမည်။ လေခိုလုံမှုနည်းလေ ချဉ်ဖတ်၏ အရည်အသွေးကောင်းလေဖြစ်သည်။
(၆) ပလတ်စတစ်အိတ်နှင့် သိုလှောင်ပါက ကြွက်၊ အင်းဆက်ပိုးမွှားများ မဖောက်စေရန် အထူးဂရုစိုက်ရမည်။
(၇) ချဉ်ဖတ်သိပ်ပြီး ၂၁ ရက်အကြာတွင် စတင်၍ကျွေးနိုင်သည်။ ချဉ်ဖတ်သည် အရောင်အဆင်းအားဖြင့် စိမ်းဝါရောင်၊ ကျွဲနွားများအားစားချင်စဖွယ် ဆွဲငင်နိုင်သောအရည်အသွေးရှိရမည်။
အချဉ်ဖောက်ခြင်း သဘောတရား
ချဉ်ဖတ်ပြုလုပ်ရာတွင် အရေးကြီးသောအချက်မှာ ချဉ်ဖတ်ထည့်သိပ်စဉ် လေပါဝင်မှု ကင်းရှင်းအောင် လျင်မြန်စွာဖိသိပ်ခြင်းပင်ဖြစ်သည်။ ပုံမှန်အချဉ်ဖောက်ခြင်းဖြစ်စဉ်တွင် အပူချိန် ၈၀ ဒီဂရီဖာရင်ဟိုက်မှ ၉၀ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာပြီး လက်တစ်အက်စစ်ဗက်တီးရီးယား ပိုးများပွားများသည်။ ၎င်းပိုးများသည် အပင်၏သကြားဓာတ်နှင့် ကစီဓာတ်တို့အား လက်တစ်အက်စစ်အဖြစ်သို့ ပြောင်းပေးသည်။ ထိုအခါ အက်စစ်ပြင်းအား(pH)သည် ၄ ဒသမ ၂ အထိကျဆင်းသွားသည်။ အက်စစ်ပြင်းအား ၄ ဒသမ ၂ သည် အချဉ်ဖောက်ခြင်းဖြစ်စဉ်
ကို မှန်ကန်စေပြီး ချဉ်ဖတ်အား ကြာရှည်စွာ သိမ်းဆည်းနိုင်စေသည်။ အက်စစ်ပြင်းအားသည် ၄ ဒသမ ၂ အောက်သို့မကျပါက လက်တစ်အက်စစ်အစား ဗျူးထရစ်အက်စစ်ဖြစ်ပေါ်လာပြီး ချဉ်ဖတ်အရည်အသွေး ကျဆင်းပြီး ကျွဲနွားများကြိုက်နှစ်သက်ခြင်းမရှိပေ။
ချဉ်ဖတ်အတွင်း လေပါဝင်ပါက အပင်တွင်ပါဝင်သော သကြားဓာတ်နှင့် အောက်ဆီဂျင်တို့ဓာတ်ပြုပြီး ချဉ်ဖတ်အပူချိန်မြင့်တက် လာမည်ဖြစ်သည်။ အပူချိန်မြင့်တက်မှုဖြစ်စဉ် ဆက်လက်ဖြစ်ပွားနေပါကလည်း ချဉ်ဖတ်၏အာဟာရ တန်ဖိုးကျဆင်းသည်။
ချဉ်ဖတ်အတွင်း လေခိုအောင်းနိုင်မှု ရှိ/မရှိသည် ချဉ်ဖတ်ပြုလုပ်သည့် အပင်၏အစိုဓာတ်ပေါ်တွင် မူတည်သည်။ အပင်၏အစိုဓာတ်လျော့နည်းပါက ဖိသိပ်ရာတွင်လေခိုနိုင်ပြီး အချဉ်ပေါက်သည့်ဖြစ်စဉ် နှေးကွေးကာ မှိုနှင့်အခြားသော ဗက်တီးရီးယားများ ပေါက်ပွားလာနိုင်သည်။ အပင်၏အစိုဓာတ်သည် ၇၀ ရာခိုင်နှုန်းအထက်များပါက အရည်များထွက်ခြင်းနှင့် လုံလောက်သော အက်စစ်ပြင်းအားသို့ မရောက်ရှိခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။
ချဉ်ဖတ်ပြုလုပ်သောအခါ အချဉ်ဖောက်ခြင်းကိုမြန်စေရန်နှင့် အာဟာရဓာတ်များ ဆုံးရှုံးမှုနည်းစေရန်ထပ်ဖြည့် ပစ္စည်းများ (ဥပမာ- သကာရည်၊ အင်ဇိုင်း၊ အက်စစ်ပျော့များနှင့် လက်တစ်အက်စစ် ပိုးမွှားများ)ကို ချဉ်ဖတ်သိပ်စဉ် ရောထည့်နိုင်သည်။
တိရစ္ဆာန်များအား ချဉ်ဖတ်ကျွေးမွေးရာတွင် နည်းနည်းချင်းစီစကျွေးပြီး ချဉ်ဖတ်၏အနံ့နှင့် အရသာကိုကျင့်သားရပြီးမှသာ တဖြည်းဖြည်းတိုးကျွေးရမည်ဖြစ်သည်။ ချဉ်ဖတ်အား နေ့စဉ်နို့စားနွားမတစ်ကောင်လျှင် ၆ ပိဿာမှ ၁၀ ပိဿာအထိ ခိုင်းနွားတစ်ကောင်လျှင် ၁၀ ပိဿာမှ ၁၂ ပိဿာအထိ သိုး၊ ဆိတ်တစ်ကောင်လျှင် ၃၀ သားမှ ၉၀ သားအထိ ကျွေးမွေးနိုင်သဖြင့် နွေရာသီအစာရှားပါးချိန်နှင့်မိုးခေါင်၍ အစာရှားပါးမှုဒဏ်ကို ကာကွယ်နိုင်သည်။ တိရစ္ဆာန်များကို ကျွေးမွေးသည့်အခါ ချဉ်ဖတ်အပုံကြီးအတွင်းမှ ထုတ်ယူကျွေးမွေးခြင်းဖြစ်ပါက တစ်ရက်စာ လုံလောက်သည့်ပမာဏကို ထုတ်ယူ၍ တစ်ပြိုင်တည်းအကုန်ကျွေးမွေးရမည်။
လေနှင့်ထိတွေ့ချိန်များသွားပါက မှိုများပေါက်ပွားလာပြီး ချဉ်ဖတ်၏ အရည်အသွေးပျက်စီးသွားကာ အဆိပ်အတောက်ဖြစ်စေသည်။ ချဉ်ဖတ်အား နေ့စဉ်ဖွင့်ဖောက်ကျွေးနေစဉ်ကာလတွင် အပေါ်ယံရှိ မှိုတက်နေသော အစိတ်အပိုင်းများအား ဖယ်ရှားပြီး ကျွေးမွေးရမည်ဖြစ်သည်။
ထို့ကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အနေဖြင့် မိုးရာသီတိရစ္ဆာန်အစာပင်များ ပေါများချိန်တွင် ပိုလျှံသောတိရစ္ဆာန်အစာပင်များကို ချဉ်ဖတ်ပြုလုပ်၍ထိန်းသိမ်းထားပြီး အစာရှားပါးသောကာလများတွင် တိရစ္ဆာန်များအားကျွေးခြင်းအားဖြင့် အစာဖိုးကုန်ကျစရိတ်နည်းပြီး အရည်အသွေးကောင်းသည့် ချဉ်ဖတ်များကျွေးမွေးခြင်းဖြင့် မွေးမြူရေးလုပ်ငန်းကိုမြှင့်တင်ကြပါစို့ဟု တိုက်တွန်းရင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
MWD
