ကျွန်ုပ်တို့ နေ့စဉ်မရှိမဖြစ် လိုအပ်သော အရာ
Posted_Date
Image
Body
ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း(Universal Declaration of Human Rights, UDHR)ကို ၁၉၄၆ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကြပြီး နှစ်နှစ်အကြာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံကနေ၍ ထိုကြေညာစာတမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဟု သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပလျက်ရှိရာ ယခု ၂၀၂၅ ခုနှစ်တွင် (၇၇)နှစ်မြောက် အခါသမယကို ရောက်ရှိလာပြီဖြစ်သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသော ဆောင်ပုဒ်မှာ "Our Everyday Essentials " “ကျွန်ုပ်တို့ နေ့စဉ်မရှိမဖြစ်လိုအပ်သောအရာ”ဟူ၍ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆောင်ပုဒ်သည် လူသားတိုင်း ဂုဏ်သိက္ခာနှင့်လုံခြုံမှုရှိသော ဘဝတစ်ခုအတွက် အခြေခံလိုအပ်ချက်များဖြစ်သော ပျော်ရွှင်မှု၊ လုံခြုံရေးနှင့် အခွင့်အလမ်းတို့အတွက် အခြေအနေကောင်းများကို ဖန်တီးပေးရန်နှင့် ထိုသို့ဖန်တီးပေးနိုင်ရန်အတွက် ပညာပေးလှုံ့ဆော်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်။
လူ့အခွင့်အရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက “လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ကိုဖြစ်စေ သူတို့၏အခြေခံလွတ်လပ်မှုများနှင့် လူသားဂုဏ်သိက္ခာများကို မထိခိုက်စေရန် ကာကွယ်ပေးထားသော လူသားအားလုံးနှင့် သက်ဆိုင်သည့် တရားရေးဆိုင်ရာ အာမခံချက်”ဟူ၍ လူ့အခွင့်အရေးကို အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရသည်။ ထိုအဓိပ္ပာယ်အရ လူ့အခွင့်အရေးဆိုသည်မှာ လူတစ်ဦးချင်းခံစားခွင့်ရှိသလို လူအုပ်စုဝင်အလိုက်လည်း ခံစားခွင့်ရှိကြောင်း တွေ့ရှိရသည်။ လူ့အခွင့်အရေးဟူသော စကားလုံးပေါ်တွင် ပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ ယနေ့တိုင် ပြီးပြည့်စုံခြင်းမရှိဘဲ ဆက်လက်ပေါ်ထွန်းလျက်ရှိနေသည်။
“လူ့အခွင့်အရေးဆိုသည်မှာ လူသားတစ်ယောက်ဖြစ်သောကြောင့် လူတို့တွင်ရှိသော အခွင့်အရေးဖြစ်ပြီး လူ့အခွင့်အရေးသည် လူသားအားလုံးအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းအတွက် တန်းတူညီမျှစွာရှိနေသည်။ မည်သည့်အခွင့်အရေးသည် အရေးအကြီးဆုံး၊ မည်သည့်အခွင့်အရေးများသည် အရေးမကြီးဟူ၍လည်း သတ်မှတ်၍မရချေ။ တစ်ခုနှင့်တစ်ခုလည်း အပြန်အလှန်ဆက်စပ်လျက်ရှိနေပြီး လူ့အခွင့်အရေးဟူသော ခေါင်းစဉ်အောက်တွင် လူ့အခွင့်အရေးများသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်အမှီသဟဲပြုလျက်ရှိကြသည်။
လူ့အခွင့်အရေးဆိုသည်မှာ လူသားတိုင်း မွေးရာပါ ပိုင်ဆိုင်သော အခြေခံအခွင့်အရေး တစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းစွာအသက်ရှင် ရပ်တည်ရန် မရှိမဖြစ်လိုအပ်သည့် အသက်သွေးကြော တစ်ခုလည်းဖြစ်သည်။ ရှေးဂရိခေတ်ကာလကတည်းက လူ့အခွင့်အရေးဟူသည် လူသားအဖြစ် မွေးဖွားလာခြင်းကြောင့် သဘာဝတရားဟု ယုံကြည်လက်ခံထားခဲ့ကြသည်။ လူ့အခွင့်အရေးသည် လူသားဆန်မှုသဘာဝမှ အဆင့်ဆင့်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ လူသားအားလုံးသည် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို လူသားအဖြစ်မွေးဖွားခြင်းကြောင့် ခံစားထိုက်သည်ဟု ယုံကြည်ယူဆခဲ့ကြသည်။ အခြေခံအချက်များမှာ လူ့အခွင့်အရေးသည် ဥပဒေအရခံစားခွင့်ရှိသလို ကျင့်ဝတ်အရ လုပ်ဆောင်သင့်သည်ဟူသော အချက်နှစ်ချက်စလုံးနှင့် သက်ဆိုင်နေသည်။ လူတစ်ဦး တစ်ယောက်ချင်းဆိုင်ရာ အခွင့်အရေးများဖြစ်သလို အုပ်စုလိုက်နှင့် သက်ဆိုင်သော အခွင့်အရေးများဖြစ်ကြသည်။ သို့သော် ဤအခွင့်အရေးကို လက်တွေ့အသုံးချရာတွင် ဖြောင့်မတ်ရိုးသားမှု၊ တန်ဖိုးထားမှုနှင့် မိမိနိုင်ငံ၏အခြေအနေ၊ ဓလေ့ထုံးတမ်းများနှင့် လိုက်လျောညီထွေဖြစ်မှုတို့ပါဝင်ရန် အထူးလိုအပ်လှသည်။
လူ့အခွင့်အရေး၏ သမိုင်းကြောင်း
ထိုလူ့အခွင့်အရေးဟူသည့် ဝေါဟာရ၏ အောက်တွင် ရှေးဟောင်းဥပဒေနှင့် ဘာသာရေးအယူဝါဒတို့၌ ဖော်ပြထားသော ဖြောင့်မတ်မှန်ကန်မှု သဘောတရားအချို့ ပါဝင်လာခဲ့သည်။
လူ့အခွင့်အရေး လှုပ်ရှားမှုများသည် ၁၉၇၀ ပြည့်နှစ်ကျော်တွင် ကြီးထွားလာခဲ့ရာ ဤလှုပ်ရှားမှုများသည် အမေရိကန်ပြည်ထောင်စုနှင့် လက်တင်အမေရိကတို့မှလည်း အဓိကထောက်ပံ့ပြီး အထူးသဖြင့် ဥရောပအရှေ့ပိုင်းနှင့်အနောက်ပိုင်းရှိ ယခင်ဆိုရှယ်လစ်တို့မှဖြစ်သည်။ နိုင်ငံပေါင်းအတော်များများတွင် လူမှုရေးဆိုင်ရာ လှုပ်ရှားပြောင်းလဲရေးနှင့် နိုင်ငံရေးဆိုင်ရာ ဖွင့်ဟပြောဆိုမှုတို့သည် ကမ္ဘာ့လုပ်ငန်းစဉ်တွင် ရှေ့တန်းတင်ထားမှုကြောင့် လှုပ်ရှားမှုသည် လျင်မြန်စွာ ပုံပေါ်လာခဲ့သည်။
လူ့အခွင့်အရေးအမျိုးအစားများ
လူ့အခွင့်အရေး အမျိုးအစားများကို ရရှိခံစားခွင့်ရှိသောသူအလိုက်လည်း အုပ်စုသတ်မှတ်ခွဲခြားနိုင်သလို အခွင့်အရေး၏ သဘောသဘာဝပုံစံအလိုက်လည်း ခွဲခြားနိုင်သည်။ ရရှိခံစားခွင့်ရှိသောသူအလိုက် အုပ်စုသတ်မှတ်ခွဲခြားရာတွင် လူသားတစ်ဦးစီ၏ အခွင့်အရေး (Individual Rights)၊ အုပ်စုလိုက်၏ အခွင့်အရေး(Group Rights)ဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။
လူ့အခွင့်အရေးကို သဘောသဘာဝ အလိုက်ခွဲခြားမည်ဆိုပါက သုံးမျိုးခွဲခြားနိုင်သည်။ ထိုအမျိုးအစားများမှာ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး၊ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး တို့ဖြစ်သည်။ နိုင်ငံသားအခွင့်အရေး လုံခြုံခွင့်များနှင့် တရားစီရင်ရာတွင် အကာအကွယ်ပေးထားသည့် အခွင့်အရေးများကိုဆိုလိုသည်။ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများသည် တစ်ဦးတစ်ယောက်ချင်း သဘောကိုဆောင်သည်။ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ စာချုပ်တွင် လူသားများ၏ အသက်ရှင်ခွင့်နှင့်လုံခြုံမှုကို စာချုပ်အဖွဲ့ဝင်နိုင်ငံများက လေးစားပြီး အကာအကွယ်ပေးရန်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများတွင် ပြည်သူတို့၏ အရည်အသွေး စွမ်းဆောင်မှုများကို အစွမ်းကုန်ဖော်ထုတ်အသုံးချနိုင်ရန်နှင့် ပြည်သူတို့၏ လူနေမှုဘဝများ အဆင့်ဆင့်တိုးတက် ကောင်းမွန်လာစေရန်အတွက် လိုအပ်သည့်အရာများကို အဆင့်ဆင့်ဖြည့်ဆည်းပေးရသည့် အခွင့်အရေးများကို ဆိုလိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နှိုင်းယှဉ်ခြင်း
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွင် အပိုဒ်(၃၀)ပါရှိပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပုဒ်မပေါင်း ၄၅၇ ခု နောက်ဆက်တွဲဇယား(၅)ခုပါရှိသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ်(၂)တွင် လူတိုင်းသည် လူမျိုး၊ အသားအရောင်၊ အမျိုးသား၊ အမျိုးသမီး၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြားအယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇာစ်မြစ်၊ ပစ္စည်းဥစ္စာဂုဏ်၊ မျိုးရိုးဇာတိဂုဏ်နှင့် အခြားအဆင့်အတန်း စသည့်ခွဲခြားမှုမျိုးမရှိစေဘဲ ဤကြေညာစာတမ်းတွင် ဖော်ပြပါရှိသည့်အခွင့်အရေးနှင့် လွတ်လပ်ခွင့်အားလုံးကို ခံစားခွင့်ရှိသည်ဟု လည်းကောင်း၊ အပိုဒ်(၇)တွင် လူအားလုံးတို့သည် ဥပဒေအရာ၌ တန်းတူရည်တူရှိကြပြီး ဥပဒေ၏တန်းတူ ကာကွယ်စောင့်ရှောက်မှုကို မည်သည့်ခွဲခြားဆက်ဆံမှုမျှ မရှိစေဘဲ ခံစားပိုင်ခွင့်ရှိသည်ဟု လည်းကောင်း၊ အပိုဒ်(၁၈)နှင့်(၁၉)တို့တွင် လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ အမှား/အမှန်ဝေဖန်ပိုင်းခြားခွင့်နှင့် ကိုးကွယ်ခွင့်၊ လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိသည်ဟု လည်းကောင်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု လည်းကောင်း၊ ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟု လည်းကောင်း၊ ပုဒ်မ ၃၄၉ တွင် နိုင်ငံသားများသည် ပြည်သူ့ဝန်ထမ်းတာဝန် ထမ်းဆောင်မှု၊ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မှု၊ အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊ ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှုများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းရရှိစေရမည်ဟုလည်းကောင်း၊ ပုဒ်မ ၃၅၀ တွင် အမျိုးသမီးများသည် တူညီသော အလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသော အခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်ဟုလည်းကောင်း ပြဋ္ဌာန်းထားရာ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှင့် လိုက်လျောညီထွေရှိပြီး လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် သွေဖည်မှုမရှိကြောင်းတွေ့ရှိရသည်။
လူ့အခွင့်အရေးကို လွဲမှားစွာ အသုံးချခြင်းမြန်မာနိုင်ငံတွင် “လူ့အခွင့်အရေး”၊ “ပြည်သူ့အတွက်” စသည့် စကားလုံးများသုံးနှုန်းကာ ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများကို ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ အကြမ်းဖက်ခြင်းများသည် လူ့အခွင့်အရေး၏ အနှစ်သာရကို ဆန့်ကျင်သည့် ရာဇဝတ်မှုများသာဖြစ်သည်။ ဤလုပ်ရပ်များသည် လူ့ဂုဏ်သိက္ခာ၊ ဘဝအာမခံချက်နှင့် တရားမျှတမှုကို ဖျက်ဆီးပစ်ခြင်းဖြစ်သည်။ ဤသည်မှာ လူ့အခွင့်အရေးကို လွဲမှားစွာ အသုံးချခြင်းသာဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရန်ကြိုးပမ်းမှုသာဖြစ်ပေသည်။ ထို့ကြောင့် လူ့အခွင့်အရေးဟူသည် တရားဥပဒေဘောင်အတွင်းမှ ဖော်ဆောင်ပေးသော အခွင့်အရေးတစ်ရပ်ဖြစ်ပြီး တရားဥပဒေမဲ့၊ ဘောင်မဲ့၊ စည်းမဲ့မဟုတ်ကြောင်း ထင်ရှားစွာတွေ့ရှိရသည်။
အချုပ်အားဖြင့်ဆိုရသော် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့သည် လူမှုအသိုက်အဝန်းတစ်ခုလုံးတွင် လူ့အခွင့်အရေး၏အရေးပါမှုနှင့် အာမခံချက်ပေးထားမှုကို နိုင်ငံသားတိုင်းသိရှိစေရန် မီးမောင်းထိုးပြလျက်ရှိသည်။ နိုင်ငံသားတိုင်းအနေဖြင့် လူ့အခွင့်အရေးကို အမှန်တကယ် လိုလားသည်ဆိုပါက မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးပျက်ပြားစေမည့် အပြုအမူ၊ အပြောအဆိုနှင့် စိတ်နေစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ကာ မှန်ကန်မျှတမှုရှိသည့်၊ စည်းစနစ်ကျသည့် အခွင့်အရေးများကို ဖော်ဆောင်ကြရမည်ဖြစ်သည်။ ထိုသို့ဖော်ဆောင်မှသာ လူ့အခွင့်အရေးဆိုသည်မှာ ငြိမ်းချမ်းပြီး တန်းတူညီမျှမှုရှိသည့် ကမ္ဘာကြီးအတွက် အခြေခံကျသည့် ခွန်အားတစ်ခုအဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် ဦးတည်ချက်(၄)ရပ်ချမှတ်ကာ အကောင်အထည်
ဖော်ဆောင်ရွက်လျက်ရှိသလို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကလည်း အေးချမ်းသာယာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်သော လူ့အခွင့်အရေး စံနှုန်းမြင့်မားသည့် နိုင်ငံဖြစ်လာစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲကာ ပူးပေါင်းဆောင်ရွက်မှသာ အနာဂတ်အတွက် လုံခြုံစိတ်ချရသည့် လူ့အခွင့်အရေးများ ပိုမိုထွန်းကားလာမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MWD
