ယူကရိန်း ဆွေးနွေးပွဲ တိုးတက်မှု အမေရိကန် ချီးကျူးသော်လည်း သိသာ ထင်ရှားသည့် အတားအဆီးများ ရှိနေ

Posted_Date

Image

ယူကရိန်း ဆွေးနွေးပွဲ တိုးတက်မှု အမေရိကန် ချီးကျူးသော်လည်း သိသာ ထင်ရှားသည့် အတားအဆီးများ ရှိနေ

Body

သမ္မတ ထရမ့်သည် ရုရှား၏ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ၎င်း၏အဖွဲ့က "အလွန်ကြီးမားသည့် တိုးတက်မှု" ရရှိခဲ့သည်ဟု ချီးကျူးပြောဆိုခဲ့သော်လည်း "ကျန်ရှိနေသေးသည့် သဘောထားကွဲလွဲမှု အချက်အလက် အနည်းငယ်" ကျန်ရှိနေသေးသည်။ ယင်းမတိုင်မီက ၎င်း၏ ထိပ်တန်း သံတမန်ဖြစ်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ဂျနီဗာမြို့တွင် သီတင်းပတ်ကုန်က ပြုလုပ် ခဲ့သော အလွန်ကောင်းမွန်သည့် ယူကရိန်းဆွေးနွေးပွဲများအပြီးတွင် အမြဲတမ်း အကောင်းမြင်သော လေသံဖြင့် ပြောဆိုခဲ့သည်။ "ကျန်ရှိနေသေးသည့် အချက်များသည် မကျော်လွှားနိုင်သည့်အရာများ မဟုတ်ပါ" ဟု ၎င်းက အခိုင်အမာပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် စစ်ရေးအထူးကိုယ်စားလှယ်သည် အဘူဒါဘီတွင် ရုရှားအရာရှိ များနှင့်တွေ့ဆုံစဉ်တွင် အသေးအဖွဲအချက်အလက်အချို့ကို ဖြေရှင်းရန်ရှိနေသော်လည်း "ယူကရိန်း တို့က ငြိမ်းချမ်းရေး သဘောတူညီချက်ကို သဘောတူညီခဲ့ပြီ" ဟုပင် ကြေညာခဲ့သည်။ ယူကရိန်း စစ်ပွဲကို ညှိနှိုင်းအဆုံးသတ်သင့်ပုံနှင့် ပတ်သက်၍ အမေရိကန်၊ ယူကရိန်းနှင့် ဥရောပသမဂ္ဂ၏ ဘုံသဘောထား တစ်ခုဖြစ်ပေါ်ရန် လက်ရှိပြုလုပ်နေသည့် ခက်ခဲနူးညံ့သော ဆွေးနွေးပွဲများအပေါ် ထရမ့်အစိုးရက ပုံမှန်အတိုင်း အကောင်းမြင်သော ရှုထောင့်ကို ချမှတ်နေခြင်း ဖြစ်သည်။

သို့သော်လည်း ဆွေးနွေးပွဲများကို တိုက်ရိုက်သိရှိနားလည်သော ယူကရိန်းအဆင့်မြင့် သတင်းရင်းမြစ် တစ်ဦး၏အဆိုအရ ထရမ့်အစိုးရက ယူကရိန်းကိုတောင်းဆိုနေသည့်အရာနှင့် ကိယက်ဗ်မြို့ရှိ အခက်အခဲကြုံနေရသောအာဏာပိုင်များ လက်ခံရန် ပြင်ဆင်ထားသည့်အရာများအကြားတွင် သိသာထင်ရှားသည့် ကွာဟချက်များ ရှိနေဆဲ ဖြစ်သည်။

ယူကရိန်းမြို့တော်မှ CNN သို့ ပြောကြားခဲ့သည့် အဆိုပါသတင်းရင်းမြစ်က လွန်ခဲ့သည့် သီတင်းပတ်က ပေါက်ကြားခဲ့သည့် အချက် ၂၈ ချက်ပါ အမေရိကန်၏ငြိမ်းချမ်းရေး အဆိုပြုချက်များတွင် သတ်မှတ် ထားသော အချက်အများစုတွင် "သဘောတူညီမှု" ရရှိထားသည်ဟူသော ထရမ့်အရာရှိများ၏ ပြောဆိုချက်ကို သဘောတူညီခဲ့သည်။

သို့သော် သဘောထားကွဲလွဲမှု အချက်အနည်းငယ် သို့မဟုတ် အသေးအဖွဲ ကိစ္စများသာ ကျန်ရှိနေ သည်ဟု ဆိုခြင်းထက် အရေးပါသော ကွာဟချက်များ ရှိနေဆဲဖြစ်သည့် အနည်းဆုံး အရေးကြီးသော ကဏ္ဍသုံးခုရှိနေဆဲဖြစ်ပြီး ၎င်းတို့သည် ပဋိပက္ခကိုအဆုံးသတ်ရန် ဆွေးနွေးကြိုးပမ်းအားထုတ်မှု များကို အောင်မြင်စေနိုင်သလို ပျက်ပြားစေနိုင်သည်ဟု သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ပထမအချက်မှာ ရုရှားကသိမ်းပိုက်ပြီးသော်လည်း အပြည့်အဝ မအောင်နိုင်သေးသည့် အရှေ့ယူကရိန်း ဒွန်ဘတ်စ်ဒေသရှိ ယူကရိန်း၏လုံခြုံရေးအတွက် အရေးကြီးသည်ဟုယူဆရသည့် မြို့များနှင့် မြို့တော် များ၏ "ခံတပ်စည်း" ကိုပါ ထည့်သွင်းထားသော အဓိကနယ်မြေများကို ယူကရိန်းက လက်နက်ချ အပ်နှင်းရမည်လောဟူသည့် နူးညံ့သိမ်မွေ့သော ကိစ္စဖြစ်သည်။

ယခင်က အမေရိကန်၏အဆိုပြုချက်များတွင် ထိုနယ်မြေများကို ရုရှားအုပ်ချုပ်မှုအောက်ရှိ စစ်မဲ့ဇုန် ဖြစ်လာစေရန် ယူကရိန်းကလွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်အဆိုပါ အဆိုပြုချက်နှင့် ပတ်သက်၍ တိုးတက်မှုအချို့ရှိသည်ဟု ယူကရိန်းသတင်းရင်းမြစ်က CNN သို့ပြောကြားခဲ့သော်လည်း အဆိုပြုချက် မူကြမ်းတွင် အနှစ်သာရ သို့မဟုတ် စကားလုံးများနှင့် ပတ်သက်၍ မည်သည့်ဆုံးဖြတ်ချက်ကိုမှ မချမှတ်ရသေးကြောင်း ပြောကြားခဲ့သည်

"ယူကရိန်းက လက်ခံထားသည့် ပုံစံတစ်ခုရရှိပြီဟုပြောလျှင် အလွန်မှားလိမ့်မည်" ဟု သတင်း ရင်းမြစ်က ထပ်လောင်းပြောကြားခဲ့သည်။

ဒုတိယအချက်မှာ ယူကရိန်း၏ စစ်တပ်အင်အားကို အချက် ၂၈ ချက်ပါ အစီအစဉ်တွင် စိတ်ကူး ထားသည့်အတိုင်း ၆၀၀,၀၀၀ အထိကန့်သတ်ရန် အမေရိကန်၏အငြင်းပွားဖွယ် အဆိုပြုချက်ကို လည်း ဆွေးနွေးဆဲဖြစ်သည်။

ပိုမိုမြင့်မားသော ကိန်းဂဏန်းအသစ်အကြောင်း ပြောဆိုခဲ့ကြသော်လည်း ယူကရိန်းအနေဖြင့် ၎င်း၏ စစ်တပ်အပေါ် ယင်းကဲ့သို့ကန့်သတ်ချက်များကို သဘောတူရန် ပြင်ဆင်ထားခြင်းမပြုမီ နောက်ထပ် အပြောင်းအလဲများလိုအပ်နေသေးသည်ဟု ကိယက်ဗ်က ပြောကြားခဲ့ကြောင်း ယူကရိန်းသတင်း ရင်းမြစ်က CNN သို့ ပြောကြားခဲ့သည်။

နောက်ဆုံးအနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ရန် ယူကရိန်း၏ရည်မှန်းချက်ကို စွန့်လွှတ်ရန် ကိစ္စနှင့် ပတ်သက်၍ ဤတောင်းဆိုချက်သည် လက်ခံနိုင်စရာမရှိဆဲဖြစ်သည်ဟု သတင်းရင်းမြစ်က ဆို သည်။

ထိုသို့သော သဘောတူညီမှုမျိုးသည် "ဆိုးရွားသော စံနမူနာ" ကို ချမှတ်စေမည်ဖြစ်ပြီး "နေတိုး အဖွဲ့ဝင်ပင် မဟုတ်သော" ရုရှားကို အနောက်တိုင်း စစ်ရေးမဟာမိတ်အဖွဲ့အပေါ် ဗီတိုအာဏာ ပေးသကဲ့သို့ ဖြစ်စေမည်ဟု သတင်းရင်းမြစ်က CNN သို့ ပြောကြားခဲ့သည်။

နယ်မြေသိမ်းပိုက်မှု စွန့်လွှတ်ခြင်း၊ ယူကရိန်းကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ခြင်းနှင့် နေတိုးအဖွဲ့မှ အပြီးအပိုင် ဖယ်ထုတ်ခြင်းဟူသည့် ကိစ္စရပ်သုံးခုစလုံးသည် ရုရှားကယူကရိန်းတွင် စစ်ပွဲဆင်နွှဲ ရသည့် အကြောင်းပြချက်များအဖြစ် မကြာခဏ ကိုးကားဖော်ပြခဲ့သောအချက်များ ဖြစ်သည်။ ၎င်းတို့အား ရုရှားဘက်မှဖြေရှင်းပေးခြင်းသည်လည်း ၎င်း၏ရက်စက်သော စစ်ဆင်ရေးကို အဆုံး သတ်ရန်အတွက် မော်စကို၏ အဓိကအခြေအနေများ ဖြစ်သည်။

သို့သော် သတင်းရင်းမြစ်က ဆွေးနွေးခဲ့သည့် အချက်သုံးချက်စလုံးသည် ယူကရိန်းအတွက် နူးညံ့ သိမ်မွေ့ပြီး ကြာရှည်စွာ ရပ်တည်ခဲ့သော "အနီရောင်မျဉ်းများ" (မကျော်လွှားနိုင်သော အခက်အခဲ များ) လည်းဖြစ်ပြီး၊ ထိုအချက်များအတွက် ယူကရိန်းစစ်သည် သိန်းပေါင်းများစွာ တိုက်ခိုက်ခဲ့ကြ ကာ အသက်ဆုံးရှုံးခဲ့ကြသည်။ ၎င်းတို့အနက်မှ မည်သည့်အချက်ကိုမဆို တရားဝင်စွန့်လွှတ်ခြင်း သည် ကြီးမားသောတောင်းဆိုချက်ဖြစ်ပြီး ထိုသို့ပြုလုပ်ရန် ကြိုးပမ်းသော ယူကရိန်းခေါင်းဆောင် များအတွက် သိသာထင်ရှားသည့်အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်သည်။

ထရမ့်အစိုးရက မည်သို့ပင်ချီးမွမ်းပြောဆိုနေစေကာမူ ထိုအရာများသည် "ကျန်ရှိနေသေးသည့် သဘောထားကွဲလွဲမှုအချက်အလက် အနည်းငယ်" သို့မဟုတ် "မကျော်လွှားနိုင်လောက်သည့် အချက်များ" သို့မဟုတ် "ဖြေရှင်းရန်ကျန်ရှိသော အသေးအဖွဲအချက်အလက်များ" ထက် များစွာ ပိုနေသေးသည်။

CNN တွင် Matthew Chance ရေးသားသည့် “US trumpets Ukraine talks progress – but source reveals significant obstacles” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၂) က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။