ရွှေစိမ်းရောင်များ ဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါစို့
Posted_Date
Image
Body
ဝါးပင်သည် အမြဲစိမ်းလန်းစိုပြည်သော မြက်ပင်ကြီးမျိုးဖြစ်သည့်အပြင် လူတို့မရှိမဖြစ် အသုံးဝင်သော အပင်လည်းဖြစ်သည်။ လူသားများသည် ရှေးနှစ်ပေါင်းများစွာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက နေထိုင်ရေး၊ စားသောက်ရေး၊ လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် မိရိုးဖလာနည်းဖြင့် ပြုလုပ်သုံးစွဲလာကြသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမ၊ အနောက်ရိုးမ ရခိုင်ပြည်နယ်၊ ရှမ်းကုန်းပြင်မြင့်အထက်၊ တနင်္သာရီကမ်းရိုးတန်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဝါးပင်များ ပေါများစွာ ပေါက်ရောက်သည်။
ဝါးပင်သည် ဥရောပတိုက်မှအပ အရှေ့အာရှတိုက်နှင့် အာဖရိကတိုက်တို့တွင်လည်း ပေါများစွာ ပေါက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံသည် ဝါးပင်ပေါက်ရောက်ရာ နိုင်ငံတိုင်းပြည်များအနက် တတိယ အများဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဝါးမျိုးစုံပေါက်ရောက်သည့် အတွက် ဝါးမျိုးနွယ်ပေါင်း ၂၁ မျိုးနှင့်ဝါးမျိုးစိတ်ပေါင်း၁၀၂ မျိုးရှိသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် စီးပွားဖြစ်အသုံးပြုနေသော ဝါး ၁၈ မျိုးမှာ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဝါး၊ တင်းဝါး၊ ဝါးနွယ်၊ ကရင်ဝါး၊ ကြသောင်းဝါး၊ တပင်တိုင်ဝါး၊ သိုက်ဝါး၊ သနပ်ဝါး၊ ကြလိုဝါး၊ ဝါးပိုးဝါး၊ ဝါးပိုးမျက်ဆန်ကျယ်၊ ဝါးကြီး၊ ဝါးနက်ဝါး၊ ဝါးယား၊ ကလွေဝါး၊ ဝါးနီတို့ဖြစ်ကြသည်။
အိမ်တွင်းအသုံးအဆောင်အဖြစ် ဆန်ကော၊ ဆန်ခါ၊ တင်းတောင်း၊ ပုတ်၊ ပလိုင်း၊ ထရံ၊ ဖျာ၊ ဝါးကပ်၊ ဝါးယင်းလိပ်၊ တံမြက်စည်း၊ ထီးရိုး၊ ဝါးတူ၊ သွားကြားထိုးတံ၊ ဝါးလိုက်ကာ၊ ခုတင်၊ ဆက်တီ၊ ကုလားထိုင်၊ စားပွဲ၊ ဝါးအထပ်သား၊ ဝါးပါကေး၊ ဝါးကြမ်းခင်း၊ ဝါးအဆောက်အအုံ၊ ဝါးငြမ်း၊ ဝါးရေပိုက်၊ ဝါးရေတံလျှောက်တို့အသုံးပြုကြသည်။
စားသောက်ကုန်အဖြစ် မျှစ်စို၊ မျှစ်ခြောက်၊ ဗင်နီကာ၊ အရက်၊ ဝိုင်၊ ဝါးပေါင်းရည်၊ ဆေးဝါး၊ တိရစ္ဆာန်အစားအစာအဖြစ် ထုတ်လုပ်နိုင်သည်။
လူသုံးကုန်အဖြစ် စက္ကူပျော့ဖတ်၊ အဝတ်အထည်(ချည်)၊ ဝါးမီးသွေး၊ ဝါးဆပ်ပြာ၊ လောင်စာတောင့်၊ ရေငွေ့စုပ်ခဲ၊ ရေသန့်စင်မီးသွေးတို့ ထုတ်လုပ်ကြသည်။
အလှဆင်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းအဖြစ် ဝါးတစ်ရှူးဘောက်၊ ဓာတ်ပုံဘောင်၊ မီးအိမ်အမျိုးမျိုး၊ ဝါးယပ်တောင်၊ ဝါးနာရီ၊ ဝါးလင်ပန်း၊ ဝါးဓာတ်ဘူး၊ ဝါးရေနွေးကရား၊ သောက်ရေခွက်၊ ဖုန်းတင်စင်၊ အင်္ကျီချိတ်၊ ဝါးတုတ်ကောက်၊ ဝါးမြစ်ဆုံပန်းပုများ ဖန်တီးထုတ်လုပ်ကြသည်။
ဝါးရွက်ဖက်မှ အိမ်အမိုးမိုးခြင်း၊ ခမောက်၊ ဦးထုပ်၊ ဝါးဖက်ပန်းကန်၊ ဝါးဖက်ခွက်၊ ဝါးဖက်ထမင်းဘူး အမျိုးမျိုးထုတ်လုပ်ကြသည်။
ဝါးပင်တို့၏ သဘောသဘာဝနှင့်ဂုဏ်သတ္တိ
ဝါးပင်သည် ဖြောင့်တန်းပြီး ပေ ၆၀ မှ ပေ ၁၂၀ ကျော်အထိ မြင့်တက်နိုင်သည်။ တစ်ပင်ချင်းသော်လည်းကောင်း၊ ရုံလိုက်သော်လည်းကောင်း ပေါက်တတ်ကြသည်။
ဝါးတစ်ပင်၏ တစ်နေ့ရှင်သန်နှုန်းမှာ ၁၀ လက်မခန့်မြင့်တက်နိုင်သည်။
ဝါးပင်သည် အမြဲစိမ်းစိုနေသော အပင်ဖြစ်သည့်အတွက် နှစ်ရှည်ပင်များထက် ရေစုပ်ယူမှု၊ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူမှုအားကောင်းသည်။ ဝါးပင်သည် နေ့အချိန်တွင် စက်ရုံ၊ အလုပ်ရုံများမှထွက်ရှိသော မီးခိုးများနှင့် လေယာဉ်၊ မီးရထား၊ ကား၊ ဆိုင်ကယ်၊ အင်ဂျင်မီးစက်များမှထွက်ရှိနေသော ကာဗွန်ဒိုင်အောက်ဆိုက်ညစ်ညမ်းသော ဓာတ်ငွေ့လေများကိုစုပ်ယူထားရှိသည်။ အချိန်တွင် လူ၊ တိရစ္ဆာန်တို့အတွက် အောက်ဆီဂျင်ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးလျက်ရှိသည်။
ဝါးတစ်ပင်၏ သက်တမ်းသည် နှစ်ပေါင်း ၃၀ မှ ၁၂၀ ထိရှင်သန်နိုင်သည်။ ဝါးပင်သည် နှစ်အတန်ကြာမှဝါးသီးများသီးလေ့ရှိကြသည်။ တချို့နှစ်ပေါင်း ၃၀ ကြာမှ ဝါးသီးများသီးကြသည်။ ဝါးသီးများ သီးပြီး ဝါးရွက်များ တဖြည်းဖြည်းကြွေကျခြောက်သွေ့ကာ သေဆုံးကြရသည်။ ဝါးသီးများသီး၍ သေဆုံးခြင်းကို ဝါးသုဉ်းသည်ဟုခေါ်သည်။ ဝါးသုဉ်းခြင်းသည် တစ်ပင်ချင်းသော် လည်းကောင်း၊ ရုံလိုက်သော် လည်းကောင်း၊ ကွက်ကျားသော်လည်းကောင်း မျိုးသုဉ်းတတ်ကြသည်။ နှစ်ရှည်ပင်စိုက်ပျိုးပါက နှစ်ပေါင်း ၃၀ မှ ခုတ်ယူအကျိုးခံစားနိုင်သလို ဝါးပင်စိုက်ပျိုးပါက ဝါးသက်တမ်းနှစ်နှစ်မှ ခုနစ်နှစ်အတွင်း အကျိုးခံစားနိုင်သည်။
ဝါးသက်တမ်းနှစ်နှစ်သားအား ယွန်းထည်ခွေရန်ရက်ထည်များနှင့် နှီးများဖြာရန်အတွက် အသုံးပြုနိုင်သည်။ လမ်းတံတားအဆောက်အအုံ၊ ပရိဘောဂအထည်များ ထုတ်လုပ်ရန်အတွက် ခုနစ်နှစ်သားအထက်ဝါးများကို အသုံးပြုနိုင်သည်။
ဝါးစိုက်ပျိုးခြင်း
ဝါးစိုက်ပျိုးရန်ပျိုးထောင် ရာသီမှာ ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း မေလကုန် ဇွန်လဆန်းတွင် ပျိုးထောင်ပါက အကောင်းဆုံးအချိန်ဖြစ်သည်။ ဝါးပင်စိုက်သည့်အခါ ငှက်ပျောတစ်နှိုက်၊ ဝါးတစ်မိုက်ဆိုသည့်အတိုင်း မြေအောက် ၉ လက်မအနက်တူး၍ စိုက်ရသည်။ ဝါးစိုက်သည့်အခါ လေလာရာလမ်းကြောင်းအတိုင်း ခပ်စောင်းစောင်းစိုက်ရသည်။ ဝါးပင်များမျိုးပွားရန် ဝါးမျိုးပွားနည်းသုံးနည်းရှိသည်။ အမြစ်မှ ဝါးပျိုးနည်း၊ ပင်စည်မှဝါးပျိုးနည်း၊ အကိုင်းမှဝါးပျိုးနည်းတို့ဖြစ်သည်။
ဝါးပင်များစိုက်ပျိုးရာတွင် မြေဧကပေါ်ကြည့်၍ ၁၀ ပေမှ ၁၅ ပေခန့်အကွာခွာ၍ စိုက်ပျိုးပြီး ဝါးရုံ နှစ်ပင်ကြားတွင် ရာသီသီးနှံများ စိုက်ပျိုးထားရှိခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်သည်။ ဝါးတောများကို အပိုင်းအလိုက် (က)(ခ)(ဂ)အုပ်စုခွဲစိုက်ပျိုး၍ နှစ်အပိုင်းအလိုက် မျှစ်များအလှည့်ကျချိုးယူ သုံးစွဲပါက ဝါးမျိုးဆက်များ ပျောက်ကွယ်မှုမရှိဘဲ ရေရှည်တည်တံ့ဖြစ်ထွန်းနိုင်သည်။ ဝါးစိုက်ပျိုးပြီး နှစ်နှစ် သုံးနှစ်ခန့်အကြာတွင် မျှစ်များချိုးယူသုံးစွဲနိုင်သည်။
ဝါးများတာရှည်ခံရန် နည်းစနစ်များ
ဝါးများတာရှည်ခံရန် မိရိုးဖလာနည်း သုံးနည်းရှိသည်။ ကျပ်ခိုးတိုက်ခြင်း၊ ချောင်းငယ်ပင်လယ်ရေစိမ်ခြင်း၊ ရေပွက်ပွက်ဆူတွင် ပြုတ်ခြင်းတို့ဖြစ်သည်။ ယခုအခါ ဝါးလက်မှုထည်များကို မြန်ဆန်စွာထုတ်လုပ်နိုင်စေရန်နှင့် ဝါးများ ပိုးမထိုး၊ မှိုမတက်စေရန် ဝါးတစ်ပိဿာ၊ ကျောက်ချဉ် တစ်ကျပ်သား၊ ဆားသုံးကျပ်သားထည့်၍ ရေပွက်ပွက်ဆူတွင်ထည့်ပြုတ်ကြသည်။ ဝါးအတွင်းရှိ အချိုဓာတ်ဆဲလ်လူးလို့စ် (ခ) ကစီဓာတ်များတိုက်ထုတ်ရန်အတွက် အငန်ဓာတ်၊ အချဉ်ဓာတ်၊ အဖန်ဓာတ်များ စိမ့်ဝင်ရန်ဖြစ်သည်။
ဝါးများခုတ်ရာတွင် မိုးအကုန်ဆောင်းအကူး တန်ဆောင်မုန်းလအတွင်း ခုတ်ယူပါက မှိုနှင့်အင်းဆက်ပိုးများရန်မှ ကင်းဝေးနိုင်သည်။ ဝါးတောများအနီးရှိ ပင်လယ်မြစ်ချောင်းများ၏ ဒီရေအတက်အကျကိုကြည့်၍ ဒီရေကျချိန်တွင် ခုတ်ယူသုံးစွဲနိုင်သည်။ လပြည့်နေ့သည် ဒီရေအတက်အကျနှင့်သက်ဆိုင်နေပြီး လ၏ဆွဲအားကြောင့် မြေကြီးအတွင်းမှ ရေများအထက်သို့မြင့်တက်ကာ ဝါးအတွင်းရှိ ဆဲလ်လူးလို့စ်(ခ) ကစီဓာတ်အချိုဓာတ်များအပေါ်သို့ မြင့်တက်မှုကြောင့် မှိုနှင့်ဝါးပိုးတို့၏ အန္တရာယ်ပေးနိုင်သည်။ ထို့ကြောင့် လပြည့်နေ့တွင် ဝါးခုတ်ခြင်းကို ရှောင်ရှားသင့်သည်။ နံနက်စောစောခုတ်ယူသောဝါးများသည်လည်း မှိုနှင့်အင်းဆက်ပိုးအန္တရာယ်မှ ကာကွယ်ပေးသည်။
ခေတ်မီဓာတုဗေဒဆေးဝါးအသစ်များဖြင့် ဝါးများ မှို၊ ပိုးမထိုးစေရန်အတွက် အောက်ပါနည်းလမ်းများကို သုံးစွဲနိုင်သည်-
- Costic Soda ထည့်၍ ရေတွင် မိနစ် ၃၀ မှ ၁ နာရီခန့်ပြုတ်ခြင်း၊
- Sodium Carbonate ၁ နာရီခန့် ရေစိမ်ခြင်း၊ ပြုတ်ခြင်း၊
- Boric Acid & Borax ငါးရက်ခန့်ရေစိမ်ခြင်းတို့လည်း ပြုလုပ်နိုင်သည်။
ဝါးအဓိပ္ပာယ် အဆိုအမိန့်နှင့် နေ့ရက်သတ်မှတ်ခြင်း
ဝါးနှင့်ပတ်သက်၍ ထွက်ရှိသည့် နိုင်ငံများမှလည်း အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုတင်စား ခေါ်ဝေါ်ကြသည်-
- အိန္ဒိယနိုင်ငံ-ဆင်းရဲသားများအတွက် သစ်(Wood of the Poor)
- တရုတ်နိုင်ငံ-လူသားများအတွက် မိတ်ဆွေ(Friend of the People)
- ဗီယက်နမ်နိုင်ငံ-မိတ်ဆွေ(Friend)
- ထိုင်းနိုင်ငံ-ပြုလွယ်၊ ပြင်လွယ်ပြီး ခိုင်ခံ့မှုရှိသော(Flexibility but Strong)
- မြန်မာနိုင်ငံ-ရွှေစိမ်း (Green Gold)
အကျိုးကျေးဇူးများ
ဝါးတောများရှင်သန်ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံဝါးချစ်သူများအသင်း၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်းအဖွဲ့များမှ ပြန်လည်ပြုစုပျိုးထောင်နေသည်ကို တွေ့ရှိရသည်။ ဝါးတောများပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း၊ စိုက်ပျိုးထားခြင်းကြောင့် သစ်တောပြုန်းတီးမှုကို နှစ်ရှည်စောင့်စားရန်မလို နှစ်တိုအတွင်း ကမ္ဘာကြီးပူနွေးလာမှု(Global Warming)ကို ထိန်းချုပ်ရာရောက်သည်။ ဝါးများစိုက်ပျိုးထားခြင်းကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်း၊ မြေဆီလွှာပျက်စီးမှု၊ ပင်လယ်ရေတိုက်စားမှု(Costal Erosion)ကို အထူးကာကွယ်ပေးသည်။
သဘာဝဝါးအရင်းအမြစ်များကို အသုံးချခြင်းဖြင့် အစိမ်းရောင်(Green Economy)ကို အကောင်အထည်ဖော်ရာ ရောက်ရှိသည်။ ဝါးတောများရှင်သန်ဖွံ့ဖြိုးလာသည်နှင့်အမျှ ဝါးတောအတွင်း သဘာဝပေါက်ရောက်နေသော သစ်ဥ၊ သစ်ဖုများ ရရှိလာသည့်အပြင် ဝါးတောနေ သားရဲတိရစ္ဆာန်များနှင့် ဇီဝမျိုးကွဲကျေးငှက်များကို ထိန်းသိမ်းရာ ရောက်ရှိသည်။
အမျိုးရာထောင် ဝါးကအကျိုးဆောင် ဆိုသည့်ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတွင် ပေါများစွာပေါက်ရောက်နေသော ဝါးများကိုအခြေခံ၍ ဝါးအမျိုးအစားအလိုက် လိုက်လျောညီထွေမည့် ဝါးလက်မှုထည်များ၊ ဝါးပရိဘောဂများ၊ ဝါးအဆောက်အအုံများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်နေသည့် နည်းပညာသင်တန်းများကို သက်ဆိုင်ရာဌာနများမှ ပူးပေါင်း၍ ကျေးလက်ဒေသ အရောက်သင်တန်းများပို့ချပေးရန် လိုအပ်နေသည်။
One Village One Product ကျေးရွာတစ်ရွာထုတ်ကုန် တစ်ခုဆောင်ပုဒ်အတိုင်း ကျေးလက်ဒေသများရှိ သဘာဝဝါးတောများကို ထာဝစဉ်တည်တံ့စေရန် စနစ်တကျစီမံအုပ်ချုပ်စေပြီး စီးပွားဖြစ်ဝါးတောများ ထူထောင်ပေးခြင်း၊ ကျေးလက်ဒေသအရောက် ဝါးထုတ်ကုန်ထုတ်လုပ်မှု သင်တန်းများပို့ချပေးခြင်းဖြင့်
ကျေးလက်နေပြည်သူများ ပူးပေါင်းပါဝင်လာကြပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာသည်။ မိသားစုတစ်နိုင်တစ်ပိုင် အပိုဝင်ငွေများ တိုးပွားလာသည်နှင့်အမျှ လူမှုဘဝနိမ့်ပါးနေမှုကို လျှော့ချရာရောက်သည်။ ကျေးလက်နေပြည်သူများ အနေဖြင့် ဝါးတစ်လုံး၏ တန်ဖိုးကိုသိရှိလာကြပြီး တန်ဖိုးမြှင့်ထုတ်ကုန် အမယ်သစ်များကို ဝယ်ယူသုံးစွဲသူ အကြိုက်ဖြစ်စေရန် ဒီဇိုင်းအပြင်အဆင် နည်းပညာကောင်းမွန်မှုနှင့် သန့်ရှင်း၊ သပ်ရပ်၊ လှပ၊ သေသပ်၊ ခိုင်မာစွာထုတ်လုပ်နိုင်ပါက နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ပြီး နိုင်ငံခြားဝင်ငွေများ ရရှိနိုင်သည်။
ထို့ကြောင့် ရွှေစိမ်းရောင်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပါဝင် ကူညီဆောင်ရွက်နိုင်ကြပါစေဟု တိုက်တွန်းလိုက်ရပါသည်။ ။
MWD
