ကိန်းဂဏန်းများ နောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့ အမှန်တရား

Posted_Date

Image

ကိန်းဂဏန်းများ နောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့ အမှန်တရား

Body

မြန်မာနိုင်ငံအစိုးရအဆက်ဆက်ဟာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ စဉ်ဆက်မပြတ် တိုက်ဖျက်လျက်ရှိတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ  နောက်ပိုင်းမှာလည်း နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးတားဆီးရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် တစိုက်မတ်မတ် နှိမ်နင်းလျက်ရှိရာမှာ  ဘိန်းစိုက်ပျိုးမှုအပါအဝင်  မူးယစ်ဆေးဝါးကုန်သွယ်မှု လုပ်ငန်းတွေကို  တရားဥပဒေနဲ့အညီ ပြင်းပြင်းထန်ထန်  တိုက်ဖျက်လျက်ရှိပါတယ်။

နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မျက်စိမှိတ်၊ နားပိတ်ပြီး မမြင်ချင်ယောင်၊  မကြားချင်ယောင်ဆောင်ကာ ခိုင်မာမှုမရှိတဲ့ သတင်းအချက်အလက်တွေကိုအခြေခံပြီး    အချို့နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ပုံကြီးချဲ့ စွပ်စွဲလေ့ရှိပါတယ်။  အဲဒီစွပ်စွဲချက်တွေထဲက ဒီဇင်ဘာလ ၃ ရက်နေ့ UNODC ကထုတ်ပြန်တဲ့ အစီရင်ခံစာဟာ အမှန်တရားကို မျက်ကွယ်ပြုပြီး လိုရာပုံဖော်ထားတဲ့ ကိန်းဂဏန်းအချက်အလက်များကို  အသုံးချကာ နိုင်ငံရေးအရဖိအားပေးလိုတဲ့ ရိုးသားမှု မရှိတဲ့ အစီရင်ခံစာတစ်စောင်ဖြစ်ပါတယ်။                             

ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC) က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုစစ်တမ်း (Myanmar Opium Survey 2025) အစီရင်ခံစာမှာ စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် သက်ရောက်မှုများ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်တဲ့  နိုင်ငံဖြစ်လာတယ်၊ ဘိန်းစိုက်ပျိုးမှု တွေ မြင့်တက်လာတယ်ဆိုပြီး အတည်မပြုနိုင်တဲ့အချက်အလက်တွေကို ကိုးကားကာ  အစီရင်ခံစာပုံစံ ရေးသားထားတာကို စိတ်မကောင်းဖြစ်ဖွယ်ရာ တွေ့ရှိရပါတယ်။ 

အဓိကကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းနဲ့ ဒေသပြင်ပမူးယစ်ဆေးဝါး ဖြန့်ဖြူးမှု တိုးလာတာကိုပုံဖော်ထားပြီး တားဆီးရန် အရေးပေါ် လိုအပ်လျက်ရှိတယ်လို့ ပုံကြီးချဲ့ရေးသားထားပါတယ်။ ဒါပေမဲ့  ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က အကြောင်းတရားကိုတော့  နိုင်ငံတကာကတမင် လျစ်လျူရှုထားကြပုံရပါတယ်။ စာရွက်ပေါ်က ကိန်းဂဏန်းတွေကိုသာကြည့်ပြီး မြေပြင်ကဇာစ်မြစ်နဲ့   မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို တွန်းအားပေးနေတဲ့ လက်သည်တရားခံတွေကိုတော့ မမြင်ချင်ယောင်ဆောင်နေတာဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပါဘူး။ဒါကြောင့် ကိန်းဂဏန်းသက်သက်မဟုတ်ဘဲ ပကတိမြေပြင် အခြေအနေမှန်တွေနဲ့ ပူးပေါင်းဖြေရှင်းသင့်တဲ့ နည်းလမ်းမှန်ကို နိုင်ငံတကာကသိရှိနားလည်စေဖို့ ဒီဆောင်းပါးနဲ့   အမှန်တရားကို  မီးမောင်းထိုးပြလိုပါတယ်။

နိုင်ငံရေးကစားကွက်များကြားက မရိုးသားတဲ့ တိုက်ဆိုင်မှုများ

     လက်ရှိ   ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ အမေရိကန်သမ္မတ Donald Trump အစိုးရရဲ့ သဘောထားအပြောင်းအလဲနဲ့အတူ မြန်မာ့နိုင်ငံရေးအပေါ်   ရှုမြင်ပုံတွေဟာ တည်ငြိမ်ရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံအားပေးတဲ့ ခြေလှမ်းများအဖြစ် စတင်ပြောင်းလဲလာနေပါတယ်။ အထူ းသဖြင့် Trump အစိုးရက USAID အကူအညီပိတ်သိမ်းခြင်းဟာ   NUG အကြမ်းဖက်အဖွဲ့အတွက် အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေကို ရပ်ဆိုင်းသွားစေသလို မြန်မာနိုင်ငံသားတွေ အမေရိကန်နိုင်ငံမှာ ယာယီနေထိုင်ခွင့် (TPS -Temporary Protected Status) ကို ရုပ်သိမ်းလိုက်တာလိုမျိုး မူဝါဒအပြောင်းအလဲဟာ NUG/PDF တို့လို အကြမ်းဖက်လမ်းစဉ်ထက် နိုင်ငံတော်အစိုးရရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို အပြုသဘောဆောင်  ရှုမြင်သုံးသပ်လာတဲ့ သဘောဖြစ်ပါတယ်။

ဒါပေမဲ့  ဒီလိုအပြုသဘောဆောင်လာတဲ့အချိန်ကိုက်မှာ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ကျဆင်းစေပြီး လက်ရှိနိုင်ငံတော်အစိုးရ အထင်အမြင် လွဲမှားစေမယ့် မူးယစ်ဆေးဝါးအစီရင်ခံစာ  တမင်ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာတာဟာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ  နိုင်ငံတကာနဲ့ နိုင်ငံတော်အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုလမ်းစတွေကို ပိတ်ဆို့လိုသူတွေရဲ့ နောက်ကွယ်က   နိုင်ငံရေးကစားကွက်တစ်ခုဖြစ်နေနိုင်ပါတယ်။ အစီရင်ခံစာမှာ နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအရှိန်အဟုန်မြှင့်  ကြိုးပမ်းဆောင်ရွက်နေမှုတွေ၊ ဘိန်းခင်းဖျက်ဆီးနိုင်မှုတွေကို     မျက်ကွယ်ပြုထားပြီး ဘိန်းစိုက်ပျိုးမှု   တိုးမြင့်လာတာကိုသာ တစ်ဖက်သတ် မီးမောင်းထိုးပြထားတာဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးထက် နိုင်ငံရေးအရ   ဖိအားပေးလိုခြင်းသာဖြစ်တယ်လို့ယူဆရမှာဖြစ်ပါတယ်။

UNODC အစီရင်ခံစာနှင့် မြေပြင်လက်တွေ့အခြေအနေ

     UNODC ရဲ့ ၂၀၂၅ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု ၅၃၁၀၀ ဟက်တာ အထိရှိလာပြီး ၂၀၂၄ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။  ဒါပေမဲ့ ဒီစိုက်ပျိုးမှုတွေဘယ်နေရာတွေမှာ တိုးလာသလဲဆိုတာကို မြေပုံပေါ်မှာ သေသေချာချာထောက်ကြည့်လိုက်ရင်   အဖြေကရှင်းရှင်းလေးပါပဲ။ နိုင်ငံတော်အစိုးရရဲ့  အုပ်ချုပ်မှုအာဏာ သက်ရောက်တဲ့  တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေမှာမဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်သောင်းကျန်းသူများ(EAOs)နဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ NUG/PDF အကြမ်းဖက်အဖွဲ့များ စိုးမိုးလှုပ်ရှားနေတဲ့နေရာတွေမှာသာ အဓိကတိုးပွားလာနေခြင်းဖြစ်ပါတယ်။

အထူးသဖြင့် UNODC အစီရင်ခံစာမှာပါတဲ့ မြေပုံကိုကြည့်မယ်ဆိုရင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ အရင်က ဘိန်းစိုက်ပျိုးမှုလုံးဝမရှိသလောက် နည်းပါးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့မှာ စိုက်ပျိုးမှုတွေသိသိသာသာ တိုးလာတာကိုတွေ့ရပါလိမ့်မယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အခွင့်ကောင်း ယူပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက ဘိန်းစိုက်ပျိုးမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုကို    သူတို့ရဲ့အဓိကဝင်ငွေလမ်းကြောင်းအဖြစ် ပြောင်ပြောင်တင်းတင်း အသုံးချနေတဲ့သက်သေတွေဖြစ်ပါတယ်။

NUG/PDF နှင့် EAOs တို့၏ Narco-Terrorism

     နိုင်ငံတကာက   ဒီမိုကရေစီအရေးလှုပ်ရှားသူများ လို့ ခေါင်းစဉ်တပ်ပေးထားတဲ့ NUG/ PDF အကြမ်းဖက်အဖွဲ့တွေက မူးယစ်ဆေးဝါးလုပ်ငန်းကို လက်နက်ဝယ်ယူဖို့ အဓိကငွေကြေးအထောက်အပံ့ အသက်သွေးကြောအဖြစ် အသုံးပြုပြီး အကြမ်းဖက်ယန္တရားကို လည်ပတ်နေကြပါတယ်။ တစ်ချိန်က စိုက်ပျိုးရေးနဲ့ အေးချမ်းခဲ့ဖူးတဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှာ အခုဆိုရင် NUG/ PDF အဖွဲ့တွေက တော်လှန်ရေးရန်ပုံငွေ ခေါင်းစဉ်တပ်ပြီး ဒေသခံတွေကို ဘိန်းနဲ့ဆေးခြောက်တွေ အတင်းအဓမ္မ ခြိမ်းခြောက်စိုက်ပျိုးခိုင်းပြီး အခွန်ကောက်ယူ၊ ထွက်ရှိတဲ့ဘိန်းတွေကို ရောင်းဝယ်ခြင်းတွေ ပြုလုပ်လာကြပါတယ်။

ဒီတော့  UNODC   အစီရင်ခံစာပါ ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတဲ့ ဧရိယာတွေက NUG/ PDF အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချို့ အကြမ်းဖက်လှုပ်ရှားနေတဲ့ နယ်မြေတွေနဲ့ တိုက်ဆိုင်နေတာက မတော်တဆမှုတော့ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေဟာ နယ်စပ်ဖြတ်ကျော်   ဝိသမလောဘသားမူးယစ်ဂိုဏ်းတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ရရှိလာတဲ့ ငွေမည်းတွေကို လက်နက်ခဲယမ်းများအဖြစ် ပြောင်းလဲနေကြတဲ့ Narco -Terrorism လမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တယ်ဆိုတာကို  နိုင်ငံတကာအနေနဲ့ မျက်ကွယ်ပြုထားလို့မရပါဘူး။

KIA နဲ့ AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့အချို့ဟာ ပါးစပ်ကသာ ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးလို့ အသံကောင်းဟစ်နေပေမယ့် လက်တွေ့မှာ  လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ Narco - Terrorists တွေသာဖြစ်တာကိုတော့ ငြင်းမရနိုင်ပါဘူး။ 

ကချင်ပြည်နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဲ့ နယ်စပ်တစ်လျှောက်မှာ ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတာဟာ KIA  က PDF တွေကို လက်နက်တပ်ဆင်ပေးဖို့ ငွေကြေးရှာဖွေမှုရဲ့ ရလဒ်ဖြစ်ပါတယ်။ AA  အဖွဲ့ကလည်း ရှမ်းပြည်နယ်က တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတို့ကို ပို့ဆောင်တဲ့ မူးယစ်ဆေးဝါးကွန်ရက်ကြီးကို ချုပ်ကိုင်ထားပြီး ဘီလီယံနဲ့ချီတဲ့  အကျိုးအမြတ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လည်ပတ်နေတာကို   ဖမ်းဆီးရမိမှုမှတ်တမ်းတွေကနေ သက်သေပြနေပါတယ်။ 

ဒါကြောင့် UNODC အနေနဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေရဲ့ မူးယစ်ဆေးဝါးနဲ့ နိုင်ငံဖျက်ဆီးနေတာကို မျက်ကွယ်ပြုပြီး နိုင်ငံရေးထိုးနှက်ချက်ပါတဲ့ အစီရင်ခံစာတွေ ထုတ်ပြန်နေမယ့်အစား ပြဿနာရဲ့ အဓိကတရားခံဖြစ်တဲ့ အကြမ်းဖက်သမားတွေကိုဖော်ထုတ်ပြီး ဓာတုပစ္စည်း များ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ ငွေကြေးခဝါချမှု၊ လက်နက်ခဲယမ်း မှောင်ခိုရောင်းဝယ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့ လက်တွဲပြီး ထိရောက်စွာ   တိုက်ဖျက်သင့်တယ်လို့ အသိပေးတိုက်တွန်းလိုပါတယ်။

နိုင်ငံတော်အစိုးရရဲ့ အမျိုးသားရေးတာဝန်အဖြစ် ကြိုးပမ်းမှုများ

     နိုင်ငံတကာရဲ့ ဖိအားတွေ၊ ပိတ်ဆို့မှုတွေကြားကနေ ပြည်ပအကူအညီမပါဘဲနဲ့ ဆင်နွှဲနေရတဲ့ နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို UNODC အစီရင်ခံစာက မျက်ကွယ်ပြုထားတာဟာ အံ့ဩဖွယ်ရာဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ် မိုးဟိန်းစစ်ဆင်ရေးကနေ ယနေ့အထိ ပေးဆပ်ခဲ့ရသော သွေးချွေးတွေနဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း စံချိန်တင်ဖမ်းဆီးရမိမှု ကိန်းဂဏန်းတွေက နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သန္နိဋ္ဌာန်ကို သက်သေပြနေပါတယ်။ 

အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့အချို့ရဲ့    Narco -Terrorism လုပ်ရပ်တွေကိုဖော်ထုတ်ပြီး ဘီလီယံနဲ့ချီတဲ့ မူးယစ်ဆေးဝါး ကွန်ရက်ကြီးကို ဖြိုခွင်းနိုင်ခဲ့တာဟာ နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ     လုံးဝပါဝင်ပတ်သက်မှုမရှိဘဲ အမျိုးသားဂုဏ်သိက္ခာအတွက် တစိုက်မတ်မတ်တိုက်ဖျက်နေကြောင်း ကမ္ဘာကိုအသံတိတ်သက်သေပြနေတာဖြစ်ပါတယ်။

ကိန်းဂဏန်းများက သက်သေပြုနေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေး အရှိန်အဟုန်

    နိုင်ငံတော်အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသန္နိဋ္ဌာန်ကို ဝေဖန်မှုများနဲ့ တိုင်းတာမယ်ဆိုရင်တောင်  လက်တွေ့ဖမ်းဆီးရမိမှု     မှတ်တမ်းတွေကတော့ အကောင်းဆုံးသက်သေဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ်  တစ်နှစ်တာအတွင်းမှာပင် ဘိန်း ၁၃၆၆ ကီလိုကျော်၊ ဘိန်းဖြူ ၂၁၇၈ ကီလိုကျော်၊ စိတ်ကြွဆေးပြား သန်း ၂၄၀ နီးပါး၊ အိုက်စ် ၂၃ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနဲ့ ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၆၃ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃၄၉ သန်းကျော်)ကို ဖမ်းဆီးဖျက်ဆီးနိုင်ခဲ့တာဟာ သာမန်ကာလျှံကာ   လုပ်ဆောင်ချက် မဟုတ်ပါဘူး။  ဒါ့အပြင် ၂၀၂၅ ခုနှစ် ၁၁ လတာကာလအတွင်းမှာလည်း  ဘိန်း ၁၁၄၀ ကီလိုကျော်၊  ဘိန်းဖြူ ၁၇၆၇ ကီလိုကျော်၊ စိတ်ကြွဆေးပြား သန်း ၂၉၀ ကျော်နဲ့ အိုက်စ် ၃၁ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများနဲ့  ဆက်စပ်ပစ္စည်း စုစုပေါင်းတန်ဖိုးငွေကျပ်  ၁၂၅၉ ဘီလီယံကျော်  (အမေရိကန်ဒေါ်လာ ၃၇၈ သန်းကျော်)ကို  ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေက  တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး    စစ်ဆင်ရေးတွေ       တစ်နှစ်ထက်တစ်နှစ် ပိုမိုထိရောက်လာတာကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ နှစ်စဉ်  ဇွန်လ ၂၆ ရက်နေ့မှာ ရန်ကုန်၊ မန္တလေးနဲ့   တောင်ကြီးမြို့ကြီးတွေမှာ ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေကို နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လူသိရှင်ကြား မီးရှို့ဖျက်ဆီး    ပြသနေတာကလည်း နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ယုံကြည်ချက်ကို ကမ္ဘာကမြင်သာအောင် သက်သေထူလျက်ရှိပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အကြမ်းဖက်တန်ပြန်နှိမ်နင်းရေး (Counter Terrorism Operation) ကို အလေးထားလုပ်နေရသလို နိုင်ငံတော်အစိုးရနဲ့ မြန်မာ့တပ်မတော်တို့ဟာ လူသားမျိုးနွယ်အပေါ်မှာ  အညွန့်တုံးစေမယ့် ဘိန်းခင်းတွေဖျက်ဆီးရေးကို  မေ့လျော့ထားခြင်းမရှိဘဲ အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ခံယူပြီး ကြိုးပမ်းတိုက်ဖျက်လျက်ရှိပါတယ်။ ၂၀၂၁-၂၀၂၂ ခုနှစ်မှ ၂၀၂၄-၂၀၂၅ ခုနှစ်အထိ ၄ နှစ်တာ ဘိန်းစိုက်ရာသီကာလအတွင်း ရှမ်း၊ ကချင်၊ ကယား၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာရှိတဲ့ ဘိန်းခင်း ဟက်တာပေါင်း ၈၀၀၀ ကျော်ကို လုံခြုံရေးအခက်အခဲများကြားက နိုင်ငံတော်အနေနဲ့ အသက်သွေးချွေးပေါင်းများစွာ ရင်းနှီးပေးဆပ်ပြီး ဖျက်ဆီးနိုင်ခဲ့တာကို စာရင်းဇယားများက အခိုင်အမာပြသနေပါတယ်။ ၂၀၂၅ ခုနှစ်လိုမျိုး စိန်ခေါ်မှုများပြားတဲ့ကာလမှာလည်း ဘယ်လိုပင်အခက်အခဲ ရှိပါစေ ဘိန်းခင်းတွေကို အားသွန်ခွန်စိုက် ဆက်လက်ရှင်းလင်းနေတာက လူသားထုရဲ့အနာဂတ်အတွက်    နိုင်ငံတော်အစိုးရအနေနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေတယ်ဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။ 

ဓာတုပစ္စည်း (Precursors) ပြဿနာ

     နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကို ဓာတုမူးယစ်ဆေးဝါး (Synthetic Drugs) ထုတ်လုပ်ရာ ဗဟိုချက်အဖြစ်ပါ လက်ညှိုးထိုးနေကြပေမယ့် မဖြစ်မနေသိထားရမယ့် ပကတိအမှန်တရားတစ်ခုကိုတော့ မေ့လျော့နေကြပါတယ်။ အဲဒီအချက်ကတော့ စိတ်ကြွဆေးပြား(WY)ICE နဲ့ Ketamine လိုမျိုး မူးယစ်ဆေးဝါးတွေထုတ်လုပ်ဖို့ မရှိမဖြစ်လိုတဲ့ ဓာတုပစ္စည်း(Precursors) တွေကို မြန်မာနိုင်ငံက လုံးဝ(လုံးဝ) ထုတ်လုပ်နိုင်စွမ်း မရှိပါဘူး။ လက်တွေ့မြေပြင်မှာ   ဒီဓာတုပစ္စည်းတွေဟာ အိမ်နီးချင်းနိုင်ငံကြီးတွေကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက စီးဝင်လာတဲ့ ဒီဓာတုပစ္စည်းတွေဟာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့ လှုပ်ရှားနယ်မြေဒေသတွေကို ရောက်ရှိသွားပြီး ပြည်ပ ပညာရှင်တွေရဲ့အကူအညီနဲ့ ဓာတုမူးယစ်ဆေးဝါး အဖြစ် အသွင်ပြောင်း သွားကြတာဖြစ်ပါတယ်။ ဒါကြောင့်  နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံကနေ ဓာတုမူးယစ်ဆေးဝါးတွေ အများအပြား ထွက်နေပါတယ်လို့ ရလဒ်ကိုသာကြည့်ပြီး စွပ်စွဲပြစ်တင်ဝေဖန်နေမယ့် အစား   ဒီမူးယစ်ဆေးဝါးတွေ ဖြစ်လာဖို့ ကုန်ကြမ်းတွေဝင်ရောက်နေတဲ့ လမ်းကြောင်းများကို  ထိန်းချုပ်ပေးဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်အစိုးရ တစ်ခုတည်းကသာ အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ နယ်စပ်ဒေသတွေမှာ  ပိတ်ဆို့ကြပ်မတ်နေရုံနဲ့ ဒီပြဿနာကိုဖြေရှင်းလို့ မရနိုင်ပါဘူး။ 

ဒီပြဿနာမြစ်ဖျားခံရာ   ဓာတုပစ္စည်း ထုတ်လုပ်တဲ့ နိုင်ငံတွေအနေနဲ့ မိမိတို့ပို့ကုန်တွေကို လမ်းကြောင်းလွဲ၍ မရောက်ရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပူးပေါင်းထိန်းချုပ်နိုင်မှသာ ဒီမူးယစ်စက်ဝန်းကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဓာတုပစ္စည်း (Precursors)တွေကို  မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေထံ လမ်းကြောင်းလွဲ မရောက်ရှိအောင် နိုင်ငံတော်အစိုးရနဲ့ ဘယ်လိုပူးပေါင်း ထိန်းချုပ်ပေးကြမလဲဆိုတဲ့ မေးခွန်းကိုသာ  ဦးစွာအဖြေရှာ သင့်ပါတယ်။

လက်ညှိုးထိုးသူတို့၏ မျက်ကွယ်ပြုမှုနှင့် အရေးယူပိတ်ဆို့မှုများ(Sanctions)၏ အကျိုးဆက်နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အနောက်အုပ်စုကနေ  မြန်မာနိုင်ငံကို ချမှတ်ထားတဲ့  စီးပွားရေးပိတ်ဆို့မှု(Sanctions)” တွေက လက်တွေ့မှာမူးယစ်ဆေးဝါးပြဿနာကို ငြှိမ်းသတ်ပေးမယ့်အစား ပိုမိုတောက်လောင်စေတဲ့ လောင်စာဆီဖြစ်နေတာဟာလည်း  ခါးသီးတဲ့ အမှန်တရားဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းမှုနဲ့ ဆင်းရဲမွဲတေမှုတို့က ရိုးသားတဲ့ တောင်သူတွေကို ဝမ်းစာအတွက် မလွှဲမရှောင်သာ ဘိန်းခင်းများဆီသို့ ဦးလှည့်စေခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အစားထိုးဖွံ့ဖြိုးရေး    (Alternative Development) အကူအညီတွေကို ဖြတ်တောက်လိုက်တာကလည်း တောင်သူတွေကို အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့   သားကောင်ဖြစ်စေဖို့ တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။

ဒါကြောင့် UNODC လိုအဖွဲ့အစည်းတွေ အနေနဲ့ စာရွက်ပေါ်မှာသာ စိုးရိမ်ပူပန်ကြောင်း မှတ်တမ်းတင်ပြီး လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့  ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ တုပ်နှောင်ထားပြီးမှ မင်းတို့ဆီမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေ တိုးလာပြီလို့ လက်ညှိုးထိုးစွပ်စွဲနေတာဟာ တရားမျှတမှုကင်းမဲ့ရာကျပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ အမှန်တကယ် စိတ်ပူတယ်ဆိုရင် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာနဲ့ ဘဏ္ဍာရေး အထောက်အပံ့တွေကို  လက်တွေ့ကျကျပံ့ပိုးပေးမှသာ ဒီမူးယစ်ဆေးပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်တယ်ဆိုတာကို  သတိချပ်စေလိုပါတယ်။

အပြစ်တင်ခြင်းထက် လက်တွေ့ကျသည့် လူသားချင်းစာနာ ထောက်ထားမှုဆီသို့ နိုင်ငံတကာအသိုင်းအဝိုင်းက မူးယစ်ဆေးဝါးပြဿနာအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် နိုင်ငံတော်အစိုးရအနေနဲ့ ဘိန်းခင်းများကို အင်အားသုံးဖျက်ဆီးရုံသက်သက်မဟုတ်ဘဲ အစားထိုးဖွံ့ဖြိုးရေးနဲ့ လူသားအရင်းအမြစ် ပြန်လည်ပျိုးထောင်ခြင်းကိုပါ ၂၀၂၁-၂၀၂၆ စီမံချက်များနဲ့ အကောင်အထည်ဖော်လျက်ရှိပါတယ်။

ရှမ်း၊ ကချင်၊ ကယားနဲ့ ချင်းပြည်နယ်တို့လို ဒေသတွေနဲ့ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှာ ဘိန်းအစားထိုးနှစ်ရှည်သီးနှံ၊ ဆိုလာစွမ်းအင်နဲ့ မွေးမြူရေး နည်းပညာများကို အစားထိုးပေးအပ်ပြီး တောင်သူတွေရဲ့ လူနေမှုဘဝကို    မြှင့်တင်ပေးလျက်ရှိပါတယ်။

ဒါ့အပြင် လမ်းမှားရောက်ခဲ့သူများအတွက်လည်း နိုင်ငံတစ်ဝန်းရှိ ကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနဲ့ မက်သာဒုံးဆေးခန်းပေါင်း ၁၇၀  ကျော်ဖွင့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခမဲ့နီးပါးပေးအပ်နေပါတယ်။ ပြန်လည်ထူထောင်ရေးစခန်းတွေ  ဖွင့်လှစ်ပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်များနဲ့ လူ့အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ဆံ့စေလျက်ရှိပါတယ်။ ဒီလုပ်ရပ်တွေက နိုင်ငံတော်ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ပြသနေခြင်းဖြစ်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့ အဝေးမှဝေဖန်နေမယ့်အစား နည်းပညာနှင့် ဖွံ့ဖြိုးရေးကဏ္ဍများတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ပြီး ပိုမိုနီးကပ်စွာ  လက်တွဲကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက်

     နိုင်ငံတကာနဲ့    ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေနဲ့မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာမှာ အပြစ်တင်ဝေဖန်နေရုံနဲ့ခရီးမရောက်နိုင်ဘဲ   အမှန်တရားကို ရှုမြင်သုံးသပ်ခြင်း ဖြင့်သာ အဖြေရှာနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ ပေါ်ပေါက်လာတဲ့ NUG/PDF  နဲ့ EAOs  တို့ရဲ့  Narco-Terrorism (မူးယစ်ဆေးဝါးနဲ့ဆက်စပ်သော အကြမ်းဖက်မှု)လုပ်ရပ်များကို မျက်ကွယ်မပြုသင့်တဲ့အပြင် သူတို့ကိုထောက်ပံ့တာဟာလည်း  မူးယစ်ဆေးထုတ်လုပ်မှုကို သွယ်ဝိုက်အားပေးရာ ရောက်ကြောင်း သတိပြုသင့်ပါတယ်။ 

ဒါ့အပြင် ပြည်သူလူထုရဲ့ စားဝတ်နေရေးကို ကျပ်တည်းစေပြီး ဘိန်းစိုက်ပျိုးမှုကို   တွန်းအားပေးသကဲ့သို့ဖြစ်စေတဲ့ စီးပွားရေးပိတ်ဆို့မှုများကို လျှော့ချကာ အစီရင်ခံစာများ   ထုတ်ပြန်ခြင်းထက် နည်းပညာနဲ့ သတင်းအချက်အလက် ဖလှယ်ခြင်းလိုမျိုး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးသင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံများအနေနဲ့လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်သုံးသည့် ဓာတုပစ္စည်းများကို မိမိတို့ဘက်မှ စတင်ထွက်ခွာကတည်းက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပေးကြပါရန် မေတ္တာရပ်ခံလိုပြီး လူသားအားလုံး၏ ဘုံရန်သူ ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရနှင့်လက်တွဲ၍   ဟန်ချက်ညီညီ တိုက်ဖျက်သွားကြဖို့  မေတ္တာရပ်ခံလိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့  မူးယစ်ဆေးဝါး အန္တရာယ်ကို နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို ထိခိုက်စေသော အဓိကရန်သူအဖြစ်  သတ်မှတ်ထားပါတယ်။ နိုင်ငံတကာက အကူအညီပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရဲ့ မူးယစ်ဆေးဝါးမှရရှိတဲ့ ငွေကြေးနဲ့ အကြမ်းဖက်မှုများကိုပုံဖော်နေတာကို ထိရောက်စွာဟန့်တားနိုင်ဖို့၊ ကမ္ဘာ့လူသားထုကို  မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအနေနဲ့   နိုင်ငံတော်အစိုးရအပေါ်မှာ  နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့  ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ဒီကမ္ဘာ့ရန်သူဆိုးကို ပိုမိုထိရောက်မြန်ဆန်စွာ တိုက်ဖျက်နိုင်မှာဖြစ်တယ်ဆိုတာကို  ကိန်းဂဏန်းများ  နောက်ကွယ်က မျက်ကွယ်ပြုခံရတဲ့  အမှန်တရားအဖြစ်   သတင်းစကားပါးအပ်ပါတယ်။     ။

1

MWD