ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက် လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့

Posted_Date

Image

ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက် လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့

Body

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း

      ယခုလာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့သည် (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။ အဂတိလိုက်စားမှုများကို ကမ္ဘာ့နိုင်ငံများစုပေါင်းစွမ်းအားဖြင့် တိုက်ဖျက်နိုင်ရေး အတွက် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက်အမှတ် ၅၈/၄ အရ ၂၀၀၃ ခုနှစ်တွင် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ကမ္ဘာ့နိုင်ငံများက တစ်ညီတစ်ညွတ်တည်းသဘောတူ ပြဋ္ဌာန်းခဲ့သည်။ ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့်  အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အဖွဲ့ဝင်နိုင်ငံအချင်းအချင်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဒီဇင်ဘာလ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍    နှစ်စဉ်အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်း အောင်အောင်မြင်မြင် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် ၂၂ ကြိမ်အထိသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း ကွန်ဗင်းရှင်းသို့ ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားပြီး အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။ 

ယခုနှစ်တွင်လည်း  အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ကို ဖြောင့်မတ်တည်ကြည်သော  အနာဂတ်ကိုဖော်ဆောင်ဖို့  အဂတိတိုက်ဖျက် လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

အဂတိလိုက်စားမှုဆိုသည်မှာ  ဘက်လိုက်ခြင်း၊ ဥပဒေနှင့်ဆန့်ကျင်သော ပြစ်မှုများကို ကျူးလွန်ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကိုပါ ထိခိုက်စေနိုင်သည့် ရာဇဝတ်မှုတစ်ခုပင်ဖြစ်သည်။ ဆင်းရဲချမ်းသာ ကွာဟမှုနှင့်အတူ ကမ္ဘာ့နိုင်ငံများအတွက် ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများက မတူညီနိုင်ကြသော်လည်း  အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများကိုမူ နိုင်ငံတိုင်းက ရင်ဆိုင်ကြုံတွေ့နေရသည်။ အဂတိလိုက်စားမှုများကြောင့် ဒီမိုကရေစီစနစ်နှင့် တရားဥပဒေ စိုးမိုးရေးကို ယိုယွင်းပျက်စီးစေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုဖြစ်ပေါ်စေခြင်း၊ ဈေးကွက်များကို ပျက်စီးစေခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုများကို လျော့ကျစေခြင်း စသည့် ဆိုးကျိုးများကို နိုင်ငံကြီးငယ်မရွေး ခံစားနေကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆိုးကျိုးသက်ရောက်မှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည်ဟုဆိုသော်လည်း အဂတိလိုက်စားမှုသည် နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ မည်သည့်အခြေအနေတွင် ရှိသည်ဖြစ်စေ ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်စေမည်သာဖြစ်သည်။

ဆိုးကျိုးသက်ရောက်မှုများ

     ကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များအရ အများပိုင်နှင့် ပုဂ္ဂလိကကဏ္ဍများတွင် လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများတွင် အလွဲသုံးစားပြုခြင်း၊ ဩဇာအာဏာကို သုံးစွဲ၍ မလျော်ဆောင်ရွက်ခြင်း၊ လုပ်ငန်းတာဝန်ကို အလွဲသုံးစားပြုခြင်း၊ တရားမဝင်ကြွယ်ဝချမ်းသာခြင်း၊ ငွေကြေးခဝါချခြင်း၊ အဆိုပါပြစ်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးနှင့်ပစ္စည်းများကို  ဖုံးကွယ်ခြင်း၊ တရားစီရင်ခြင်းကို နှောင့်ယှက်ဟန့်တားခြင်း စသည့် ပြစ်မှုများသည် အဂတိလိုက်စားမှုများပင်ဖြစ်သည်ဟု ဖော်ပြထားသည်။ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်၏ ပုံရိပ်နှင့် စွမ်းဆောင်မှုကျဆင်းခြင်း၊ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့၏ လုပ်ငန်းကဏ္ဍများကျဆင်းစေခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ယိုယွင်းပျက်စီးမှု ဖြစ်ပေါ်လာစေခြင်း၊ စီးပွားရေးဆုံးရှုံးမှုနှင့် အရည်အသွေး ကျဆင်းစေခြင်း၊ ဆင်းရဲမှုနှင့်မညီမျှကွာဟမှုများ ဖြစ်ပေါ်စေခြင်း၊ ပုဂ္ဂိုလ်ရေးဆုံးရှုံးမှု၊ ခြိမ်းခြောက်မှုနှင့် အဆင်မပြေမှုများဖြစ်ပေါ်စေခြင်း၊  အခြေခံအဆောက်အအုံများ ဆုံးရှုံးခြင်း၊ မမှန်ကန်သော စီးပွားရေးနှင့် နိုင်ငံရေးစနစ်များ ဖြစ်ပေါ်စေခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် တရားမျှတမှုမရှိခြင်း၊ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်စေခြင်း၊ လူ့အဖွဲ့အစည်းတွင် သဘောတရားကွဲလွဲမှု တိုးပွားလာခြင်းနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခြင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ဂေဟစနစ်များပျက်စီးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ပေါ်စေခြင်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုများဖြစ်ပေါ်စေခြင်း၊ အများပြည်သူယုံကြည်မှု လျော့ကျခြင်းနှင့် ပူးပေါင်းပါဝင်မှုလျော့နည်းခြင်း စသည့် ဆိုးကျိုး သက်ရောက်မှုများစွာကို ခံစားရနိုင်သည်။

အဂတိလိုက်စားမှုများကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ထရီလီယံခန့် ဆုံးရှုံးနေပြီး အဆိုပါ ပမာဏသည် ကမ္ဘာ့ဂျီဒီပီ၏  ၅ ရာခိုင်နှုန်းကျော်ခန့်ရှိသည်ဟု သိရသည်။ အဂတိလိုက်စားမှုဖြစ်စဉ်များတွင် ပမာဏများပြားသော ငွေကြေးများပါဝင်နေတတ်သဖြင့် ငွေကြေးခဝါချမှုကဲ့သို့သော အခြားသောပြစ်မှုများနှင့် ဆက်နွှယ်ဖြစ်ပွားလေ့ရှိသည်။ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စွဲဆိုသောပြစ်မှုများတွင် များပြားသော အရေအတွက်ရှိသည့် ပိုင်ဆိုင်မှုများပါဝင်နေတတ်ပြီး ယင်းပစ္စည်းများတွင် နိုင်ငံတော်၏ အရင်းအမြစ်များ ပါဝင်နေသဖြင့် အဂတိလိုက်စားမှုသည်  နိုင်ငံတိုင်း၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်နေပြန်သည်။ ပုံစံမျိုးစုံဖြင့် မမြင်ကွယ်ရာတွင် ပုံးကွယ်ဖြစ်ပွားလေ့ရှိသော အဂတိလိုက်စားမှုများကို ဥပဒေနှင့်အညီစစ်ဆေး ဖော်ထုတ်ခြင်းသည်  နိုင်ငံတော်၏ အရင်းအမြစ်များကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းသာဖြစ်သည်။

လူငယ်တွေနဲ့လက်တွဲဖို့လို

      လူ့အဖွဲ့အစည်းအတွင်း   အတွင်းလှိုက်စား၍ ကပ်ရောဂါအသွင်ပျံ့နှံ့နေသော အဂတိလိုက်စားမှုများကို တွန်းလှန်တိုက်ဖျက်ရာတွင် နိုင်ငံအတွင်းရှိ နည်းပညာများ၊ အရင်းအမြစ်များနှင့် လုံလောက်မှုမရှိနိုင်ပေ။ ဖြစ်ပွားသည့် ပမာဏနှင့်ဖြစ်ပေါ်နေသည့်ပုံစံတို့က အချိန်နှင့်အမျှပြောင်းလဲနေပြီး နိုင်ငံအတွင်း လျှို့ဝှက်သိုသိပ်စွာ ဖြစ်ပွားသည့် ပြစ်မှုအသွင်မှသည် နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် ဂိုဏ်းဖွဲ့ကျူးလွန်တတ်သော ပြစ်မှုများအသွင်ဖြစ်လာနေပြီဖြစ်သည်။ နိုင်ငံများ၏ စုပေါင်းစွမ်းအားဖြင့် နည်းပညာကအစပြု၍  အပြန်အလှန်ဖလှယ်ကာ ပူးပေါင်းဆောင်ရွက်မှသာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်လာနိုင်မည်ဖြစ်သည်။ 

အဂတိလိုက်စားမှုများ၏ သဘောသဘာဝသည် နောက်ကွယ်တွင် ဆက်နွှယ်နေသော ငွေကြေးနှင့်ပစ္စည်းပမာဏတို့မှာ မမျှော်မှန်းနိုင်လောက်အောင် များပြားနေတတ်သဖြင့် ဖြစ်ပွားပြီးမှ စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူ ဆောင်ရွက်သည့်အခါတွင် ဆုံးရှုံးမှုများနိုင်သည်။ မဖြစ်ခင် ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့် နိုင်ငံတော်အတွက် ငွေကြေးနှင့်ပစ္စည်းများဆုံးရှုံးမှု၊ လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှု စသည်တို့ကို ကာကွယ်တားဆီးနိုင်သဖြင့် ထိရောက်သောတားဆီး ကာကွယ်ရေးနည်းစနစ်များကို နိုင်ငံများက စုပေါင်းရှာဖွေနေကြခြင်းဖြစ်သည်။ ကုလသမဂ္ဂက နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို  အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် နှစ်စဉ်ဆောင်ပုဒ်များချမှတ်ကာ   ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများပူးပေါင်း၍ နည်းလမ်းများကို ရှာဖွေဖော်ထုတ်လျက်ရှိသည်။ 

သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာသော နည်းပညာစိန်ခေါ်မှုများနှင့်အတူ အဂတိလိုက်စားမှု ဖြစ်စဉ်များကလည်း နည်းပညာကို တလွဲအသုံးချ၍ နည်းလမ်းပေါင်းစုံကျူးလွန်ဖြစ်ပွားလာကြသည်။

ကမ္ဘာပေါ်တွင် လူငယ်ဦးရေ ၁ ဒသမ ၉ ဘီလီယံခန့်ရှိပြီး ထိုလူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၂၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရသည်။ ထို ၂၅ ရာခိုင်နှုန်းခန့်သော လူငယ်များသည် ကမ္ဘာကြီး၏ အနာဂတ်ပင်ဖြစ်သဖြင့် ထိုလူငယ်များ ဖြောင့်မတ်တည်ကြည်ကာ အဂတိလိုက်စားမှုများကင်းစင်နေမှသာ ကမ္ဘာကြီးကလည်း သာယာလှပလာမည်ဖြစ်သည်။ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းအားကို အသုံးချ၍  ၎င်းတို့နှင့်လက်တွဲကာ   အနာဂတ်ကမ္ဘာကို ဖြောင့်မတ်တည်ကြည်မှု၊  အဂတိလိုက်စားခြင်း ကင်းစင်မှုတို့ဖြင့် ပုံဖော်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် (၂၂) ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်ကို ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့ - Uniting with Youth Against Corruption : Shaping မှတ်ထားခြင်းဖြစ်သည်။

ကွန်ဗင်းရှင်းအဖွဲ့ဝင်မြန်မာနိုင်ငံ

     မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကွန်ဗင်းရှင်းသို့အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး နိုင်ငံတကာနှင့် လက်တွဲဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့ကာ အဂတိပယ်ခွာပြည်သာယာဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားလျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် ထိခိုက်မှုမရှိစေရေးနှင့် အဂတိလိုက်စားမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေး စသည့်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

အသေးစားအဂတိ လိုက်စားမှုများ လျော့နည်းကျဆင်းလာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၏ အရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုပိုမိုတိုးတက်လာစေရေးအတွက် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကိုလည်း ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၃ ခုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ သုံးခုတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ဝန်ဆောင်မှုရယူသော ပြည်သူများအနေဖြင့် မိမိတို့ရယူသည့်  ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ သဘောထားအကြံပြုချက်များကို Short Code နံပါတ် 1111 မှတစ်ဆင့် ပြန်လည်ကာဖော်ပြပေးပို့နိုင်သည်။

လူငယ်အသိပညာပေး

     ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းအားကိုလည်း  ဖယ်ချန်ထားခြင်းမရှိပေ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုသည်မှာ လူတို့၏ ကိုယ်ကျင့်သိက္ခာ ဖောက်ဖျက်မှုများကို ဥပဒေနှင့်အညီ တည့်မတ်ပေးခြင်းသာဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးဆောင်ရွက်ခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ အနှစ်သာရဟုပင်ဆိုနိုင်သည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည်နှင့်အညီ မျိုးဆက်သစ်လူငယ်များ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအတွက်  ကျင့်ဝတ်လိုက်နာရေးဆိုင်ရာ  အသိပညာပေးလှုပ်ရှားမှု - Edutainment အစီအစဉ်များကို ဆောင်ရွက်နေသည်ကိုတွေ့ရသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ  ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး အစီအစဉ်အဖြစ် အခြေခံပညာကျောင်း ၃၂၁ ကျောင်းတွင် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်းတွေ့ရသည်။  အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲများကိုလည်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်စာသင်ကျောင်း၄၅ ခုတွင် ဆောင်ရွက်နိုင်ခဲ့သည်။ 

ထို့ပြင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ငယ်စဉ်ကတည်းကဖြောင့်မတ် တည်ကြည်မှု စံတန်ဖိုးများကို  သိရှိလိုက်နာတတ်သူများ ဖြစ်လာစေရေးတွင် အခြေခံပညာ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကလည်း အရေးကြီးသဖြင့် ဆရာ/ဆရာမများအနေဖြင့် မျိုးဆက်သစ်လူငယ်များကို  အဂတိလိုက်စားမှု၏  ဆိုးကျိုးသက်ရောက်မှုများကို ပိုမိုသင်ကြားပေးနိုင်ရေးအတွက်  နွေရာသီကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သည့် ဆရာ/ဆရာမများ မွမ်းမံသင်တန်းများ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ  အသိပညာပေးသင်ခန်းစာဆွေးနွေးပို့ချခြင်းကို ၂၁၃ ကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်  အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်းတစ်ခုဖြစ်သည့်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင်      ရုပ်ပြသရုပ်ဖော်တေးသီချင်းများ ထုတ်လွှင့်ခြင်း၊Animation ဇာတ်လမ်းတိုနှင့်ပြဇာတ်များ ပြသခြင်းတို့ကို ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးစကားဝိုင်း ကိုလည်း ထုတ်လွှင့်ပြသလျက်ရှိပြီး မျိုးဆက်သစ်လူငယ်များ အပါအဝင် နိုင်ငံသူနိုင်ငံသားတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ့ဘဏ္ဍာမဆုံးရှုံးစေဖို့

    နိုင်ငံတော်၏ အရင်းအမြစ်များ ဘဏ္ဍာရန်ပုံငွေများကို အဂတိလိုက်စားမှုများကြောင့်  လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကာကွယ်ပေးခြင်းဖြင့်  နိုင်ငံသူနိုင်ငံသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာရန်ပုံငွေများ ပိုမိုရရှိလာနိုင်သည်။ မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဝဖွံ့ဖြိုးတိုးတက်ရေး၊အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး ရည်မှန်းချက်များကိုလည်း ပြည့်ဝစေနိုင်သည်။ သို့ဖြစ်ရာ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မြန်မာငွေကျပ် ၃၆ ဒသမ ၆၉ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၄ သန်းကျော်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်  ပြန်လည်သိမ်းဆည်း ပေးသွင်းနိုင်ခဲ့သည်။ ထို့ပြင် နိုင်ငံ့ဘဏ္ဍာဆုံးရှုံးမှု မရှိစေရေး ကာကွယ်ပေးမှုအနေဖြင့် မြန်မာငွေကျပ်၂၁၅ ဘီလီယံကျော်နှင့် ယူရို ၃ သန်းကျော်ရှိခဲ့သည်ဟု သိရသည်။

ဂုဏ်ယူစွာဖြင့်

     ကော်မရှင်အနေဖြင့်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ၊ အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဝင်နိုင်ငံများ စသည်ဖြင့်  နိုင်ငံတကာနှင့် မျက်ခြည်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဒေသတွင်းအဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့်  အာဆီယံအဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သို့လည်း  အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားသည်ကို တွေ့ရသည်။ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အဖွဲ့၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ကာ ၂၀၂၆ ခုနှစ်တွင် အဖွဲ့၏အစည်းအဝေးများကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပရေး ကိစ္စရပ်များကိုပါ အောင်အောင်မြင်မြင် ဆွေးနွေးနိုင်ခဲ့သည်။ ယခုနှစ်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ဆောင်ပုဒ်နှင့် လိုက်လျောညီထွေရှိသည့် ASEAN Youth; Upholding Integrity, Building a Corruption Free Future ဆိုသည့် ဆောင်ပုဒ်ဖြင့်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ကျရောက်ခဲ့သည့် (၂၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပြီး လူတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ လောဘ၊ ဒေါသ၊ မောဟ၊  ဘယာ စတဲ့စိတ်အညစ်အကြေးတွေကြောင့် အဂတိကျူးလွန်လာကြတာဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေ၊ ကျောင်းသားတွေ ကျောင်းသူတွေကို ငယ်ရွယ်စဉ်ကစပြီး အဂတိကင်းရှင်းစေဖို့၊   စိတ်ထားဖြူစင်သန့်ရှင်းစေဖို့အတွက် လူ့ဂုဏ်သိက္ခာနဲ့ လူမှုကျင့်ဝတ်တွေကို သွန်သင်ပြသဆုံးမပေးကြဖို့လိုအပ်ပါတယ် ဟု ထည့်သွင်းလမ်းညွှန်မှာကြားခဲ့သည်။ ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများတွင် လူငယ်များနှင့်လက်တွဲလျက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ယခုနှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့်  (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အတွက်  ချမှတ်ထားသော ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့  ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  ဆောင်ရွက်နေသည့် ကော်မရှင်၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် လူငယ်များ ပိုမိုပူးပေါင်းပါဝင်လာစေကြောင်း ရည်ရွယ်ရင်းဖြင့် (၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အား   ကြိုဆိုဂုဏ်ပြုလိုက်ရပေသည်။     ။

MWD